www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 20, 2016

မုဒိတာအရောင်ဖျော့ဖျော့


မုဒိတာအရောင်ဖျော့ဖျော့

( မဒါလေး )

ခေါက်သိမ်းထားသော အဖြူအစိမ်း ဝတ်စုံများကို တစ်ထည်ချင်း ထုတ်ကြည့် နေမိသည်။ နောက်တစ်နှစ်တွင် အဖြူအစိမ်း ဝတ်စရာ မလိုဘူးဟု သူ့စိတ်တွင် ဆုံးဖြတ်ပြီးသား ဖြစ်သဖြင့် အသေအချာ ခေါက်သိမ်းထားခြင်း ဖြစ်သည်။ အမှန်တကယ် ပြန်ဝတ်စရာ မလိုအောင် သူကြိုးစားခဲ့သည်။ သို့အတွက် ကြိုးစားရ ကျိုးလည်းနပ် ခဲ့သည်။ သူ၏ အဖြူအစိမ်း ဝတ်စုံများသည် သူများကိုပေး၍ မကောင်းအောင် နွမ်းနေပြီ ဖြစ်သည်။ ရှစ်တန်းနှစ် ကတည်းက အမေချုပ်ပေး ခဲ့သော ဝတ်စုံ သုံး၊ လေးစုံမှာ ဆယ်တန်းထိ ဝတ်နေရဆဲ ဖြစ်သည်။  သူ မဝတ်ချင် တော့ပါ။ နွမ်းနေသဖြင့် အဖြူရောင်မှ ညိုညစ်ညစ် ဘက် သန်းနေသော အင်္ကျီအဖြူများကို မြင်တိုင်း သူစာထဲတွင်သာ စိတ်ကို စူးစိုက်ထား လိုက်သည်။ နောက်တစ်နှစ် ဤအဝတ်အစား များကို သူလုံးဝ မဝတ်ချင်ပါ။ သူများနည်းတူ သူဝတ်ကောင်း စားလှလေးများ ဆင်ယင်ပြီး  ကျောင်းတက် ချင်သည်။ ကျောင်းတက်ခြင်း၏ လွတ်လပ် ပျော်ရွှင်ခြင်းကို သူအပြည့်အဝ ခံစားချင်မိသည်။  

အဖေနှင့်အမေ၏ ဝင်ငွေဖြင့်  ရပ်တည် နေရသော သူတို့  မိသားစုတွင် အပိုဟူသည်မှာ လူများသာ ဖြစ်ပေလိမ့်မည်။ အလုပ် မလုပ်နိုင်ဘဲ ပိုနေသော သူများမှာ သူနှင့် မောင်လေး၊ ညီမလေး များသာရှိသည်။ သူတို့ကို အပိုဟု သဘောမထားဘဲ ရတနာအလား ထိန်းသိမ်း စောင့်ရှောက် ခဲ့သည့် အဖေနှင့်အမေ ကို မြင်တွေ့ရတိုင်း သူ့စိတ်များ ကျောင်းခန်းနှင့် ဝေးရာကို လွင့်ထွက် သွားဖူးသည်။ သို့ သော် အပိုလူ နောက်ထပ် ဆက်မလုပ် နိုင်သဖြင့် သူပညာရေးကို အထူးကြိုးစား ခဲ့သည်။ ဆယ်တန်းကို ဆေးတက္ကသိုလ် တက်နိုင်သည် ထိ  သူအမှတ် များများနှင့် အောင်သည်။ အခြား သူငယ်ချင်းများ   နည်းတူ ကိုယ်တက် ချင်သော အသက်မွေး ဝမ်းကျောင်း ပညာသင် သည့် တက္ကသိုလ်ကြီး များတွင် တက်ရောက် သင်ယူလိုသည်။ သို့သော် တစ်ဖက်မှ အဖေနှင့်အမေ ကိုလည်း သူပြန်ကြည့်ရ ပေဦးမည်။ အဖေ က သူတက်ချင်သည့် ကျောင်းကို တက်ရန် ပြောသော်လည်း အမေက ရေရှည် အတွက် အဆင်ပြေမည့် ကျောင်းကိုသာ ရွေးချယ်ရန် ပြောသည်။ 

ရွေးရင်းရွေးရင်း နှင့်ပင် အသက်မွေး ဝမ်းကျောင်းခြင်း အတူတူ ဝတ်စုံဖြင့် တက်ရသော ကျောင်းကို ရွေးရန် အားလုံး ဆုံးဖြတ် လိုက်ကြသည်။ အမေက အခြားအရာ များအတွက် တတ်နိုင်အောင် ကြိုးစား ပေးမည်။  ဝတ်စုံအတွက် ပါဆိုလျှင်  ပိုပြီး အခက်တွေ့ နိုင်သောကြောင့် ဘာပဲဖြစ်ဖြစ် တစ်ခု သက်သာလည်း သက်သာဟု ဆိုကာ အခြား ကျောင်းကို တက်စေချင်သည် ဟုဆိုသည်။ အဖေက သူတက်ချင်သည့်  ဆေးတက္ကသိုလ်ကို တက်စေချင်သည်။ ''ဝတ်စုံအတွက်နဲ့ ကတော့ ထူးမနေတော့ ပါဘူးကွာ'' ဟု အဖေပြောသော စကားကို အမေက'' ဘာလို့ မထူးရမှာလဲရှင်။ အခုခေတ်က အသစ်အဆန်းတွေ ပေါပါဘိနဲ့။ သူများနည်းတူ မဝတ်ရရင် လူကပိုပြီး ပျက်စီးလွယ်တယ်'' ဟု ပြန်ချေပ သည်။ အမေ ပြောသည်လည်း ဟုတ်သည်။ မောင်ညီမလေး များ၏ ပညာရေးနှင့် သူ၏ ရှေ့ခရီးအတွက် အဖေနှင့်အမေ သည် ပိုပင်ပန်း ရမည်ဖြစ်သည်။ အစားအသောက် ကို ပုံမှန်စားနိုင် သောက်နိုင်သော မိသားစု ဘဝတွင် ပညာရေး စရိတ်အပြင် အဝတ်အထည် အတွက် အပို အကုန်မခံ နိုင်သည်ထက် အကုန်မခံ လိုသော အကြောင်းပြချက် များက များစွာရှိသည်။  ကိုယ့်ဝမ်းနာ ကိုယ်သာ သိသောကြောင့် ရေရှည်တွင် ကိုယ်တိုင် စဉ်းစားသည်မှာ သူတို့ မိသားစုအတွက် အမှန်ဆုံး ဖြစ်ပေလိမ့်မည်။ 

သူဆယ်တန်း အောင်စဉ်က ဝိုင်းဝန်းကာ ချီးကျူး ထောမနာပြု ခဲ့သော အရပ်ထဲမှ လူအချို့က သူကို  ဆေးတက္ကသိုလ် သို့ တက် စေချင်သည်။ သူ့ပညာရေး အတွက် သူတို့လည်း လက်လှမ်းမီ သရွေ့ ကူညီပံ့ပိုး ပေးမည်ဟု ပြောဖူးသည်။  အချို့ကလည်း သူတို့ကိုယ်တိုင် အောင်သကဲ့သို့ သူထက်ပင် ပိုပျော်ရွှင် နေကြသည်။ အချို့က သူကို     ဂုဏ်ပြုဆုချ ကြသည်။ အချို့က ကိုယ်တိုင် မကူညီနိုင် သော်ငြား လူမှုရေး အဖွဲ့အစည်း အချို့ကို အကူအညီ တောင်းကြည့်ရန် အကြံပြုကြ သည်။ အချို့က ပညာသင်စရိတ် အဖြစ် လစဉ်ပံ့ပိုး ကူညီမည်ဟု ပြောသည်။ တစ်စတစ်စ အချိန်လွန် လာသည်နှင့် တက္ကသိုလ် တက်ရန် နီးလာသည်။ အစောက ပြောခဲ့သော မုဒိတာ စကားများသည် တဖြည်းဖြည်း လျော့နည်း လာသည်။  အချို့ မမြင်ချင် ယောင်ဆောင် သွားကြ သည်။ အချို့ ဘာသိဘာသာ နေသွားကြသည်။ အားလုံးသည် သူတို့ နှင့် လုံးဝ မဆိုင်သော အတိတ်က အကြောင်း အရာများ ဖြစ်သွားကြ လေပြီ။ အချို့ စကားစ ရှိသူများကို ရင်းနှီးသဖြင့် အမေက အခြေအနေ မေးစမ်းကြည့်သည်။ ''ကလေးက အလုပ်မလုပ် ဘူးလား။ ကျောင်းပဲ တက်မှာလား။ ကိုယ်နဲ့ သင့်တော်တဲ့ ကျောင်းလေးပဲ တက်ပြီး အလုပ်ပဲ လုပ်ခိုင်းပါလား။ ဘွဲ့ရလဲ အလုပ်ရဖို့ မသေချာပါဘူး '' စသဖြင့် လေသံများ ပြောင်းသွား ခဲ့သည်။ 

အချို့ ယခင်က ပြောခဲ့သော မုဒိတာ စကားများနေရာတွင် ငွေကြေး မပြည့်စုံသဖြင့် ဆယ်တန်းအောင် ခဲ့ခြင်းက အပြစ်တစ်ခု အလား ပြောဆို နေကြသည်။ တစ်ချိန်က စူးစူးရဲရဲ အူလှိုက် သည်းလှိုက် ဝမ်းသာ မျက်လုံးများ အစား သနားစရာ သတ္တဝါ တစ်ကောင်ကို ကြည့်သည့် အရောင်မှိန် မျက်လုံးများနှင့်  နှုတ်ခမ်း ဖျော့ဖျော့များက နေရာယူထား ကြသည်။ အမေ၏ မရှက်မကြောက် မေးမြန်းခန်းတွင် ထိုသူတို့ ကျရှုံးခဲ့ခြင်းက  သူ့အတွက် အောင်မြင်မှု လမ်းစ ပွင့်သွားသည်ဟု  ဆိုရမည် ဖြစ်သည်။ နောက်ဆုံးတွင် အမေက  ကိုယ့်အားကိုယ်ကိုး ရမည့် အခြေအနေတွင် ကိုယ်တိုင် လက်ခံရခြင်းက အကောင်းဆုံး ဖြစ်သည်ဟု ပြောကာ အဖြူနှင့် အပြာ ဝတ်ဆင်ရသည့် ကျောင်းကို ရွေးချယ် ဆုံးဖြတ် လိုက်ကြသည်။ တကယ်တမ်း လူ့လောက လူ့ဘဝ တွင် ထမင်းတစ်နပ် အတွက် မလွယ်ကူသော လူများစွာ ရှိနေသည်။ ထမင်းတစ်နပ် အပြင် အခြား အပိုအတွက် ငွေငါးကျပ်၊ တစ်ဆယ်ကျပ် ပင် မသုံးနိုင် သူများလည်း အများအပြား ရှိသည်ကို သူ့ပတ်ဝန်းကျင် တွင် သူမြင်တွေ့ နေရသည်။ ငယ်စဉ်က ထမင်းတစ်နပ် စားသည်က မဆန်း၊ လူများ အသက်ရှင် နေထိုင်ရာတွင် ခက်ခဲသော အလုပ်မဟုတ် ဟု သူနားလည် ခဲ့သည်။ တကယ့် လက်တွေ့တွင် မလွယ်ကူသော အဖြစ်များ အများကြီး ရှိသည်ကို အရွယ်ရမှ သူပိုသိ လာသည်။ 

အဖေနှင့် အမေက ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည် ရခြင်း၏ အရသာကို နောင်တစ်ချိန်  သမီး ကောင်းကောင်း နားလည်လာ ပါလိမ့်မည် ဟု     ပြောကာ အရာရာကို မိသားစု အတူတကွ အကောင်းဆုံး ကျော်ဖြတ် ရန် အားပေးစကား ပြောသည်။ ကျောင်းဖွင့်စတွင် ကုန်ကျစရိတ် များသောကြောင့် ဝတ်စုံအတွက် နေရာမပေး နိုင်ပေ။ သို့အတွက် အဖြူနေရာတွင် ဆယ်တန်းက ဝတ်ခဲ့သည့် အဖြူလေးများက ခဏတာဝန်ယူ ရပေဦးမည်။ ခေါက်ရိုးကျိုး နေသော အဖြူရောင် ဖျော့ဖျော့ အင်္ကျီလေး များကို အသာအယာ ထုတ်ရင်း  ကျောင်းအပ်ပြီးလျှင် အခြေအနေ ကြည့်ကာ ချုပ်ပေးမည်ဟုဆိုသော အမေ့ထံမှ အင်္ကျီအသစ် လေးကို ရင်ခုန်စွာဖြင့် သူ မျှော်လင့်မိ သည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page