www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 16, 2016

အကြောတက်ရောဂါအကြောင်း သိကောင်းစရာ



ဒေါက်တာ လွင်သန့် (ဆေး-၂)

အကြော၊ အရိုး၊ အဆစ်ဌာနမှာ လာပြလေ့ရှိတဲ့ လူနာတွေထဲမှာ အကြောတက်ရောဂါ အများဆုံး ဖြစ်တာ တွေ့ရတယ်။ လူဦးရေရဲ့ ၂ ရာခိုင်နှုန်း ကနေ ၃ ရာခိုင်နှုန်း အထိ ဖြစ်ပွားတယ်။ အမျိုးသမီးတွေမှာ အမျိုးသား တွေထက် ဖြစ်နိုင်ခြေ ၁ဝ ဆ အထိရှိတယ်။ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း မလိုအပ်ပါဘူး။ စမ်းသပ်ခြင်းနဲ့ ရှာဖွေနိုင်တယ်။

အဆစ် တစ်ခုတည်း၊ ခြေမ တစ်ခုတည်း ဆိုရင် ဂေါက်ရောဂါ ဖြစ်နိုင်တယ်။ အရိုးကျီးပေါင်းတက် ရောဂါက ဒူးနာတာ ကနေ စတာပါ။ အရိုး၊ အဆစ် သုံးလေးခု နာလာပြီဆိုရင် လေးဖက်နာပိုး စစ်ဖို့လိုသလို သွေးလေးဖက်နာ လည်း စစ်ဖို့ လိုပါတယ်။

ASO မြင့်တိုင်း လေးဖက်နာပိုး မဟုတ်ပေမယ့် လေးဖက်နာပိုး တိုင်းမှာ ASO မြင့်တယ်။ တချို့လူတွေက အဆစ်တစ်ခုတည်း နာတာမဟုတ်ဘဲ လေးငါးခုမက နာနေတာတွေ ရှိတယ်။ ဒူးနာ၊ တံတောင်ဆစ်နာ၊ လည်ပင်းနာ၊ နောက်ကျောနာ၊ လက်ပြင်နှစ်ခု ကြားနာ တာတွေ ဖြစ်ပါတယ်။

တစ်နေရာတည်း သတ်သတ် မှတ်မှတ် နာတာမဟုတ်ဘဲ အရိုး၊ အကြော၊ အဆစ်တိုင်း နေရာအနှံ့ နာလာတဲ့အခါ လေးဖက်နာ မဟုတ်တဲ့ အကြောတက် ရောဂါ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အဆစ်ရောင် လူနာတွေဟာ ဘယ်နေရာက နာတယ် ဆိုတာကို တိတိကျကျ ပြောလို့ရတယ်။ ဥပမာ-ဒူး၊ လက်ကောက်ဝတ် စသည်ဖြင့်ပါ။ အကြောတက် သမားကတော့ ပခုံး၊ လက်မောင်း၊ လက်ပြင်ကြား၊ ခါး ၊ ဒူးနဲ့ ပေါင်တစ်လျှောက် စသည်ဖြင့် နေရာအနှံ့ ထိခိုက်နာကျင် နေတတ်ပါတယ်။

လက္ခဏာတွေ ကတော့ အစာစားရင် တစ်ဆို့ဆို့ ဖြစ်ခြင်း၊ အစာစားပြီး ဝမ်းမသွားဘဲ မနေနိုင်ဖြစ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ ခေါင်းအုံခြင်း၊ စိတ်ဝင်စားမှု လျော့ပြီး နွမ်းလျခြင်း၊ လက်ချောင်းများ ရောင်ခြင်း၊ နံနက် အိပ်ရာထ တောင့်တင်းခြင်း တို့ ဖြစ်ပါတယ်။

ရောဂါဖြစ်စေတဲ့ အကြောင်းရင်း ကတော့ စိတ်ကြောင့် မဟုတ်ဘဲ စိတ်ကို အနားမပေး တတ်တဲ့ အိပ်စက်မှုပုံမှန် မရှိလို့ပါပဲ။ ညအိပ်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့ အတွက် ကြွက်သားတွေ အနားမရဘဲ ကြာရှည်လာတဲ့ အခါ ခြေသလုံး တောင့်တင်းခြင်း၊ တစ်ကိုယ်လုံးရှိ ကြွက်သားများ တောင့်တင်းခြင်း တို့ကြောင့် နံနက်ပိုင်းမှာ နာကျင်ခြင်း၊ နွမ်းလျခြင်းတို့ ဖြစ်စေတယ်။ နောက်ပြီး အစားအသောက် ပျက်စေပါတယ်။

အကြောတက်ရောဂါ မဖြစ်စေဖို့ ကုသခြင်း အနေနဲ့ စိတ်ကိုဖြေလျှော့ တတ်ရမယ်။ တရားထိုင်ခြင်းက အကောင်းဆုံး နည်းပဲ ဖြစ်ပါတယ်။ အိပ်စက်မှုပုံမှန် ပြန်ညှိတဲ့ အင်ပီထရစ်တာလင် တစ်ည တစ်လုံးမှ သုံးလုံး ညစဉ်  သောက်သုံးသင့်တယ်။ ဒီဆေးကို တချို့က စိတ်ရောဂါ ကုသဆေးလို့ ထင်မှားတတ် ကြတယ်။ တစ်ည ခြောက်လုံးခန့် သောက်နိုင်တယ်။ အိပ်ပျော်စေရုံ ဆိုပါက နှစ်လုံးလောက် သောက်နိုင်ပါတယ်။

အကြောလျော့ စေတဲ့ အတီနိုလော ဆေးလည်း တွဲသောက်ရမယ်။ သတိပြုရမှာက ရင်ကျပ်ရောဂါ ရှိရင် မသောက်သုံး သင့်ပါဘူး။ ငါးကြီးဆီ တစ်နေ့နှစ်လုံး သောက်သင့်တယ်။ နေ့စဉ် နာရီဝက်မှ တစ်နာရီ အပြေး၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း နဲ့ ရေကူးခြင်း စတဲ့ ကိုယ်ခံအား ကောင်းစေတဲ့ အားကစား လုပ်ပေးသင့် ပါတယ်။

ရှောင်ရမှာ ကတော့ ရင်တုန်ပြီး အိပ်မရတဲ့ကော်ဖီ၊ လက်ဖက်ရည် နဲ့ လက်ဖက် စတာတွေ စားသုံးခြင်းကို လျှော့ရမယ်။ အကြောတက် ရောဂါဟာ လေးဖက်နာ ပိုးလို နှလုံး ထိခိုက်ခြင်း၊ ကောက်ကွေး လေးဖက်နာလို အိပ်ရာထဲ လဲခြင်းမရှိလို့ ဆေးမှန်မှန် သောက်ပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ရင် တစ်လ၊ နှစ်လအတွင်း သက်သာသွား နိုင်မှာ ဖြစ်ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger