www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 26, 2016

ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ် ဗိသုကာလက်ရာ အဆောက်အအုံများနှင့် လူနေမှုဘ၀အဖုံဖုံ တို့ကို သမိုင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးမည်



ရန်ကုန် ၊ ၂၆-၅-၂၀၁၆

ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အမွေအနှစ် ဗိသုကာလက်ရာ အဆောက်အအုံ များနှင့် လူနေမှုဘဝ အဖုံဖုံတို့ကို သမိုင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးမည့် အစီအစဉ် တစ်ခုအား "We Live in Yangon" Photography Project အမည်ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

''ဓာတ်ပုံပညာ စိတ်ဝင်စားတဲ့ သူတွေကို လျှောက်လွှာ ခေါ်ပြီး Project အနေနဲ့လုပ် တာပါ။ အရင်နှစ် ကတော့ Yangon Gallery က Main Sponsor ပေးတယ်။ ဒီနှစ်ကတော့ AMT (Academy of Management &Technology) က Main Sponsor အနေနဲ့ ပေးမှာပါ။ တခြား Sponsor တွေလည်း ရှာနေတုန်းပဲ။ မရရင်တော့ AMT ကပဲ စီစဉ်ပေးမှာပါ'' ဟု Project Leader ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်း က ပြောသည်။

စိတ်ပါဝင်စား သူများ အနေဖြင့် Digital Camera  လက်ဝယ်ရှိပြီး ဓာတ်ပုံပညာကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် လျှောက်ထား နိုင်ကြောင်း သိရသည်။ ''မြန်မာနိုင်ငံမှာ ရှိတဲ့ အဆောက်အအုံ တွေက သူများနိုင်ငံ တွေနဲ့ယှဉ်ရင် အရင်က နိမ့်ကျတယ်။ အခုက တိုးတက် ပြောင်းလဲလာပြီ ဖြစ်တာကြောင့် ဒါကိုမှတ်တမ်း အနေနဲ့ ထားသင့် တယ်ထင်လို့ အခုလို လုပ်တာပါ။ မြန်မာ နိုင်ငံသား ဓာတ်ပုံဆရာ တစ်ဦးအနေနဲ့ နောင်တစ်ချိန်မှာ ဒါတွေက မြို့ပြသမိုင်း မှတ်တမ်း အနေနဲ့ အကျိုးရှိမယ် ထင်လို့ လုပ်တာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ ရှိသော အဆောက် အအုံများ၊ ရှေးဟောင်း အဆောက်အအုံ များ၊ လူနေမှု စနစ်မျိုးစုံ၊ လူမျိုးပေါင်းစုံ ၏ ယဉ်ကျေးမှု မျိုးစုံနှင့် ပို့ဆောင် ဆက်သွယ်ရေး စသည်တို့ကို ခေါင်းစဉ်များ ခွဲ၍ မှတ်တမ်းတင် ဓာတ်ပုံ များ ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဉ်တွင် ပါဝင်ရိုက်ကူးခွင့် ရရှိသူများ အနေဖြင့် မိမိတို့ရိုက်ကူး ထားသော ဓာတ်ပုံများကို "We Live in Yangon" ဓာတ်ပုံပြပွဲ၊ ဓာတ်ပုံပြိုင်ပွဲ နှင့် ထုတ်ဝေမည့် ဓာတ်ပုံ စာအုပ်များ၌ ပါဝင်ဖော်ပြခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဉ်ကို စိတ်ဝင်စားသူ များအနေဖြင့် မေ ၂၈ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအတွင်း AMT(Academy of Management & Technology) သို့ လာရောက် လျှောက်လွှာတင် ရမည်ဖြစ်ပြီး လာရောက် လျှောက်ထားသူ များထဲမှ ယခု အစီအစဉ်တွင် အမှန်တကယ် အချိန်ပေး နိုင်သူ ၂၅ ဦးအား လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

Project အကြို ဆွေးနွေးပွဲကို မေ ၂၉ ရက်၊ ၃ဝ ရက်နှင့် ၃၁ ရက်တို့တွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မည် ဖြစ်ကာ ဇွန် ၁ ရက်မှ ၄ ရက်အထိ၊ ဇွန် ၁၃ ရက်မှ ၁၈ ရက်အထိ၊ ဇွန် ၂၇ ရက်မှ ၃ဝ ရက်အထိ သုံးကြိမ် ရိုက်ကူးမည် ဖြစ်၍ အနည်းဆုံး ခုနစ်ရက် လိုက်ပါရိုက်ကူး နိုင်ရမည် ဖြစ်သည်။ စုပေါင်း ရိုက်ကူးရေး မရှိသော နေ့များတွင် အိမ်စာပေးပြီး မိမိဘာသာ ရိုက်ကူးခြင်း၊ ရိုက်ပြီးပုံများကို အဖွဲ့လိုက် စုစည်းရွေးချယ် အကဲဖြတ်ခြင်း တို့ကိုလည်း ဆောင်ရွက်ရမည် ဖြစ်သည်။ Project လုပ်ဆောင်စဉ် အတွင်း ဓာတ်ပုံပညာ ဆွေးနွေးပွဲနှင့် စကားဝိုင်း များကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger