www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 2, 2016

ကျောင်းဖွင့်ပြီ




(လင်းကြည်လင်း)

ဇွန် ၁ ရက်သည် မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်သော နေ့ဖြစ်သည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၏ အောင်မြင်မှု ပန်းတိုင်သို့ သွားရန် ပထမဆုံး ခြေလှမ်းကို စတင်လှမ်း သည့် နေ့တစ်နေ့လည်း ဖြစ်သည်။ ထိုခြေလှမ်း များသည် သွက်လက် တက်ကြွမှု ရှိလှသည်။

နွေရာသီ ကျောင်းပိတ်ရက် များတွင် အထီးကျန် ခဲ့သော ကျောင်းတော်ကြီး များသည်လည်း စိမ်းဝေနုဖြာ နေသော သစ်ပင်ပန်းမန် တို့နှင့် အဖူးအငုံ ကာလာစုံသော ကျောင်းသား၊ ကျောင်းသူ တို့ကြောင့် အလှပေါ် အယဉ်ဆင့် လို့ အမြင်တင့် လှတော့သည်။ နုနယ်ပျိုမျစ် လန်းဆန်း တက်ကြွသော ကျောင်းသား၊ ကျောင်းသူ လေးများက တူညီဝတ်စုံဖြင့် ကျောင်းသို့ လာသော မြင်ကွင်းက မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပြီး ကျက်သရေ ရှိလှသည်။ နိုးကြား တက်ကြွသော ကျောင်းသား၊ ကျောင်းသူလေး များသည် ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း အနာဂတ် နိုင်ငံတော် ၏ တာဝန်ကို ပခုံးပြောင်း ထမ်းဆောင် ကြမည့် မျိုးဆက်သစ် လူငယ်များပင် ဖြစ်သည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘာဝ အရင်းအမြစ်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သည် အဓိကကျ လှသည်။ သဘာဝ သယံဇာတ အရင်းအမြစ် သည် မည်မျှပင် ပေါကြွယ်ဝ စေကာမူ အကန့်အသတ် မရှိ ထုတ်ယူ သုံးစွဲပါက ကုန်ဆုံး သွားနိုင်သည်။ လူ့စွမ်းအား အရင်းအမြစ်သည် သဘာဝ သယံဇာတ ကဲ့သို့ အကန့်အသတ်မဲ့ ထုတ်ယူသုံးစွဲ ခြင်းမဟုတ်ဘဲ လေ့ကျင့် ပျိုးထောင်ခြင်း ဖြင့် လူ့စွမ်းအား အရင်းအမြစ်ကို ပြန်လည် ရရှိမည် ဖြစ်သည်။

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေး ကဏ္ဍသည် အဓိကကျ လှသည်။ ထို့ကြောင့်လည်း နိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံ ပညာရေးကို နိုင်ငံတကာ အဆင့်မီ ပညာရေး ဖြစ်လာအောင် တိုးမြှင့် ဆောင်ရွက် လျက်ရှိသည်။ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးသည် ထူးချွန် ထက်မြက်ပြီး မျိုးချစ်စိတ်ဓာတ် ထက်သန်သည့် လူငယ်လူတော် လူကောင်းများ ဖြစ်ရန်လိုသည်။ ထိုသို့ လူကောင်း လူတော်များ ဖြစ်ရန် အခြေခံ ကျလှသည့် အခြေခံ ပညာသင် ဘဝမှ အစပြု၍ အရည်အချင်း ပြည့်ဝသော သူများဖြစ်သည် အထိ ပြုစုပျိုးထောင် ကြရမည် ဖြစ်သည်။ ကျောင်းနေ အရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး အတွက် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်များ အတွက် အခမဲ့ ထောက်ပံ့ မှုများ ပြုလုပ်ပေး ခဲ့သည်။ ထို အစီအစဉ် များမှာ သူငယ်တန်း (KG) အတွက် ကျောင်းဝတ်စုံ တစ်စုံအခမဲ့၊ မူလတန်းအဆင့် အတွက် ကျောင်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တစ်စုံ အခမဲ့၊ အလယ်တန်း အဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တစ်စုံ အခမဲ့နှင့် ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေး ကိရိယာနှင့် စာကြည့်တိုက် ကြေးများ ကင်းလွတ်ခွင့်ပြု ထားသည်။

အထက် ဖော်ပြပါ ကျောင်းအပ်နှံရေး အတွက် နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သော အစီအစဉ်သည် ကျောင်းသား တစ်ဦးတစ်ယောက် အတွက် နည်းသော်လည်း မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် စာရင်းဇယား များအရ အခြေခံပညာ ကျောင်းပေါင်း ၄၅ဝဝဝ ကျော်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၈ ဒသမ ၇ သန်းကျော် တက်ရောက် ပညာ သင်ကြားလျက် ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် ပညာရေး ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းချက် များကိုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ယင်းတို့မှာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ အားလုံးကို မည်သည့် အခကြေးငွေ မှ ကောက်ခံခြင်း မပြုရန်၊ ကျောင်း အပ်နှံခြင်း အတွက် ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်း မပြုရန်၊ ကျောင်းဝတ်စုံ အတွက် အတန်းတံဆိပ် နှင့် ကျောင်းတံဆိပ် များ ရောင်းချခြင်း မပြုရန် စသည်တို့ ဖြစ်သည်။

ထို့အတူ ကျောင်းအပ်နှံရေး ကာလတွင် ကျောင်းသားမိဘ များဘက်က ပူးပေါင်း ဆောင်ရွက်ရမည့် မေတ္တာရပ်ခံ ချက်များ ကိုလည်း ထုတ်ပြန် ထားသည်။ အဆိုပါ မေတ္တာ ရပ်ခံချက် များမှာ မိမိတို့ သက်ဆိုင်ရာ နယ်မြေများတွင် သာ ကျောင်းသား၊ ကျောင်းသူ များကို အပ်နှံ ကြရန်၊ ကျောင်းအပ်နှံခြင်း အတွက် မိဘပြည်သူ များက ငွေကြေးနှင့် လက်ဆောင် ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများကို ပေးအပ်ခြင်း မပြုရန်၊ ထပ်ကျော့ ကျောင်း အပ်နှံခြင်း ကြောင့် လည်းကောင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မား လာခြင်းကြောင့် လည်းကောင်း၊ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်ကို မျှဝေခြင်း အစီအစဉ်နှင့် လည်း ပူးပေါင်းပြီး လုံလောက်စွာ ဖြန့်ဝေပေး လိုပါသဖြင့် သတ်မှတ် ထားသော မြို့နယ်အလိုက် ကျောင်းဝင်ခွင့် လျှောက်ထား မှုနှင့် ပတ်သက်၍ ပိုမိုချောမွေ့ အဆင်ပြေ စေမည့် နည်းလမ်းများကို အကြံပြုကြ ပါရန် စသည်တို့ ထုတ်ပြန် ထားသည်။

ပညာရေးဝန်ကြီး ဌာနအနေဖြင့် အစိုးရသစ် တက်လာပြီး ရက်ပေါင်း ၁ဝဝ အတွင်း စီမံ ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်း ''နိုင်ငံသူ၊ နိုင်ငံသား အားလုံးနဲ့ ပညာရေး ကဏ္ဍဟာ သက်ဆိုင်ပါတယ်။ အိမ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ကျောင်းသား၊ ကျောင်းသူတွေ ရှိတာကြောင့် အားလုံး သိရှိထားပြီး ညီညီ ညွတ်ညွတ် အင်တိုက် အားတိုက် နဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် လုပ်ငန်းစဉ် (၈) ရပ်ကို ရက် ၁ဝဝ အတွင်း စတင် ဆောင်ရွက်ဖို့ ရှိပါတယ်'' ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က မေ ၃ဝ ရက်က ရုပ်မြင်သံကြား တွေ့ဆုံ မေးမြန်းခန်း တွင် ပြောကြား ခဲ့သည်။ 

ပညာရေး ဝန်ကြီးဌာန ၏ ရက် ၁ဝဝ စီမံချက် နှင့်ပတ်သက်၍ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးကျော်ဝင်း ကလည်း ''ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ ရက် ၁ဝဝ အတွင်းမှာ လုပ်ငန်းစဉ် (၈)ရပ်ကို စတင် အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီ လုပ်ငန်းစဉ် (၈)ရပ်ကတော့ လုပ်ငန်းစဉ်(၁) အနေနဲ့ ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းစဉ် (၂)ကတော့ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ရွက်ရမယ့် အစီအစဉ် ဖြစ်ပြီး လုပ်ငန်းစဉ် (၃)က မိဘဆရာနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပူးပေါင်းပြီး ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်း ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်(၄) ကတော့ ဆရာ၊ ဆရာမတွေ စီမံ အရာထမ်း တွေရဲ့ လစာငွေကို ဘဏ်စာရင်း ကနေ လွှဲပြောင်း ထုတ်ယူနိုင်ရေး အတွက် မြန်မာ့ စီးပွားရေးဘဏ် သို့မဟုတ် ပုဂ္ဂလိက ဘဏ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်ပဲ ဖြစ်ပြီး လုပ်ငန်းစဉ်(၅)က ဝါရင့် ကထိက ဆရာ၊ ဆရာမတွေ အတွက် ပါရဂူသင်တန်း အစီအစဉ် ဖြစ်ပါတယ်။ လုပ်ငန်းစဉ် (၆)အဖြစ် နည်းပညာနဲ့ သက်မွေး ပညာရေး လေ့ကျင့်ရေး ဆိုင်ရာ လေ့လာ သုံးသပ်မှုတွေ ပြုလုပ်ပြီး စီမံကိန်းတွေ ချမှတ်သွားဖို့ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်(၇) ကတော့ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာ နှင့် သက်မွေးပညာ များနဲ့ သင်တန်းကဏ္ဍ အားလုံးမှာ ဆရာ၊ ဆရာမတွေ အတန်းဝင်ရောက် ပို့ချမှုတွေကို စစ်ဆေး အကဲဖြတ်ခြင်း ပြုလုပ်မှာ ဖြစ်ပြီး လုပ်ငန်းစဉ် (၈) ကတော့ ပညာသင်ယူမှု မပြီးဆုံးမီ အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူမှု ရပ်တန့်ခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် သင့်လျော်တဲ့ ပညာသင်ခွင့် တစ်ခုခု ပြန်လည်ရရှိစေဖို့ လိုအပ်တဲ့ အစီအမံတွေ ထားရှိမယ့် စနစ်ကို Alternative Education လို့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားမှာပဲ ဖြစ်ပါတယ်''ဟု ပြောသည်။

ပညာရေးဝန်ကြီး ဌာန အနေဖြင့် လူတိုင်း စာတတ်မြောက်ရေး အတွက် မသင်မနေရ မူလတန်း စနစ်နှင့် အခမဲ့ ပညာသင်စနစ် စသည့် အစီအစဉ် တို့ဖြင့် ဆောင်ရွက်လျက် ရှိရာ ကျောင်းနေအရွယ် ကလေးငယ် အားလုံး ကျောင်းနေနိုင်ရေး အတွက် မိဘများကလည်း မိမိတို့၏ ရင်သွေးငယ် များကို ကျောင်းစာသင်ခန်း အတွင်းသို့ ရောက်ရှိစေရေး အတွက် တစ်ဖက်တစ်လမ်း မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သင့်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger