www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 10, 2016

အမေရိကန်တို့၏ ခေတ်သစ် နျူကလီးယား စီမံကိန်းများ




( ရှိန်းထက် )

ဒုတိယကမ္ဘာ့စစ် မတိုင်မက နှင့် ကမ္ဘာစစ်ကြီး ဖြစ်သည့် ကာလအတွင်း အမေရိကန် သည် နျူကလီးယား စမ်းသပ်မှုပေါင်း ရာထောင်ချီ ပြုလုပ်ခဲ့ပြီး ကမ္ဘာ မြေပေါ်၌ နျူကလီးယားကို ပထမဆုံး လက်ဝယ် ပိုင်ဆိုင် သူနှင့် အများဆုံး အသုံးပြုထားသူ အဖြစ် မှတ်တမ်းတင်ခံ ထားရသူ ဖြစ်သည်။ အမေရိကန် တို့၏ နျူကလီးယား စမ်းသပ်မှု အများဆုံး ပြုလုပ်ခဲ့သော နေရာသည် နီဗာဒါ သဲကန္တာရ ဖြစ်ပြီး နျူကလီးယား ထိပ်ဖူးပေါင်း ၇ဝဝဝဝ ကျော် အထိ ထုတ်လုပ်ခဲ့သည်။

ထိုအရေအတွက် သည် နျူကလီးယား ပိုင်ဆိုင်သည့် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးပေါင်း လျှင်ပင် အမေရိကန်ကို လိုက်၍ မမီနိုင်သည့် အရေအတွက် ဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စု (ယခုရုရှား) နှင့် စစ်အေးတိုက်ပွဲ စသည့် ၁၉၄၇ ခုနှစ် နှင့် ၁၉၉၁ ခုနှစ်များ အကြား နေ့ရက်များသည် အမေရိကန်နှင့် ဆိုဗီယက် (ယခုရုရှား) တို့ကို နျူကလီးယား လက်နက်များ ပိုမိုထုတ်လုပ်သည့် ကာလများ ဖြစ်ခဲ့သည်။ ဆိုဗီယက် (ယခုရုရှား) ကလည်း နျူကလီးယား ထိပ်ဖူးပေါင်း ၅ဝဝဝဝ ကျော်အထိ ထုတ်လုပ်ခဲ့ပြီး အမေရိကန်နှင့် အင်အားပြိုင် ခဲ့ကြသည်။

ထို နျူကလီးယား လက်နက်များသာ ကမ္ဘာ့မြေပေါ်၌ ဖောက်ခွဲကြ ပါက ကျန်းသေ ကမ္ဘာပျက်မည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့ ဦးဆောင်သော နျူကလီးယား မပြန့်ပွားရေး စာချုပ်ပေါ်ပေါက် လာခဲ့ပြီး အမေရိကန်နှင့် ရုရှားတို့၏ နျူကလီးယား အရေအတွက် များကို အောက်ဆုံး အနေအထား အထိ လျှော့ချ စေခဲ့သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ နိုင်ငံများ ကိုလည်း နျူကလီးယား စွန့်လွှတ်ရေးနှင့် နျူကလီးယား လက်နက်များ ရရန် မကြိုးပမ်းသည့် နိုင်ငံများအဖြစ် လက်မှတ်ထိုး စေခဲ့ကြသည်။

သို့သော်လည်း ထိုအချိန်က စခဲ့သော နျူကလီးယား အရေးသည် ယခုအချိန်ထိ အဆင်ပြေ သွားသည်ဟူ၍ မရှိခဲ့ဘဲ ယခုအချိန်ထိ ပိုမိုဆိုးရွား လာလျက် ရှိသည်။ စစ်အေးခေတ် ကာလက နျူကလီးယား ထုတ်လုပ်နိုင် မှုတွင် အနည်းဆုံး အဆင့်၌ ရှိသော ထိပ်ဖူးပေါင်း ၆ဝဝ သာ ထုတ်လုပ်ခဲ့သည့် တရုတ်နိုင်ငံ သည် ယခုအခါ နျူကလီးယား စစ်ပွဲအတွက် ပထမတန်းစား နိုင်ငံ ဖြစ်နေသည်။ တရုတ်သည် အမေရိကန်နှင့် အနောက်အုပ်စု က နျူကလီးယား လျှော့ချရန် ကြိုးစား နေချိန်တွင် တစ်နှစ်ထက် တစ်နှစ် နျူကလီးယား ထိပ်ဖူးများစွာ ထုတ်လုပ် နေခဲ့သည်။

ထို့ကြောင့် နျူကလီးယား လက်နက် ခြိမ်းခြောက်မှု အများဆုံးနိုင်ငံ ထဲတွင် တရုတ် ထိပ်ဆုံးမှ ပါနေခြင်းဖြစ်သည်။ သို့သော်လည်း အမေရိကန်တို့၏ တရားဝင် ခန့်မှန်းချက် များတွင် တရုတ်တို့၏ နျူကလီးယား လက်နက်တိုက် တွင် နျူကလီးယား ထိပ်ဖူး ၂၆ဝ သာရှိသည်ဟု ဆိုသည်။ ထို အရေအတွက် သည် နျူကလီးယား ပိုင်ဆိုင်သည့် အဓိက ငါးနိုင်ငံစာရင်း တွင် ဒုတိယ အင်အား အနည်းဆုံး ဖြစ်သည်။ သို့သော်လည်း တရားဝင် စာရင်း မဟုတ်သော ကြောင့် တရုတ် နျူကလီးယား လက်နက်တိုက်တွင် အရေအတွက် မည်မျှအထိ ရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။

ယနေ့အချိန်ထိ အမေရိကန် သည် နျူကလီးယား ထိပ်ဖူး အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ရပ်တည် နေသေးပြီး သမ္မတ အိုဘားမား လက်ထက် ပိုင်ဆိုင်မှုမှာ ထိပ်ဖူးပေါင်း ၅၃ဝဝ ကျော်အထိ ရှိနေသေးသည်။ ရုရှားက ထိပ်ဖူးပေါင်း ၂၅ဝဝ ကျော်နှင့် ဒုတိယ အများဆုံး နေရာကို ယူထားပြီး ၂ဝ၁၅ ခုနှစ်က သူ၏ လက်နက်တိုက် ကို တိုက်ချင်းပစ် ဒုံးပျံအစင်း ၄ဝ ကျော် အားဖြည့်ခဲ့ခြင်း ကြောင့် တတိယ ကမ္ဘာစစ်ကို စတင်မည့်သူ အဖြစ် ပိုမို ထင်ကြေးပေး ခံရသူဖြစ်သည်။

စစ်အေးခေတ် ကာလတုန်းက အမေရိကန် သည် ဆိုဗီယက် ပြည်ထောင်စု (ယခုရုရှား) ကို နျူကလီးယား ဗုံးကြဲဖို့ B-52 များကို စတင် တည်ဆောက်ခဲ့ပြီး ပင်တဂွန် သည် လက်တွေ့ အကောင်အထည် ဖော်လုနီးပါး ပင်ဖြစ်ခဲ့သည်။ ထို့ကြောင့် အမေရိကန်၏ နျူကလီးယား ပထမ ပစ်မှတ်သည် သမိုင်း အစဉ်အလာ အရနှင့် ယခုအချိန်ထိ နျူကလီးယား ခြိမ်းခြောက် နိုင်သူအဖြစ် ရုရှားဖြစ်သွား ခဲ့ပြီး ဒုတိယ ပစ်မှတ်သည် တရုတ်ဖြစ်သွား ခဲ့ခြင်းဖြစ်သည်။ တတိယ ပစ်မှတ်မှာ မြောက်ကိုရီးယား ဖြစ်သည်။

ဧပြီလတုန်းက ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာ က ပင်တဂွန်၌ မိန့်ခွန်း ပြောရာတွင် လက်ရှိ အချိန်ထိ နျူကလီးယား တိုက်ခိုက်ရန် စာရင်းဝင် သုံးနိုင်ငံတွင် မြောက်ကိုရီးယား သည် ထိပ်ဆုံးမှ ပါနေသည်။ သို့သော်လည်း အာကာသ နည်းပညာ အားနည်းလှသော မြောက်ကိုရီးယား ကြောင့် အမေရိကန်တို့ မြောက်ကိုရီးယား ကို နံပါတ်တစ် စာရင်းမှ ထုတ်ပယ် သင့်ပြီး ရုရှားနှင့် တရုတ်ကို ရှေ့တန်းမှာ ထားသင့်သည်ဟု နိုင်ငံရေး သုတေသီ တို့က မြင်သည်။

တရုတ်သည် အမေရိကန်ကို ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသော နိုင်ငံ ဖြစ်သော်လည်း နျူကလီးယား အရေးနှင့် ပတ်သက် လာလျှင်တော့ ရုရှားထက် အများကြီး နောက်ကျခဲ့သော နိုင်ငံဖြစ်သည်။ သို့သော်လည်း ထိုနှစ်နိုင်ငံ သည် အမေရိကန်ကို ယှဉ်ပြိုင်ရန် မဟာမိတ် ဖွဲ့ထားသူများ ဖြစ်သည်။ ယနေ့ ကမ္ဘာ စစ် အတွက်နှင့် နျူကလီးယားစစ်ပွဲ အတွက် ထင်ကြေးပေး ခံရသည့် နိုင်ငံသုံးနိုင်ငံ စလုံးတွင် ဆတ်ဆတ်ထိ မခံသည့် အင်အား ပြိုင်ဆိုင်မှု များက ရှိနေသည်။

ဥရောပ၌ ရုရှားက နေတိုးကြောင့် တတိယကမ္ဘာ စစ်ကို ဆင်နွှဲမည် ဖြစ်ပြီး နျူကလီးယား လက်နက်ကိုပင် လိုအပ်လျှင် ပစ်လွှတ်ရန် အမိန့်ပေးထားသူ ဖြစ်သည်။ တိုက်ပွဲဝင် လေ့ကျင့်ခန်း အတွက် ရုရှားသည် ဆီးရီးယားတွင် ဆင်နွှဲခဲ့ပြီး အောင်မြင်မှု များစွာနှင့် တာဝေးပစ် ဒုံးပျံစမ်းသပ်မှု များကိုပါ တစ်ပါတည်း လုပ်ဆောင်ခဲ့သည်။ မြေထဲပင်လယ် ထဲမှ ဆီးရီးယား အထိ အီရတ်ကို ကျော်ကာ တာဝေးပစ် ဒုံးပျံများနှင့် ISIS စစ်သွေးကြွ တို့ကို တိုက်ခိုက်ခဲ့ပြီး အမေရိကန်တို့က နျူကလီးယား ထိပ်ဖူးများ ပါဝင်လာနိုင် သည်ဟူ၍ပင် စိုးရိမ်ခဲ့ရသည်။

ထို့ပြင် ရုရှားသည် ယခုနေတိုး၏ တန်ပြန် ထိုးစစ်အတွက် တောင်ပိုင်းမှ နေတိုးနှင့် ထိစပ်နေသော ပြည်နယ်သုံးခုကို တန်ပြန်ထိုးစစ် ဌာနများအဖြစ် ဖွဲ့စည်းခဲ့ပြီး စစ်ရေး လေ့ကျင့်ခန်း များကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်၍လည်း ပြုလုပ်လာ နေသည်။ ထို အချက်များသည် တတိယကမ္ဘာ စစ်ကို ရုရှားနှင့် နေတိုး၊ ရုရှားနှင့် အမေရိကန် စတင်မည့် အချက်များ ဖြစ်သည်။

တစ်ဖန် အာရှတွင်လည်း တရုတ်နှင့် တောင်တရုတ် ပင်လယ်ပြင် အရေးကလည်း ရှိနေသေးသည်။ အမေရိကန် တို့က ကန့်ကွက်သည်။ တရုတ်က ဆက်လုပ်သည်။ ပြောမရသည့် အဆုံး အမေရိကန်က ကင်းလှည့်မည့် အစီအစဉ်များကို ဂျပန်နှင့် ပြုလုပ်သည်။ တရုတ်နှင့် အငြင်းပွားနိုင်ငံ များကို အမေရိကန်က စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ ပေးသည်။ နောက်ဆုံး အမေရိကန်တို့က တောင်တရုတ် ပင်လယ်ပြင်၌ သူတို့ လေယာဉ်တင် သင်္ဘောတစ်စင်း အမြဲတမ်း နေရန် အတွက်ပါ စီမံကိန်းများ ဆွဲနေသည်။ နှစ်နိုင်ငံ စစ်အင်အားများ ထိပ်တိုက် တွေ့ဆုံမှု အနီးကပ်ဆုံး ရှိလေ စစ်ပွဲတစ်ပွဲ ဖြစ်ပွားရန် ပိုမိုလွယ်ကူလေ ဖြစ်သည်။ ထို့ကြောင့် တောင်တရုတ် ပင်လယ်ပြင် သည် အမေရိကန်နှင့် တရုတ်ကြား စစ်ပွဲစတင်မည့် နေရာဖြစ်လာ နိုင်သည်။

မြောက်ကိုရီးယား သည် အမေရိကန် တို့ကို စီးပွားရေး ပိတ်ဆို့မှု များကြောင့် အမုန်းကြီး မုန်းတီးနေသူ ဖြစ်သည်။ နျူကလီးယား လက်နက်နှင့် ပထမဆုံး တိုက်ခိုက်မည့် နိုင်ငံသည် အမေရိကန် ဟုလည်း ၄င်းတို့က ဆိုထားသည်။ 

ယခု မြောက်ကိုရီးယားတို့ နောက်ထပ်လေးနှစ် အတွင်း နျူကလီးယား နှင့် အမေရိကန်ကို တိုက်ခိုက် နိုင်သည်ဟု အမေရိကန်တို့က ခန့်မှန်း ထားသည်။ ထို့ကြောင့် အမေရိကန်သည် သူ၏ နျူကလီးယား စီမံကိန်းများကို အချိန်နှင့်အမျှ ပြောင်းလဲ နေရခြင်းဖြစ်သည်။ သို့သော်လည်း ထိုသုံးနိုင်ငံ စလုံးသည် နံပါတ်စဉ်သာ ပြောင်းလဲသွားမည်။ အမေရိကန်တို့၏ နျူကလီးယားနှင့် တိုက်ခိုက်မည့် စာရင်းကတော့ မည်သည့်အ ချိန်မျှ ပြောင်းလဲသွားမည်မဟုတ်ပေ။

ယခု အမေရိကန်တွင် အားနည်းချက် တစ်ခုရှိနေသည်။ ၄င်း၏ နျူကလီးယား စနစ်များ ခေတ်နောက်ကျ နေခြင်းဖြစ်သည်။ ခေတ်မီအောင် ပြန်လည် ပြုပြင်ရန် အချိန် အနည်းဆုံး ၁ဝ နှစ် ယူရမည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ဘီလီယံ ၄ဝဝ ကျော် ကုန်ကျမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့ နျူကလီးယားစနစ် ပြုပြင်ပြီးသည့် အချိန်မတိုင်မီ နျူကလီးယား လက်နက်များကို အမြဲတသသ ဖြစ်နေသော ရုရှား၊ တရုတ်တို့ နှင့်သာ စစ်ဖြစ်ခဲ့ပါက နျူကလီးယား အရေးတွင် တစ်ပန်းရှုံးနိမ့် နေမည်ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger