www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 20, 2016

ရန်ကုန်မြို့တော် နှင့် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပွားရခြင်း အဖြာဖြာ



ကိုကြီးစိုး (ဆိပ်ကမ်း)

ရန်ကုန်မြို့တော်ကြီး တွင် ယာဉ်ကြော ကျပ်တည်းမှုများ နေ့စဉ် ဖြစ်ပေါ်လျက်ရှိရာ ယာဉ်ကြော ကျပ်တည်းမှုနှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ အဆင်ပြေစေရန် ဆောင်ရွက် နေသော တာဝန်ရှိသူများ အနေဖြင့် စည်းကမ်း ကြပ်မတ်ပြုပြင် နိုင်စေရန် ပြည်သူတစ်ဦး အနေဖြင့် တွေးခေါ်မြော်မြင် မိသမျှကို အကြံပြု ရေးသား တင်ပြလိုပါသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၁)

ရန်ကုန်မြို့၌ နေ့စဉ်ပြေးဆွဲ နေသော ခရီးသည်တင် ယာဉ်လိုင်း အများစုမှာ ကားကြီးများဖြစ်သည်။ ထိုကားကြီး များသည် မိမိတို့ ညအိပ်ရပ်နား ဂိတ်ထိုးရန် သတ်မှတ်ကားဝင်း မရှိသည့်အတွက် ယာဉ်သွား လမ်းမများပေါ်တွင် ရပ်တန့် ဂိတ်ထိုး၍ မိမိအလှည့် ကျထွက်ခွာရန် ရပ်နားကြသည်။ ထိုသို့ ရပ်နားသည့်အခါ ကားလမ်းမ၏ တစ်ဖက် တစ်ချက်စီတွင် ယှဉ်၍ ရပ်တန့်ထား ကြပါသည်။ ထိုအခါ ယာဉ်ကြော နှစ်ဖက်ပိတ် သကဲ့သို့ ဖြစ်နေကာ မောင်းနှင်ရာ အလယ် ယာဉ်ကြောမှသာ မောင်းနှင် နိုင်တော့သည်။ ထိုအလယ် ယာဉ်ကြောမှ မျက်နှာချင်းဆိုင် လုယူမောင်းနှင် သည့်အခါ ယာဉ်နှစ်စီး လွတ်အောင် ရှောင်တိမ်း မောင်းနှင်ရင်း ပွတ်တိုက် မိခြင်းများဖြစ်ကာ ယာဉ်ကြော ပိတ်ဆို့၍ နှစ်ဖက် ကားတန်းရှည်ကြီးများ ဖြစ်လာသည်။ ဟွန်းမတီးရ နယ်မြေ ဖြစ်သော်လည်း ဟွန်း တတီတီ တောက်ကြ ပါတော့သည်။ မည်သည့် ကားက ဟွန်းစတီးသည် မသိ၊ ယာဉ်သွားလမ်းများ ပိတ်ဆို့ကာ သယ်ယူ ပို့ဆောင်မှု နှေးကွေးပြီး ယာဉ်ကြော ကျပ်တည်းမှုကို ဖြစ်ပေါ် စေခဲ့သည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၂)

ရန်ကုန်မြို့တွင်း နှင့် မြို့နယ် တချို့တွင် မီးပွိုင့်ဧရိယာ များနှင့် နီးကပ်သော နေရာများ၌ ခရီးသည်တင် ယာဉ်ကြီးများ အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူအတင်အချ ပြုလုပ်ခြင်း၊ ခရီးသည်များအား အချိန်ယူ၍ စောင့်ဆိုင်းခြင်း၊ ဂိတ်ထိုး ရပ်တန့်ခြင်း များသည်လည်း ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်ပါသည်။

ထို့ပြင် မီးပွိုင့် ဧရိယာနှင့် အနီးတွင် ကုန်တင်ယာဉ်များ ကုန်ပစ္စည်း အတင်အချ ပြုလုပ်ကြသဖြင့် မီးပွိုင့်၌ ရပ်ဆိုင်းမောင်း  နှင်ရသည့် ကားများသည် မီးပွိုင့်စိမ်းသည့် အခါ ထိုရပ်တန့် ထားသည့် ယာဉ်များကို ရှောင်ကွင်း မောင်းနှင်ရသဖြင့် ယာဉ်မောင်း နှင်မှု နှေးကွေးပြီး ယာဉ်စီးရေ အနည်းငယ်သာ မီးစိမ်းကို ဖြတ်သန်းနိုင်ကြ ပါသည်။ တချို့ယာဉ် များမှာ မီးနီနှစ်ကြိမ်၊ သုံးကြိမ်မိ၍ ကားတန်းရှည်ကြီး များဖြစ်ပေါ်ပြီး ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်သည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၃)

ရန်ကုန်မြို့၏ အချက်အချာ ကျသော နေရာများသည် မြို့နေ ပြည်သူလူထု အတွက် မဖြစ်မနေ ဝင်ထွက်သွားလာ ဖြတ်သန်း နေရသည့် နေရာများ ဖြစ်သည်။ နေ့စဉ် နေ့ရော ညပါ စည်ကားနေသည့် နေရာများ ဖြစ်သဖြင့် လမ်းဘေး ဈေးသည်တို့၏ စီးပွားဖြစ်ရာ ဈေးကွက် တစ်ခုလည်း ဖြစ်သည်။ ယခင်က ခေါင်းရွက်ဗျပ်ထိုး၊ ဆိုင်းထမ်း ဈေးသည် များကို မြို့တော်စည်ပင် က ပလက်ဖောင်း ကျူးကျော် စည်းကမ်းမဲ့ ဈေးသည် အဖြစ် ဖမ်းဆီးရှင်းလင်း ခဲ့သည်။ ယခုအခါ ထိုပလက် ဖောင်း လမ်းဘေး ဈေးသည် ခေါင်းရွက်၊ ဆိုင်းထမ်း တစ်ခုံတစ်နိုင်တို့ မရှိကြတော့ပါ။ ထိုဈေးသည်များ နေရာတွင် လူသွားလမ်း ပလက်ဖောင်း ပေါ်၌ လူတစ်ယောက် လျှောက်လမ်းတောင် မရှိတော့ဘဲ ပလက်ဖောင်း တွင်မက ယာဉ်သွား ကားလမ်းမပေါ် အထိ အမိုးများ၊ စားပွဲ ကုလားထိုင် များခင်းကျင်း၍ ကြော်လှော် ချက်ပြုတ် ရောင်းချနေ ကြသည့်ဆိုင် များမှာ လိုင်စင် ရထားသကဲ့သို့ ဖြစ်နေသည်။ စားသုံးသူ များကလည်း စည်းကမ်းမဲ့စွာ ကားလမ်းမ စားပွဲဝိုင်းများတွင် ယာဉ်အန္တရာယ် ကိုမမှုဘဲ ဟိုတယ်ဆိုင်ခန်း များ၌ စားသောက် နေသကဲ့သို့ စားသောက် နေကြသောကြောင့် ကားများမှာ ယာဉ်ကြော တစ်ဝက်သာ မောင်းနှင်ရသည့် အတွက် တန်းစီ၍ ယာဉ်တန်း ရှည်ကြီးများ ဖြစ်ပေါ်လာပြီး သယ်ယူ ပို့ဆောင်မှုနှင့် ခရီးသွားလာမှု နှောင့်နှေးကာ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်ရသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၄)

ရန်ကုန်မြို့၏ လူနေထူထပ်သော တချို့သော မြို့နယ်များ၌ ဖောက်လုပ် ထားသည့် ယာဉ်သွားလမ်းမ များမှာ ကျဉ်းမြောင်းသည်။ ထိုလမ်းမများ ပေါ်တွင် ခရီးသည်တင် ယာဉ်ကြီးများ ပြေးဆွဲလျက် ရှိသလို ယာဉ်သွားလမ်း နှစ်ဖက်ပေါ်တွင် ကိုယ်ပိုင် ယာဉ်ငယ်များကို ကားပါကင် တစ်ခုသဖွယ် ရပ်တန့် ထားကြသည်။ ထိုလမ်းမများ ပေါ်တွင် ကုန်တင် ဒိုင်နာနှင့် ကားလတ်များ အချိန် ကြာမြင့်စွာ ကုန်အတင်အချ ပြုကြသည်။ ထိုရပ်တန့် ထားသော ကားများကို ခရီးသည်တင် ယာဉ်ကြီးများက လွတ်အောင် ရှောင်ကွင်း မောင်းနှင်ရသဖြင့် ယာဉ်မတော်တဆ ဖြစ်ခြင်းနှင့်အတူ ယာဉ်ကြော ကျပ်တည်းခြင်းများ ဖြစ်ပေါ် လာရသည်။

ယာဉ်ကြောကျပ်တည်းရခြင်း အကြောင်း(၅)

ရန်ကုန်တိုင်း၏ မြို့သစ် စာရင်းဝင် မြို့နယ် များတွင်လည်း ယာဉ်ကြော ကျပ်တည်းမှုများ နှင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်လေ့ ရှိသည်။ မြို့သစ်များ၏ ယာဉ်သွားလမ်းများ ပေါ်တွင် ကွန်တိန်နာ ယာဉ်ကြီးများ၊ သစ်လုံးတင်ကား များ၊ အဝေးပြေး ကုန်တင် ယာဉ်ကြီးများနှင့် ကုန်ပစ္စည်းတင် နောက်တွဲများသည် တစ်နေ့လုံး၊ တစ်ညလုံး ရပ်တန့် ထားသည်။

ထို့ကြောင့် ယာဉ်သွား လမ်းကြော ကျပ်တည်းပြီး မျက်နှာချင်း ဆိုင်ယာဉ်များ တစ်ဖက်နှင့် တစ်ဖက် ဖြည်းလေးစွာ ပွတ်ကပ်ရှောင်ရှား မောင်းနှင်ကြရ သဖြင့် ယာဉ်ကြော ကျပ်တည်းခြင်း နှင့် ယာဉ် မတော်တဆ ပွတ်တိုက်မိခြင်း တို့ ဖြစ်ပေါ်ရသည်။

အချုပ်အားဖြင့် ဆိုရသော် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စည်းကမ်းမဲ့ ရပ်တန့်သည့် ကွန်တိန်နာ၊ သစ်လုံးတင်ကား၊ ကုန်တင်ကား များနှင့် ကိုယ်ပိုင်ယာဉ် များကို လိုအပ်သလို ထိန်းသိမ်း ကြပ်မတ်ခြင်း၊ ခရီးသည်တင် ယာဉ်လိုင်းများကို ဂိတ်ဝင်းများ (ကားဝင်းများ) ဖော်ဆောင်ပေးခြင်း၊ စီးပွားဖြစ် ရောင်းချနေသော စည်းကမ်းမဲ့ ဆိုင်တန်းများ၊ ပလက်ဖောင်း လူသွားလမ်းနှင့် ယာဉ်သွားလမ်း ပေါ်သို့ခွ၍ ဆိုင်ခင်း ရောင်းချခြင်း များကို စီမံချက်ချမှတ် ပညာပေး၍ လွတ်ကင်းသော ဈေးရောင်း နယ်မြေ (လဟာပြင် နေ့- ညဈေး) များ ဖော်ဆောင်ပေးခြင်း၊ ကုန်တင်ယာဉ်၊ ကွန်တိန်နာယာဉ် နှင့် နောက်တွဲယာဉ် များအား ယာဉ်သွားလမ်းမ များပေါ်၌ နေ့၊ ည ရပ်နားခြင်း များကို စိစစ်ကြပ်မတ် ပေးခြင်းဖြင့် ယာဉ်ကြော ကျပ်တည်းမှုနှင့် သယ်ယူ ပို့ဆောင်မှု အဆင်ပြေရေး တို့ကို အထိုက်အလျောက် ဖြေလျှော့ နိုင်လိမ့်မည်ဟု ထင်မြင်ယူဆ ပါကြောင်း အကြံပြု တင်ပြအပ် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger