www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 21, 2016

စစ်ဘက်ဆိုင်ရာ အဆင့်အမြင့်ဆုံး သင်တန်းဖြစ်၍ ကွပ်ကဲမှုပေးထားသော တပ်ဖွဲ့တစ်ခုကို ကောင်းမွန်စွာ ဦးဆောင်ကွပ်ကဲနိုင်ပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များ အောင်မြင်မှု ရရှိအောင် လုပ်ဆောင်နိုင်ရန် လေ့ကျင့်ပေးခြင်းဖြစ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်


နေပြည်တော် ၊ ၂၁-၆-၂၀၁၆

လေ့ကျင့်ရေးသည် တပ်မတော်အတွက် အခရာကျပြီး အရည်အချင်း တိုးတက်အောင် ပြုစုပျိုးထောင် ပေးသည့်နေရာ ဖြစ်၍ အဖြစ်သဘော လုပ်ဆောင်၍ မရကြောင်း ၊ စစ်ဦးစီး တက္ကသိုလ် သည် စစ်ဘက်ဆိုင်ရာ အဆင့်အမြင့်ဆုံး သင်တန်းဖြစ်၍ ကွပ်ကဲမှုပေးထားသော တပ်ဖွဲ့တစ်ခုကို ကောင်းမွန်စွာ ဦးဆောင် ကွပ်ကဲနိုင်ပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များ အောင်မြင်မှု ရရှိအောင် လုပ်ဆောင်နိုင်ရန် လေ့ကျင့်ပေးခြင်း 

ဖြစ်သောကြောင့် သေချာစွာ ဖတ်ရှု ၊ လေ့လာ ၊ လေ့ကျင့် သွားရန် လိုအပ်ပြီး လက်တွေ့ နယ်ပယ်တွင်လည်း အကျိုးရှိစွာ အသုံးချနိုင်ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စစ်ဦးစီး တက္ကသိုလ်  သင်တန်းသား အရာရှိကြီး များအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ကလော တပ်နယ်ရှိ စစ်ဦးစီး တက္ကသိုလ်သို့ ရောက်ရှိ၍ သင်တန်းဆောင်ရှိ အနော်ရထာ ခန်းမတွင် သင်တန်းသား အရာရှိကြီး များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က လေ့ကျင့်ရေးပိုင်း နှင့် ပတ်သက်၍ Standard ဖြစ်အောင် သတ်မှတ် စံချိန်စံညွှန်း များနှင့် ပြည့်မီ ကိုက်ညီရန် အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံမှ စ၍ ကျောင်းအုပ်ကြီး၊ နည်းပြများ စနစ်တကျ ရွေးချယ် တာဝန်ပေးအပ်ခြင်း၊ သင်တန်းသားနှင့် နည်းပြ အချိုးမျှစေရန် စီမံပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ စာသင်ခန်း၊ အိပ်ဆောင်၊ စားရေး၊ နေထိုင်ရေး စသည်ဖြင့် အုပ်ချုပ်မှုဆိုင်ရာ များအား စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ကဏ္ဍ အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း တို့ဖြင့် Standard Army သွားနိုင်ရန် အလှမ်းမီသည့် အခြေအနေ ရောက်ရှိပြီ ဖြစ်ကြောင်း၊ အရည်အချင်း ပြည့်ဝသည့် တပ်မှူးကောင်း များအား လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ တပ်မှူးများ အနေဖြင့် စစ်အတတ် ပညာများကို တတ်မြောက်အောင် လေ့လာ သင်ယူပြီး လက်တွေ့ နယ်ပယ်တွင်လည်း ယင်း အခြေခံ သဘောတရား များကို အကျိုးရှိစွာ လိုက်နာ ကျင့်သုံးရန် လိုကြောင်း၊ စစ်ပွဲများတွင် လည်းကောင်း၊ လက်တွေ့ တာဝန် ထမ်းဆောင် ရာတွင်လည်းကောင်း၊ စစ်အောင်ရာသော အကြောင်းကြီး များနှင့် နှိုင်းယှဉ်သုံးသပ် လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တပ်မတော်တွင် တာဝန်ထမ်းဆောင် နေသမျှ ကာလပတ်လုံး လေ့ကျင့်ရေး ၊ အုပ်ချုပ်ရေး ၊ သက်သာ ချောင်ချိရေး နှင့် စိတ်ဓာတ်ဆိုသည့် တပ်တည်ဆောက်ရေး လုပ်ငန်း တာဝန်ကြီး (၄)ရပ်ကို လုပ်ဆောင် နေရမည် ဖြစ်၍ မိမိ လုပ်ငန်းတာဝန် များကို အမှန်တကယ် နားလည်ပြီး လိုက်နာ လုပ်ဆောင်ရန် လိုကြောင်း၊ လေ့ကျင့်ရေး၏ အခြေခံဖြစ်သော အခြေခံစစ်ပညာာ နှင့် စစ်ရေးပြ တို့အား စနစ်တကျ လုပ်ဆောင်ရန် လိုကြောင်း ၊ အခြေခံ စစ်ပညာ သင်ကြားခြင်း သည် အသက် အန္တရာယ်နှင့် တွေ့ကြုံ ရချိန်တွင် အရေးကြုံပါက သက်လုံ ကောင်းစေရန် သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ စစ်ရေးပြသည် အမိန့် နာခံမှုနှင့် စစ်စည်းကမ်း ကောင်းမွန်မှု၏ အခြေခံပင် ဖြစ်ကြောင်း၊ လောကနီတိတရား အရလည်း စနစ်ကျနသည့် အလေ့အကျင့် ကောင်းများကို ရရှိစေကြောင်း၊ ၄င်းအပြင် တစ်ဦးချင်း လုပ်ကိုင်လို စိတ်မှ အဖွဲ့လိုက် လုပ်ကိုင်လိုစိတ် ၊ ညီညွတ်သည့် အခြေခံစိတ်များ ရရှိပြီး စုစည်း ညီညာစွာ နေထိုင် လုပ်ကိုင်တတ်သည့် မြန်မာဆိုသည့် စိတ်ကိုလည်း အထောက်အကူ ပြုကြောင်း၊ ယင်း အလေ့အကျင့် ကောင်းများကို အမြဲရှင်သန် နေအောင် စဉ်ဆက်မပြတ် ပြုစုပျိုးထောင် ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ဆက်လက်ပြီး အုပ်ချုပ်ရေးပိုင်း တွင် ညီညွတ် မျှတမှုရှိရန် လိုကြောင်း၊ အုပ်ချုပ်မှု ကောင်းခြင်းဖြင့် ခေါင်းဆောင်အပေါ် ယုံကြည် အားကိုးမှုနှင့် အထက်အောက် သံယောဇဉ်များ ရရှိစေနိုင်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာ တွင် လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းဥပဒေ များနှင့်အညီ ဖြစ်ရန် လိုကြောင်း၊ ဦးစွာ စည်းရုံးရေး နည်းလမ်းအရ အုပ်ချုပ်မှု ကိစ္စရပ်များကို နားလည် သဘောပေါက် ပြီး လိုက်နာ ဆောင်ရွက်စေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လိုက်နာမှု မရှိပါက အုပ်ချုပ်ရေး နည်းလမ်း အရ ကြပ်မတ် ဆောင်ရွက်ရမည် ဖြစ်သော်လည်း ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ လူ့သဘော သဘာဝကို နားလည်ခြင်း၊ အတွေးအခေါ် ကောင်းခြင်းနှင့် စီမံခန့်ခွဲမှု ကောင်းခြင်း တို့သည် အုပ်ချုပ်မှုကို ကောင်းမွန် စေနိုင်ကြောင်း၊ အုပ်ချုပ်ရေးတွင် အဆင့်ဆင့် တာဝန်ပေးအပ်မှု အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် သက်သာ ချောင်ချိရေး ဆိုသည်မှာ ရရှိသည့် လစာဖြင့် လောက်ငစွာ သုံးစွဲနိုင်အောင် စီမံဆောင်ရွက် ပေးခြင်းပင် ဖြစ်ကြောင်း၊ သက်သာ ချောင်ချိရေးတွင် တစ်ပိုင်းမှာ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း အစရှိသော အသောက်အစား အပျော်အပါး များကို ထိန်းသိမ်းခြင်း၊ မလိုအပ်သည့် အသုံးအဖြုန်း များကို ခြိုးခြံချွေတာခြင်း များအား ကိုယ်တိုင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နောက်တစ်ပိုင်း အနေဖြင့် တာဝန်ရှိသူ များက အခြေခံ ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးမှစ၍ စီမံ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ဆိုင်ရာများကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်းပင် ဖြစ်ကြောင်း၊ ယင်းတို့ကို တပ်မတော် အနေဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ခေါင်းဆောင်များ အနေဖြင့်လည်း မိမိ ကွပ်ကဲမှုအောက် စစ်သည်၊ မိသားစုများ၏ သက်သာ ချောင်ချိရေး အတွက် အလေးထား၍ နည်းလမ်းရှာဖွေ ဆောင်ရွက်သွားရန် လိုကြောင်း ရှင်းလင်း ပြောကြားသည်။

အလားတူ စိတ်ဓာတ် ကောင်းမွန်ရေး အတွက် တပ်နေပျော် စေရန် စီမံ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်အပေါ် ယုံကြည်အားကိုးမှု ရှိရန်လည်း လိုကြောင်း၊ တပ်မတော် သားများ ပညာရည် မြှင့်တင်ရေး လုပ်ငန်း များကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မှူးများ အနေဖြင့် တပ်မတော်သား စစ်သည်၊ မိသားစုဝင် များ၏ ပညာရေးကို အားပေး ကြရမည် ဖြစ်ကြောင်း၊ တစ်ဆက်တည်းတွင် စာကြည့်တိုက်များ စနစ်တကျ ထားရှိ၍ စာဖတ်ရှိန်၊ စာဖတ်အားများ မြှင့်တင်ပေးရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားသည်။ ထို့ပြင် ခေါင်းဆောင် တပ်မှူးများသည် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာ လုပ်ငန်း တာဝန်များကို သိရှိ နားလည်ပြီး လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်း၊ ဥပဒေဆိုင်ရာ များကိုသိရှိ၍ လေးစားလိုက်နာ စောင့်ထိန်းရန် လိုအပ်ကြောင်း၊ ကိုယ်တိုင် သိရှိသကဲ့သို့ လက်အောက်ကိုပါ သိရှိ နားလည်အောင် လုပ်ဆောင် ပေးရမည် ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော် သားများသည် လုပ်ငန်းတာဝန် ထမ်းဆောင် ရာတွင် လုပ်ဖော် ကိုင်ဖက်များ၊ လိုအပ်လျှင် အသက်ပေး ဆောင်ရွက်ကြ ရသူများဖြစ်၍ တပ်မှူးစိတ် အပြင် ဖခင်စိတ်ထား၍ ကောင်းမွန်သည့် ဆက်ဆံရေး ရှိရန် လိုကြောင်း၊ မိမိကိုယ် တိုင်အပေါ်၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အပေါ်၊ အထက်အောက် အပေါ် သစ္စာရှိပြီး တစ်ပါးသူ ဒုက္ခရောက်အောင် မလုပ်မိ စေရန်လို ကြောင်း၊ အလုပ် အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ခြင်း နှင့်ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိ မှုတို့ကို ပေါင်းစပ်၍ တိုးတက်အောင် လုပ်ဆောင်ခြင်း အားဖြင့် မိမိ၏ မိသားစု အတွက် ၊ ကွပ်ကဲမှု အောက်ရှိ စစ်သည် မိသားစုဝင်များ အတွက် နွေးထွေးသည့်၊ အေးမြသည့် အရိပ် အာဝါသ ဖြစ်စေရန်၊ အလားတူ တပ်မတော် အတွက် တိုင်းပြည်အတွင်း နွေးထွေး အေးမြသည့် အရိပ် အာဝါသ ဖြစ်စေသည် အထိ ကြိုးပမ်းဆောင် ရွက် ကြရန် တိုက်တွန်းမှာကြား ခဲ့သည်။

တွေ့ဆုံပွဲ မတိုင်မီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင် များသည် နံနက်ပိုင်းတွင် အောင်ပန်း တပ်နယ်ရှိ တပ်မတော် ဆေးရုံသို့ ရောက်ရှိကြသည်။ ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များကို အစည်းအဝေး ခန်းမတွင် ဆေးရုံတပ်မှူးက ဆေးကုသမှု ဆိုင်ရာ ဆောင်ရွက်နိုင်မှု အခြေအနေ နှင့် တပ် တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် အကောင်အထည် ဖော်ဆောင်ရွက် နေမှု အခြေအနေများ ကို ရှင်းလင်း တင်ပြသည်။ ရှင်းလင်း တင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါ၊ ကင်ဆာရောဂါ များအား အထူးပြု ကုသနိုင်ရေး အတွက် သက်ဆိုင်ရာ ရောဂါ ပါရဂူများ ထပ်မံ ဖြည့်တင်းရေး၊ ရေရှည်တွင် ကာလရှည် ကုသရမည့် လူနာများ လက်ခံကုသ နိုင်ရန်အတွက် ပါ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စများ လျာထား ဆောင်ရွက်ရေး၊ ဆေးကုသမှု ကို အထောက်အကူ ဖြစ်စေရန် အတွက် တပ်မတော် ဆေးရုံ၊ ဆေးတပ်ရင်းများ အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ယူထား ရသည့် ဆေးကုသပေး ရသော နယ်မြေအလိုက် အဖြစ်များသည့် ရောဂါများ အပေါ် မူတည်၍ Medical Intelligence လုပ်ငန်း၊ Research and Development လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး၊ တပ်ရင်း/တပ်ဖွဲ့ အလိုက် ရှေးဦးသူနာ ပြုစုခြင်း သင်တန်းများ ဖွင့်လှစ်ရေး၊ စစ်စည်းကမ်းပိုင်း၊ အုပ်ချုပ်မှုပိုင်း နှင့် ပတ်သက်၍ တိကျစွာ လိုက်နာ ဆောင်ရွက်ရေး၊ ယာဉ်မတော်တဆ မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ လျော့နည်းစေရန် အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိရန် ကြပ်မတ် ဆောင်ရွက်ရေး နှင့် နှစ်ရှည်ပင်များအား တပ်ခြံစည်းရိုး တစ်လျှောက်ထုဖြင့် ဦးစားပေး စိုက်ပျိုးရေး တို့အား မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော အရာရှိ ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဒေသခံပြည်သူ များကို  တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ၍ ဆေးကုသမှု အခြေအနေများ၊ ကျန်းမာရေး အခြေအနေ များကို မေးမြန်းကာ အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။ ထို့အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့သည် ဆေးရုံရှိ မွေးကင်းစ ကလေး ကုသဆောင်သို့ သွားရောက်ပြီး မီးဖွားပြီးစ မိသားစုဝင်များနှင့် ကလေးငယ် များအား ကြည့်ရှု အားပေးစကား ပြောကြားကာ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။ ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့သည် ဆေးရုံရှိ ပညာရင်ခွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းသို့ သွားရောက်ပြီး ပညာသင်ကြား နေသော ကလေးငယ် များအား တွေ့ဆုံ အားပေးကာ လက်ဆောင် ပစ္စည်းများ ပေးအပ်၍ ကျောင်းအတွက် ချီးမြှင့်ငွေ များ ပေးအပ်ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကလော တပ်နယ်ရှိ စစ်ဦးစီး တက္ကသိုလ်သို့ ရောက်ရှိပြီး သင်တန်းသား စားရိပ်သာတွင် စစ်ဦးစီး တက္ကသိုလ် သင်တန်းသား အရာရှိကြီးများ နှင့် နေ့လယ်စာကို ရင်းနှီးစွာ အတူတကွ သုံးဆောင်ကြသည်။ ယင်းနောက် စစ်ဦးစီး တက္ကသိုလ်ရှိ ဥစားကြက် မွေးမြူရေးခြံ နှင့် DYL ဝက်မွေးမြူရေးခြံ တို့ကို လိုက်လံ ကြည့်ရှု စစ်ဆေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ဦးစီးတက္ကသိုလ် သင်တန်းသားများနှင့် တွေ့ဆုံပွဲအပြီးတွင် ကလောမြို့၏ အနောက်တောင်ဘက် ၂ မိုင်ခွဲခန့် အကွာတွင် ရှိသော ကလောမြို့နှင့် ကလောတပ်နယ် ကို ရေဖြန့်ဝေပေး နေသည့် ရေအေးကန်အား သွားရောက် ကြည့်ရှုကြရာ တာဝန်ရှိသူ များက ရေအေးကန်မှ တစ်ဆင့် ရေစုကန်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ကလောမြို့ပေါ် ရပ်ကွက်များနှင့် တပ်နယ်တပ်ရင်း/ တပ်ဖွဲ့များသို့ ရေဖြန့်ဝေ ပေးနေမှု အခြေအနေ များကို ရှင်းလင်း တင်ပြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သန့်ရှင်းသော သောက်သုံးရေများ ရရှိသုံးစွဲနိုင်ရေး အတွက် မြို့နယ် စည်ပင် သာယာရေး အဖွဲ့နှင့် တပ်နယ်မှ ပူးပေါင်းပြီး အလေးထား ဆောင်ရွက်ရေး မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။  (၁၀၀)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်ပန်းတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများကို အားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ အောင်ပန်းတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံနေသော ကလေးငယ်များအား လက်ဆောင်ပစ္စည်း ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်ရှိ ဥစားကြက် မွေးမြူရေးခြံကို ကြည့်ရှုစစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောမြို့နှင့် ကလောတပ်နယ်ကို ရေဖြန့်ဝေပေးနေသည့် ရေအေးကန်အား ကြည့်ရှုစဉ်

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger