www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 19, 2016

အစာအိမ် အချဉ်ဖောက်ခြင်းနှင့် အစာ



အစာအိမ် အချဉ်ဖောက်ခြင်းနှင့် အစာ

ဒေါက်တာ လွင်သန့်

လူတွေမှာ စားချိန်အိပ်ချိန် အချိန်မမှန် ဖြစ်လာတဲ့ အခါ အစာအိမ် အချဉ်ပေါက် (Acid Stomach) ဖြစ်လာတယ်။ အစာအိမ် ထဲမှာ အက်စစ်ဓာတ် တွေ (Hydrochloric Acid) အများကြီး ထွက်နေ တတ်တယ်။

အစာအိမ်မှ ထွက်ရမယ့် အက်စစ်ဓာတ် တွေဟာ အချိန်မှားပြီး ထွက်နေခြင်း ဖြစ်တယ်။ ဒါကြောင့် စိတ်ဖိစီးမှု များခြင်း၊ ကဖင်းဓာတ် ပါတဲ့ အရည်များ သောက်ခြင်း၊ အရက်၊ ဘီယာ သောက်သုံးမှု များခြင်း၊ အချိုစားခြင်း တို့ကြောင့် အက်စစ်ဓာတ် ပိုထွက်ပြီး အစာအိမ် ပြဿနာ ဖြစ်နေရတာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာ

ရင်ပူခြင်း၊ အစာရေမျိုပြွန် အတွင်း အချဉ်ဓာတ် ပြန်ခြင်း၊ အစာမကြေခြင်း၊ လေပွခြင်း၊ ဝမ်းဗိုက်အတွင်း မအီမသာ ဖြစ်ခြင်းတို့ ခံစားရတယ်။ စိတ်ဖိစီးမှု ဝေဒနာ ကြာရှည်ခံစား ရတဲ့အခါ ပင်ပန်းနွမ်းနယ် ပါက အစာချေ စနစ်ဟာ ပျက်စီးယိုယွင်း သွားတယ်။

ရှောင်ကြဉ်ရမယ့်အစာ

ကော်ဖီ၊ လက်ဖက်ရည် (နို့၊ သကြားမပါ)၊ အရက်၊ ဘီယာနှင့် အချိုရည်များ၊ မလိုင်အပြည့် ပါတဲ့ အစားအစာ များနဲ့ အဆီဓာတ် များတဲ့ဒိန်ခဲများ၊ ဆီကြော် အစားအစာနဲ့ အဆီများတဲ့ အစာများ၊ အဆီများပြီး ငရုတ်သီးစပ်တဲ့ အစာများ၊ ဖျော်ရည် အပျစ်များ၊ လိမ္မော်၊ ရှောက်၊ ခရမ်းချဉ်၊ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာများ ရှောင်ကြဉ် သင့်ပါတယ်။

စားသုံးသင့်သောအစာ

ဆန်လုံးညို၊ လုံးတီးဆန်၊ ပဲနီလေး၊ ပေါင်မုန့်၊ နှံစားပြောင်း၊ ဆန်နဲ့ လုပ်ထားတဲ့ မုန့်မျိုးစုံ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များ၊ လတ်ဆတ်တဲ့ အသီးအနှံကို သကြားမပါဘဲ စားနိုင်ပြီး၊ အဆီနည်းတဲ့ အသား၊ အရေခွံ မပါတဲ့ ကြက်သား၊ ဘဲသား၊ ငါးစားပေး ရမယ်။ အဆီ ထုတ်ထားတဲ့ နွားနို့၊ ပဲနို့ရည်၊ ကဖင်းဓာတ် ထုတ်ထားတဲ့ လက်ဖက်ရည်၊ လတ်ဆတ်တဲ့ ချင်းမြစ်၊ နူးအောင် ချက်ထားတဲ့ ဂေါ်ဖီထုပ်နဲ့ ဂေါ်ဖီထုပ်ရည်၊ လတ်ဆတ်ပြီး အဆီထုတ် ထားတဲ့ ဒိန်ချဉ်တို့ကို စားပေးသင့် ပါတယ်။

စားသောက်မှုပုံစံ

အစာအားလုံး ကြေညက်အောင် ဝါးစားရမယ်။ အစာစားချိန်မှာ အရည်များ သောက်ခြင်းတွေ ရှောင်ရမယ်။ အစာအိမ် အတွင်းရှိ အက်စစ်ဓာတ် အားလျော့ပြီး အစာမကြေ ဖြစ်နိုင်ပါတယ်။ စားတဲ့အခါ အများကြီး စားသောက်မယ့် အစား နည်းနည်းနဲ့ မကြာခဏ စားပေးရမယ်။ စိတ်ထိခိုက် တာတွေဖြစ် လာရင် ယောဂကျင့်စဉ်၊ ထိုက်ချိ၊ တရားထိုင် ခြင်း၊ ပုတီးစိပ်ခြင်း လုပ်ပြီး စိတ်ဖြေလျှော့ သင့်တယ်။ အစာစား ပြီးသွားရင် ပြင်းထန်တဲ့ လေ့ကျင့်ခန်း မလုပ်သင့်ပါ။ လမ်းလျှောက်ပါ။ အစားအစာ များကို တွဲဖက် ရောနှောစားခြင်း ဟာ အက်စစ်ဓာတ်ကို ပိုမိုထွက်စေ ပါတယ်။ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်၊ အသုပ်များ ရောစား နိုင်ပေမယ့် ဟင်းသီးဟင်းရွက် အသုပ်များနဲ့ အာလူး၊ ပေါင်မုန့်များ တွဲမစား သင့်ပါ။ လူတွေဟာ အစာမကြေဘူး ထင်ရင် ဂျဲလ်မက်၊ ဒိုင်ဂျင်းစတဲ့ အစာကြေ ဆေးတွေ သောက်လေ့ရှိပြီး၊ တချို့လူတွေဟာ တစ်နေ့ကို ဒိုင်ဂျင်း သုံးကြိမ် သို့မဟုတ် လေးကြိမ် မက သောက်တတ်ကြ ပါတယ်။ အဲဒီဆေးတွေ ဟာ လူကို ထိခိုက်စေတယ်။ အလူမီနီယမ် ပါတဲ့ ဆေးဆိုရင် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေပါတယ်။

သုံးသပ်ခြင်း

အစာအိမ် အချဉ်ပေါက် ခြင်းဟာ ရောဂါပိုး (H.pylori) ဗက်တီးရီးယား ကြောင့် ဖြစ်တတ်တယ်။ အိပ်ခ်ျပိုင်လိုရီ က ကူးစက် တတ်သလို၊ မျိုးရိုး လိုက်တတ်တယ်။ အိပ်ခ်ျပိုင်လိုရီ ရှိကြောင်း အစာအိမ်ကို မှန်ပြောင်း နဲ့ကြည့်ကာ အသားစကို ယူပြီး ပိုးမွေးရတယ်။ (H.pylori) ဖြစ်ရင် အမောက်ဆလင်၊ မက်ထရို၊ ရင်နယ်သဒင်း၊ အင်တာ ဆစ်ပလပ် (Amoxil, Metro, Ranitidine, Entacyd plus) တို့ကို တစ်နေ့နှစ်ကြိမ် လနှင့်ချီပြီး သောက်ရပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger