China's Air Defense Identification Zone in the East China Sea
( ရှိန်းထက် )
ဂျပန်နှင့် တရုတ် တို့သည် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်က အရှေ့တရုတ် ပင်လယ်ပြင် ထဲရှိ ကျွန်းစုများ အရေးကြောင့် ထိပ်တိုက်တွေ့ဆုံ ခဲ့ကြပြီး နှစ်နိုင်ငံ စစ်ရေး တင်းမာမှု အမြင့်မားဆုံး အနေအထားသို့ ရောက်ရှိခဲ့ ဖူးသည်။ ဂျပန်အခေါ် ဆင်ကာကူ နှင့် တရုတ်အခေါ် ဒိုင်အိုယု ကျွန်းစုများသည် ရေနံ၊ ဓာတ်ငွေ့နှင့် ငါး သယံဇာတ အပါအဝင် သဘာဝ အရင်းအမြစ်များ ပေါများကြွယ်ဝရာ နေရာများ ဖြစ်သည်။ ဒေါ်လာဘီလီယံ နှင့်ချီ၍ တန်ဖိုးရှိသော ယင်းကျွန်းစု များကို တရုတ်တို့က ကြီးထွားလာသော ၄င်းတို့၏ ကမ္ဘာ့ဒုတိယ အကြီးမားဆုံး စစ်တပ် အင်အားကို အသုံးချ၍ အပိုင်ရရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။
ဂျပန်တို့ ရာစုနှစ်နှင့် ချီကာ ထိန်းချုပ်လာသော ကျွန်းစုများကို တရုတ်တို့က သူတို့ ပိုင်ဆိုင်သင့်သည့် ကျွန်းဟု ဆိုသည်။ ပြဿနာ သည် တရုတ် သတင်းစာ တစ်စောင်တွင် ပါသော ဆောင်းပါးတစ်ပုဒ် ကြောင့် စခဲ့ရခြင်း ဖြစ်သည်။ ဆောင်းပါးတွင် တရုတ်တို့ကို မခံမရပ်နိုင် ဖြစ်စေမည့် တရုတ် ကမ်းခြေနှင့် နီးသော တရုတ်လူမျိုးတို့ ပိုင်ဆိုင် သင့်သည့်ကျွန်းကို ဂျပန်တို့က အပိုင်သိမ်းထား သည်ဟု ပါလာခဲ့သည်။ ထိုအချိန်မှ စ၍ တရုတ်တို့က သူတို့နှင့် နီးသည့်အတွက် သူတို့သာ ပိုင်ဆိုင် သင့်သည်ဟု ဆိုကာ စတင် တောင်းဆိုလာ ခဲ့တော့သည်။
A part of the disputed islands in the East China Sea, known as the Senkaku |
Chinese marine surveillance ships patrol the Senkaku- Diaoyu Islands in the East China Sea |
သမိုင်းမှတ်တမ်း များက ဂျပန်တို့သည် ဆင်ကာကူ ကျွန်းစုများကို ၁၈၉၅ ခုနှစ်မှ စတင်ပိုင်ဆိုင် လာခဲ့သည်ဟု ဆိုသည်။ ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်တို့ ရှုံးနိမ့်သော အခါ ဆင်ကာကူ ကျွန်းစုများရော တခြားကျွန်းများ ကိုပါ အမေရိကန် တို့က သိမ်းပိုက် လိုက်သည်။ ဂျပန်တို့ လက်ထဲသို့ ၁၉၇၂ ခုနှစ်ရောက်မှ အိုကီနာဝါ၊ ဆင်ကာကူ ကျွန်းစုများနှင့် တခြားကျွန်း များကို အမေရိကန်က ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သမိုင်းနှင့် ချီ၍ တောင်းဆိုခဲ့သော ကျွန်းပိုင်ဆိုင် ရေးသည် ဒုတိယကမ္ဘာစစ် ထဲတွင် တစ်ဖန်ငြိမ်သက် ခဲ့ပြီး အမေရိကန် တို့က ဂျပန်ကို ပြန်ပေးပြီးသည့် နောက် တစ်ဖန်ပြန်လည် ခေါင်းထောင် လာခဲ့ပြန်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးနောက် အမေရိကန် တို့နှင့် စာချုပ်ကြောင့် ဂျပန်တို့၏ စစ်အင်အား ကန့်သတ်ခံ ရသည်။
၁၉၉ဝ ပြည့်နှစ် နောက်ပိုင်း စစ်အင်အား တောင့်တင်း လာသော တရုတ်တို့ ကမ္ဘာ့သြဇာ ဒုတိယအကြီးဆုံး နေရာသို့ ဆိုက်ရောက်လာ ခဲ့သည်။ ထိုအချိန်တွင် သမိုင်းနောက်ခံ များကို တရုတ်ပြန်လည် တူးဖော် တော့သည်။ တရုတ်တို့က သူတို့ပိုင်သည်ဟု ဆိုကာ ထိုကျွန်းစု များအနီးသို့ စစ်သင်္ဘော များနှင့် တိုက်လေယာဉ် များကို စေလွှတ်ခဲ့သည်။ တရုတ် နျူကလီးယား ရေငုပ်သင်္ဘော များနှင့် ဖျက်သင်္ဘော များသည် ဂျပန်တို့ ကန့်ကွက်နေသည့် ကြားမှ သွားလာခဲ့သည်။ ထို့ပြင် အရှေ့တရုတ် ပင်လယ်ပြင်၌ တရုတ်တို့သည် ဂျပန်အပါအဝင် နိုင်ငံတကာမှ ကန့်ကွက် နေသည့် ကြားမှ လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ် ခဲ့သေးသည်။
ထိုဇုန်မှ ရေဒါဖြန့်ကြက် မှုသည် ဆင်ကာကူ ကျွန်းစုများ အထိပင် ကျယ်ပြန့်မှု ရှိသည်။ လေကြောင်းရန် ကာကွယ်ရေးဇုန် သည် ချုပ်ကိုင်ထားသူ၏ အမိန့်ကို မလိုက်နာလျှင် ပစ်ချခွင့် ရှိသည်။ ထို့ကြောင့် ဂျပန်နှင့် တရုတ်တို့ ထိပ်တိုက် တွေ့ပြီး စစ်ရေးပဋိပက္ခ တစ်ခု အသွင်ဆောင်ရန် အခြေအနေ တစ်ရပ်အဖြစ် သို့ ရောက်ရှိ လာခဲ့သည်။ သို့သော်လည်း အခြေအနေ သည် ၂ဝ၁၄ ခုနှစ် နောက်ပိုင်း တရုတ်တို့ တောင်တရုတ် ပင်လယ်ပြင်ကို အပိုင်ယူရန် ကြိုးစားခဲ့သည့် နောက်ပိုင်း တည်ငြိမ်သွား ခဲ့ပြီး တင်းမာမှုသည် အရှေ့တရုတ် ပင်လယ်ပြင်မှ တောင်တရုတ် ပင်လယ်ပြင် သို့ ပြောင်းလဲသွား ခဲ့သည်။
တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ် (တိုင်ပေ) အပါအဝင် အာဆီယံ လေးနိုင်ငံနှင့် အငြင်းပွား နေသော တရုတ်သည် သူ၏ အရှေ့တရုတ် ပင်လယ်က ထုံးစံအတိုင်း မည်သည့် ကန့်ကွက်မှု ကိုမျှ ဂရုမစိုက်ဘဲ ဆက်လုပ် ခဲ့သည်။ ယခု တောင်တရုတ် ပင်လယ်ပြင် တွင်လည်း အရှေ့တရုတ် ပင်လယ်ပြင် တွင် ၂ဝ၁၃ ခုနှစ်က လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်ခဲ့ သကဲ့သို့ လုပ်ရန် တရုတ်ကြံစည် နေပြန်သည်။
ထိုဇုန်များ သတ်မှတ်ရန် ကိုသာ တရုတ်တို့ အလေးထားနေပုံ ရသည်။ လေကြောင်းရန် ကာကွယ်ရေးဇုန် များ၏ ရေဒါ ဖြန့်ကြက်မှုသည် သတ်မှတ်ထားသည့် အတိုင်းအတာ ထက် သက်ရောက်မှု အဆပေါင်း များစွာ ကျယ်ပြန့်နိုင်သည်။ ထို့ကြောင့် ပိုင်ဆိုင်မှု အငြင်းပွား နေသည် ဆိုသော်လည်း တရုတ်တို့က ထိုနေရာများ၏ လှုပ်ရှားမှုများကို အလုံးစုံ သိနေပြီး သူတို့ပိုင်သလို ဖြစ်နေတော့သည်။
ထို့ကြောင့် လေကြောင်း ကာကွယ်ရေးဇုန် သည် တရုတ်တို့အတွက် နံပါတ်(၁) ဦးစားပေး အစီအစဉ်များ ထဲမှ တစ်ခုဖြစ်ပုံ ရသည်။ နိုင်ငံတကာက ကန့်ကွက်နေသည့် ကြားမှ တောင်တရုတ် ပင်လယ်ပြင်တွင် ထိုဇုန်ကို တည်ဆောက်ရန် တရုတ်တို့ ရှေ့တိုး ဆောင်ရွက် နေသည်။ ထို့ပြင် ရေအောက် သုတေသန စခန်းပင် တရုတ်တို့က တောင်တရုတ် ပင်လယ်ပြင် အောက်တွင် တည်ဆောက် ဦးမည် ဖြစ်သည်။
ယခုတော့ တရုတ်တို့သည် တောင်တရုတ် ပင်လယ်ပြင်တွင် အခြေခိုင်ပြီ ဟု ယူဆထားပုံ ရသည်။ ထို့ကြောင့် အရှေ့တရုတ် ပင်လယ်ဘက် ပြန်ရောက် လာပြန်သည်။ ၂ဝ၁၄ ခုနှစ် နောက်ပိုင်းမှ စ၍ ဂျပန်ရေပိုင်နက် မပြောနှင့် အငြင်းပွားကျွန်းစုများ အနီးသို့ပင် မရောက်လာခဲ့သော တရုတ် စစ်သင်္ဘော များသည် ၂ဝ၁၆ ခုနှစ် ဇွန်လ ဒုတိယပတ်ထဲ တွင် ပြန်လည် ရောက်ရှိ လာခဲ့သည်။
အငြင်းပွား ပိုင်နက်ကိုပင် ကျော်ပြီး ဂျပန်၏ ကမ်းရိုးတန်း ပိုင်နက်ထဲ သို့ပင် အချိန်နှစ်နာရီခန့် ကြာအောင် တရုတ် စစ်သင်္ဘော သွားလာ နေခဲ့သည်။ ထို မတိုင်မီကလည်း တရုတ် နျူကလီးယား ရေငုပ်သင်္ဘော တစ်စင်း ဆင်ကာကူကျွန်းစု အနီးသို့ ရောက်ရှိခဲ့ သေးသည်။ ထို့ကြောင့် ဂျပန်က ဂျပန်နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် သတိပေး ခဲ့သည်။
သို့သော်လည်း တရုတ်က သူတို့ပိုင်နက် တွင် သူတို့ လွတ်လပ်စွာ သွားလာခွင့် ရှိသည် ဟု ချက်ချင်း တုံ့ပြန်ခဲ့သည်။ ဂျပန် ရေပိုင်နက် တွင် သွားလာသည် ဟု ဝန်ခံခဲ့ခြင်း မရှိဘဲ အမေရိကန် တို့က တောင်တရုတ် ပင်လယ်ပြင်၌ လွတ်လပ်စွာ သွားလာခွင့် ရှိ၍ သွားလာသည် ဟု ပေးသည့် ဆင်ခြေအတိုင်း ပြန်ပေးခဲ့သည်။ ထို့ကြောင့် တစ်ကျော့ပြန် အရှေ့တရုတ် ပင်လယ်ပြင် တင်းမာမှု တရုတ် နှင့် ဂျပန်အကြား တစ်ဖန်ပြန်လည် အသက်ဝင် လာပြန်သည်။
တရုတ်အဖို့ လက်ရှိ အခြေအနေ တွင် စစ်မျက်နှာပြင် နှစ်ခုဖွင့် ရတော့မည်။ တောင်တရုတ် ပင်လယ်ပြင် တစ်ခု၊ အရှေ့တရုတ် ပင်လယ်ပြင် တစ်ခုဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်၏ စစ်အာဏာရှင် ဟစ်တလာ စစ်ရှုံးရခြင်းမှာ စစ်မျက်နှာပြင် နှစ်ခုဖွင့်မိ ခြင်းသည် အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု စစ်ရေး ကျွမ်းကျင်သူ များက ဆိုသည်။ ယခု အရှေ့တရုတ် ပင်လယ်ပြင် နှင့် တောင်တရုတ် ပင်လယ်ပြင် တွင် တရုတ်တို့ စစ်မျက်နှာပြင်နှစ်ခုဖွင့် ရတော့မည်။
တရုတ်၏ အားသာချက်မှာ ကမ္ဘာ့ တစ်ဖက်ခြမ်း နယ်မြေများကို စစ်မျက်နှာပြင် နှစ်ခုဖွင့်ရခြင်း မဟုတ်ဘဲ သူ၏နိုင်ငံ နယ်နိမိတ် နှစ်ခုတွင် တစ်ပြိုင်နက် ဖွင့်ရခြင်း ဖြစ်သည်။ ထို့ပြင် ထိုနယ်မြေ နှစ်ခုစလုံး မှာလည်း ခိုင်လုံသည့် စစ်ရေး အခြေအနေ များက ရှိနေပြန်သည်။ ထို့ကြောင့် တရုတ်သည် တောင်တရုတ် ပင်လယ်ပြင် အရေးကို သာမက အရှေ့တရုတ် ပင်လယ်ပြင် အရေးကိုပါ စစ်မျက်နှာပြင် နှစ်ခုကို ဂရုမစိုက်ဘဲ သူ၏ ယုံကြည်ရသော စစ်အင်အားကို တိုးချဲ့နေခြင်း ကြောင့် ဂျပန် နှင့်ပါ ထိပ်တိုက် တွေ့နေခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment