www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 1, 2016

ကျောင်းသားလူငယ်များနဲ့ မူးယစ်ဆေးဝါးအန္တရာယ်



ဒေါက်တာလွင်သန့် (ဆေး-၂)

မူးယစ်ဆေးဝါး ရဲ့အစဟာ ဆေးလိပ် ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားနဲ့ လူငယ်တွေဟာ ဆေးလိပ် သောက်ခြင်းကို လုံးဝရှောင်သင့် ပါတယ်။ ဆေးလိပ် သောက်ခြင်းကြောင့် နှလုံး သွေးကြောကျဉ်း ရောဂါ၊ အဆုတ်ရောဂါ အမျိုးမျိုးနဲ့ အဆုတ်ကင်ဆာ ရောဂါတွေသာ မက တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေကို ပျက်စီးစေနိုင် ပါတယ်။ မူးယစ်ဆေးဝါး ကင်းဝေးအောင် ဆေးလိပ် မသောက်သင့် သလို ဆေးလိပ် သောက်တဲ့ အကျင့်မစွဲ စေဖို့ ဆေးလိပ် သောက်ဖို့ ဆွဲဆောင် လာရင်လည်း ငြင်းပယ်ရမှာ ဖြစ်ပါတယ်။

လူကြီးတွေက ကလေးတွေကို ဆေးလိပ် ဝယ်ခိုင်းခြင်း၊ ဆေးလိပ်မီးညှိ ခိုင်းခြင်းတွေ မလုပ်ခိုင်းသင့် ပါဘူး။ ဆေးခြောက်၊ ရာမ(ခေါ်) စိတ်ကြွ ဆေးပြား၊ ဘိန်းအစရှိတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲဖို့ ဆွဲဆောင် လာရင်လည်း ငြင်းပယ်ရမှာပါ။ စမ်းကြည့်တာမျိုး ကိုလည်း ဝေးဝေး ရှောင်သင့်ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူ တွေနဲ့လည်း ဝေးအောင် နေသင့်ပါတယ်။ ဆေးလိပ်ထဲမှာ ပါတဲ့ ဆေးရွက်ကြီးကို မီးစွဲလောင်တဲ့ အခါ ထွက်လာတဲ့ အငွေ့ထဲမှာ နီကိုတင်းဓာတ်၊ သတ္တုနဲ့ ကာဗွန် မိုနောက်ဆိုက် အဆိပ်ငွေ့ တွေပါဝင်ပြီး နီကိုတင်းဓာတ် ဟာ အဆီစု တွေကို သွေးထဲမှာ များပြား လာစေပါတယ်။ ဒါကြောင့် သွေးခဲခြင်း၊ သွေးကြောနံရံ များ၌ အဆီဓာတ် စုပုံလာကာ နှလုံးသွေးကြော ကျဉ်းရောဂါကို ဖြစ်ပေါ် စေပါတယ်။

ကာဗွန် မိုနောက်ဆိုက် ဓာတ်ငွေ့ ကတော့ အဆုတ်မှ အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြားသို့ သယ်ဆောင်ပေး ပါတယ်။ သွေးနီဥ အတွင်းရှိ ဟေမိုဂလိုဘင် ဓာတ်ကို ပျက်စီး လျော့ပါး စေပါတယ်။ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေ အနက် သေဆုံးမှု အများဆုံး ရောဂါတွေကတော့ နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်ပါတယ်။ ဆေးလိပ်ရဲ့ ဆိုးကျိုးကြောင့် သေဆုံးရသူ ၁ဝ ဦးမှာ ရှစ်ဦးဟာ နှလုံး သွေးကြောကျဉ်း ရောဂါကြောင့် နှလုံး သွေးစီးဆင်းမှု ပြတ်ပြီး သေဆုံး နေရပါတယ်။ ဆေးလိပ် သောက်ခြင်းကြောင့် လူ့သက်တမ်း ကို ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ တိုစေပါတယ်။

ဆေးလိပ်အစ ဖြစ်တဲ့ မူးယစ်ဆေးဝါး၊ စိတ်ကြွ ဆေးဝါးနှင့် ကော်ရှူတဲ့ အလေ့အကျင့်ဆိုး တွေကိုပါ ရရှိစေနိုင် ပါတယ်။ အစာအိမ်နဲ့ အူသိမ်ဦးပိုင်း တွေမှာ အနာတွေ ပိုမို ဖြစ်စေတယ်။ ကိုယ်ဝန်ဆောင် နေစဉ် မိခင်ဆေးလိပ် သောက်ပါက ကလေးပေါင် မပြည့်ဘဲ၊ လမစေ့ဘဲ မွေးဖွားခြင်း၊ လှီခြင်း၊ ကလေးမှတ်ဉာဏ် ချို့ယွင်းခြင်း၊ မွေးပြီးပါကလည်း ကျန်းမာရေး ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်စေနိုင် ပါတယ်။ မိခင်သောက်တဲ့ ဆေးလိပ်ကနေ ကာဗွန် မိုနောက်ဆိုက် ဓာတ်ငွေ့ ဟာ ကလေးဆီကို ချက်ကြိုး (အချင်း) မှတစ်ဆင့် ရောက်ရှိသွားပြီး အောက်ဆီဂျင်ဓာတ် မလုံလောက် သဖြင့် ကလေး ပျက်ကျခြင်း၊ အသေ မွေးဖွားခြင်းနဲ့ မြုံခြင်း တို့ကိုပါ ဖြစ်စေနိုင် ပါတယ်။ 

ဆေးလိပ်ကို အလွန်အကျွံ ဖြစ်စေ၊ နှစ်ပေါင်းများစွာ သောက်သုံးခဲ့ ပါက နာတာရှည် အဆုတ်ရောင်  ရောဂါ၊ အဆုတ်ရဲ့ကျုံ့နိုင်၊ ဆန့်နိုင်တဲ့သတ္တိကို လျော့ပါးစေတဲ့ အဆုတ်ရောင် ရောဂါနဲ့ ချောင်းကြာရှည် ဆိုးခြင်း၊ အဆုတ်တီဘီ ရောဂါ၊ အဆုတ်ကင်ဆာ ရောဂါတို့ ဖြစ်ပွားနိုင်ကာ ကျန်းမာရေး ချို့တဲ့ပြီး လှုပ်ရှား သွားလာမှု အနည်းငယ် ပြုလုပ်ရုံမျှနဲ့ မောပန်း နွမ်းနယ်လာကာ နောက်ဆုံး အသက်သေဆုံး သည်အထိ ဖြစ်ပွား နိုင်ပါတယ်။ 

ဆေးလိပ် အပါအဝင် လေထု ညစ်ညမ်းမှုကြောင့် လူ ၁ဝဝ မှာ ၄ဝ ဟာ အဆုတ်ရောဂါ ရရှိပြီး ဆေးလိပ် သောက်ပါက ၈ဝ ရာခိုင်နှုန်း ပိုမိုဖြစ်စေ နိုင်ပါတယ်။ ဆေးလိပ် သောက်ခြင်းကို e-Cigarette နဲ့ ဖြတ်ခြင်း၊ မျှဝေခံစား နှစ်သိမ့် ဆွေးနွေးခြင်း တွေနဲ့လည်း ဖြတ်နိုင်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger