( ရှိန်းထက် )
၂၀၁၆ ခုနှစ် ဇွန် ၆ ရက်က တရုတ်နိုင်ငံ ပေကျင်း၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် စီးပွားရေး ပညာရှင်များ နှင့် တရုတ်ထိပ်တန်း အရာရှိကြီးများ နှစ်စဉ်ကျင်းပ နေကျ စီးပွားရေး ညီလာခံတွင် တွေ့ဆုံခဲ့ ကြသည်။ စစ်ရေးအရ နှစ်နိုင်ငံစလုံး က သဘောထားများ တင်းမာ နေသော်လည်း စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် အရေးသည် ထိုအရာများနှင့် ရောထွေးစဉ်းစား မရသော အရာများ ဖြစ်သည်။
တင်းမာသည့် အရေးက တစ်ကဏ္ဍ၊ စီးပွားရေးက တစ်ကဏ္ဍ၊ သဘာဝ ပတ်ဝန်းကျင် အရေးက တစ်ကဏ္ဍ သီးခြားစီ ခွဲခြားထား ရသည်။ မည်သည့် အချိန်အတွင်း ထိပ်တိုက် တွေ့ဆုံနိုင်မှန်း မသိသည့် စစ်ရေး တင်းမာမှု ဆီမှ စစ်ပွဲတစ်ပွဲကို ဦးစားပေးပြီး ကျန်သည့် အရာများကို ပစ်ပယ်ထားလျှင် ထိုအရာများက အချိန်တန်လျှင် ကမ္ဘာစစ်ကြီး တစ်ခုကဲ့သို့ ဒုက္ခပေး တော့မည်။ စစ်ပွဲများကို ရပ်ထား ၍ရသည်။ သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်မှု များနှင့် စီးပွားရေး ကိုတော့ ရပ်တန့်ထား၍ ရမည်မဟုတ်။ စီးပွားရေးကို ရပ်ထားလျှင်၂ဝဝ၈ ခုနှစ် ကကဲ့သို့ ကမ္ဘာ့ စီးပွားပျက်ကပ် ဆီသို့ နောက်တစ်ကြိမ် ရောက်သွားမည်။
သဘာဝ ပတ်ဝန်းကျင် အရေးကို မတွေးဘဲ ရပ်တန့်ထားလျှင် လည်း အမေရိကန်တို့ ဂျပန်နိုင်ငံ ဟီရိုရှီးမား နှင့် နာကာဆာကီ ကို နျူကလီးယားဗုံး ကြဲသည် ထက်ပင် ပိုမိုဆိုးရွား ဦးမည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု ကြောင့် မိုးခေါင်ရေရှား မှုများ၊ အပူလှိုင်းများ၊ ရေကြီးမှုများ၊ လေမုန်တိုင်း များမှာ ကမ္ဘာနှင့် အ၀န်း ဖြစ်ပေါ်လျက် ရှိပြီး လူပေါင်းနှစ်စဉ် သန်းနှင့်ချီ အစာရေစာ ငတ်ပြတ်ပြီး ဒုက္ခရောက်၍ ရာထောင်နှင့် ချီပြီး သေဆုံးနေကြ ရသည်။
ထို့ပြင် သဘာဝ ပတ်ဝန်းကျင်ကို မထိန်းသိမ်းလျှင် လူသားတို့ နေထိုင်ရာ ကမ္ဘာကြီးသည် ပင်လယ် ရေအောက်သို့ အချိန် စောစီးစွာ ရောက်သွားဦးမည်။ ထိုအခါ နျူကလီးယား စစ်ပွဲဖြစ်မှ ကမ္ဘာပျက်မည် ဆိုသော ပညာရှင်တို့၏ ဟောစာတမ်း မှာလည်း လုံးဝ လွဲမှားကာ သဘာဝ ပတ်ဝန်းကျင် ကြောင့်သာ လူသားတို့ ကမ္ဘာပျက်စီး ရသည်ဟူ၍ ပြောမှသာ မှန်ကန် ပေတော့မည်။ ကမ္ဘာ့ သမိုင်းကြောင်းကို ပြောင်းလဲပစ်မည့် နှစ်ခု အနက်မှ တစ်ခုဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင်များ ဖောက်ပြန်ပြီး ကမ္ဘာကြီး ပူနွေးလာရခြင်း သည် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ များကြောင့် ဖြစ်သည်။ ထို့ကြောင့် ကာဗွန် ထုတ်လုပ်မှု များကို လျှော့ချဖို့ အရေးကြီးဆုံး လိုအပ်နေသည်။ ယနေ့ အချိန်သည် ကာဗွန် ထုတ်လုပ်မှု လျှော့ချရန် နောက်ဆုံး အချိန်ထိ ဆိုက်ရောက် နေပြီး ထိုသို့ မလုပ်ပါက ကမ္ဘာ့ အပူချိန်သည် ၂ ဒီဂရီ စင်တီဂရိတ် ထက်ကျော်သွားကာ ကမ္ဘာ့ ကမ်းရိုးတန်း မြို့တော်များ ရေအောက် ရောက်ပြီး လူပေါင်းသန်း ၃ဝဝ ခန့် ဆင်းရဲတွင်း နက်ကာ သန်းနှင့်ချီ၍ သေဆုံးရဦး မည်ဟု ကုလသမဂ္ဂ က ထုတ်ပြန်ထား ခဲ့သည်။
၂ဝ၁၅ ခုနှစ်က အိန္ဒိယနှင့် ပါကစ္စတန်တွင် ကျရောက်ခဲ့သော အပူလှိုင်း များကြောင့် လူပေါင်း ထောင်နှင့်ချီ၍ သေဆုံး ခဲ့ရသည်။ ကမ္ဘာ့ အပူချိန်သာ ၂ ဒီဂရီ စင်တီဂရိတ် ထက် အပူချိန် တိုးသွားပါက ထို သေဆုံးမှု၏ အဆပေါင်း ဆယ်နှင့်ချီ၍ မြင့်တက် လာမည် ဖြစ်သည်။ ထိုအချိန်တွင် မိုးခေါင် ရေရှားမှုများ၊ အပူလှိုင်း ရိုက်ခတ်မှုများ၊ ဝင်ရိုးစွန်း ရေခဲတောင် များနှင့် ရေခဲလွှာများ အရည်ပျော် လာမှုကြောင့် ရေကြီးမှု တစ်ပြိုင်တည်း ဖြစ်ပေါ်လာကာ ကမ္ဘာ့  ပင်လယ် မျက်နှာပြင်လည်း ၅ မီတာ လောက်အထိ မြင့်တက်လာမည် ဖြစ်သည်။
ထို့ကြောင့် COP 21 ဟု ခေါ်သော ၂ဝ၁၅ ခုနှစ်က ပဲရစ်၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ၏ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု ညီလာခံကို အဓိက အားထားပြီး ကျင်းပခဲ့ရသည်။ ထင်မှတ် မထားလောက်သည့် အောင်မြင်မှု များနှင့် ညီလာခံကို အဆုံးသတ် ခဲ့ပြီး ကမ္ဘာ့ အပူချန်ကို လာမည့် နှစ်ပေါင်း ၂ဝ အတွင်း ၂ ဒီဂရီ စင်တီဂရိတ် အထိ မကျော်လွန်ရေး သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။
ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ကာဗွန် ထုတ်လုပ်မှု များသည် ရုပ်ကြွင်းလောင်စာ များကိုရှို့ပြီး စွမ်းအင်ရယူခြင်း နှင့် ထုတ်ကုန် လုပ်ငန်းများ မှဖြစ်သည်။ ကာဗွန် ထုတ်လုပ်မှုကို ရုပ်ကြွင်း လောင်စာစွမ်းအင် ကဏ္ဍမှ ၉ဝ ရာခိုင်နှုန်း အထိရရှိပြီး ဘိလပ်မြေ ထုတ်စက်ရုံများ ကဲ့သို့သော စက်ရုံများမှ ၁ဝ ရာခိုင်နှုန်း ရရှိသည်။
တရုတ်၌ ကျောက်မီးသွေး စက်ရုံပေါင်း ထောင်သောင်းချီ ရှိပြီး အဆင့် မမြှင့်တင်ရသေးသည့် ရာထောင်ချီ ကျောက်မီးသွေး စက်ရုံများကိုလည်း တရုတ်အစိုးရက ပိတ်သိမ်းခိုင်း ထားပြီးဖြစ်သည်။ ၂ဝ၃ဝ ပြည့်နှစ် အရောက်တွင် ကာဗွန် ထုတ်လုပ်မှုကို ၆၅ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟု တရုတ်အစိုးရက ကြွေးကြော်ထားပြီး အစိမ်းရောင် စွမ်းအင် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု အင်တိုက် အားတိုက်လည်း ပြုလုပ်နေသည်။
ကမ္ဘာ့ကာဗွန် ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်း သည် တရုတ်နိုင်ငံမှ ဖြစ်ပြီး တရုတ်၏ ကာဗွန် ထုတ်လုပ်မှုသည် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံများ အားလုံးက ထုတ်သည့် ကာဗွန် ပမာဏနှင့် ညီနေသည်။
ကမ္ဘာ့ အောက်ဆီဂျင် ၂၅ ရာခိုင်နှုန်း ထွက်ရှိရာ အမေဇုန် သစ်တောကြီး က တရုတ်နိုင်ငံက ထွက်သည့် ကာဗွန်ဒိုင် အောက်ဆိုက် အားလုံးကို ဒိုင်ခံစုပ်ယူ ပေးသူကဲ့သို့ ဖြစ်နေကာ ကာဗွန် ထုတ်လုပ်မှု ပမာဏနှင့် စုပ်ယူပေး နိုင်သည့် သစ်ပင် ပမာဏက မမျှ ဖြစ်နေသည်။
ကာဗွန်ဒိုင် အောက်ဆိုက် ကို အဓိက စုပ်ယူပေးသည့် အရာများမှာ သစ်ပင်များ ဖြစ်သည်။ ထို့ကြောင့် အမေရိကန် သမ္မတ အိုဘားမား က ကာဗွန် ထုတ်လုပ်မှုကို လျှော့ချသည်နှင့် တစ်ပြိုင်နက် ယခုအချိန်မှ စကာ သစ်ပင်စိုက်ပြီး ကမ္ဘာကြီးကို ထိန်းသိမ်းဖို့ အကြံပြုထား ခြင်းဖြစ်သည်။ နောင်လာမည့် နှစ် ၂ဝ တွင် ကမ္ဘာ့ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ် ထက် မကျော်လျှင် ယခု စိုက်ပျိုးထား သည့် နှစ် ၂ဝ သက်တမ်း ရှိလာမည့် သစ်ပင် များကြောင့် နောက်ထပ် မကျော်အောင် ထိန်းသွားနိုင်ရန် အိုဘားမား ရည်ရွယ်ခြင်း ဖြစ်သည်။
နောက်တစ်ချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ ကာဗွန် ထုတ်လုပ်မှု ကိုလည်း ထည့်သွင်း စဉ်းစားရန် ဖြစ်သည်။ စက်မှု တော်လှန်ရေး စချိန်မှ စက်ရုံများ အပြိုင်အဆိုင် ထောင်ပြီး ကာဗွန်များ အပြိုင်ထုတ်လာ ခဲ့ကြသော ယခု
ဖွံ့ဖြိုးပြီးနိုင်ငံ များကို ထိုအချိန်က ဖွံ့ဖြိုးဆဲ နိုင်ငံများဟု ခေါ်သည်။ ထို အချိန်တုန်းက ဖွံ့ဖြိုးဆဲနိုင်ငံ များနည်းတူ ကာဗွန်ဒိုင် အောက်ဆိုက် များကို ထိုနိုင်ငံကြီး များက စံချိန်တင် ထုတ်လုပ်ခဲ့သည်။ ယခုလည်း ဖွံ့ဖြိုးဆဲနိုင်ငံ များက သူတို့နိုင်ငံ ပိုမိုဖွံ့ဖြိုးရန် အတွက် စက်ရုံများ တစ်ရုံပြီးတစ်ရုံ ဆောက်သည်။ ကာဗွန်ဒိုင် အောက်ဆိုက် များကို ပိုမို ထုတ်လုပ်လာသည်။
ထိုအချက်ကို ကြိုတင် ကာကွယ်ရန် ဖွံ့ဖြိုးပြီးနိုင်ငံ များက ဖွံ့ဖြိုးဆဲနိုင်ငံ များကို အစိမ်းရောင် နည်းပညာ ကဏ္ဍ မြန်ဆန်စွာဖွံ့ဖြိုး တိုးတက်လာရေး ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုပြုလုပ်ရန် လိုသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ အစိမ်းရောင် စွမ်းအင်ကဏ္ဍ အတွက် ရန်ပုံငွေများကို ရရှိရန် လိုအပ်သည်။ တရုတ် အစိုးရကတော့ ရန်ပုံငွေကို အမေရိကန် ဒေါ်လာ ၃ ဘီလီယံ အထိ မတည်မည်ဟု ဇွန် ၆ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ သည့် ပေကျင်း စီးပွားရေး ညီလာခံတွင် ဆိုထားပြီး ၂ဝ၂ဝ ပြည့်နှစ် မတိုင်မီ ဖွံ့ဖြိုးဆဲ နိုင်ငံများကို အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံ ပံ့ပိုးနိုင်ရေး အစီအစဉ် ကိုလည်း ချပြခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ထောက်ခံခဲ့ပြီး အစိမ်းရောင် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍ တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ပြီး ရာသီဥတု ပြောင်းလဲမှုကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း ခဲ့သည်။ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် အရေး ဆွေးနွေးခဲ့ကြသော တရုတ်နှင့် အမေရိကန် သည် ဇွန် ၅ ရက်က တောင်တရုတ် ပင်လယ်ပြင် အရေးနှင့် ပတ်သက်ပြီး အပြန်အလှန် စကားစစ်ထိုး ခဲ့ကြသေးသည်။
သို့သော်လည်း ထိုအရေးကို စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် အရေးမှာ ထည့်သွင်း စဉ်းစားလျှင် ကမ္ဘာကြီး၏ အနာဂတ်သည် လှပလာမည် မဟုတ်ဘဲ ပိုမိုဆိုးရွား လာမည်ကို ရိပ်မိသောကြောင့် တင်းမာနေသော စစ်ရေးကို ဘေးချိတ်ခဲ့ရခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment