www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 19, 2016

လှေခွင်းတောင်ခြေ အပန်းဖြေ ပေါင်းလောင်းမြစ်ကမ်းခြေ




မြန်မာနိုင်ငံ၏ ငပလီ၊ ငွေဆောင်၊ ချောင်းသာ တို့ကဲ့သို့ အထင်ကရ ပင်လယ်ကမ်းခြေ မဟုတ်သော်ငြား နေပြည်တော် နှင့် ပတ်ဝန်းကျင် နေရာဒေသ အနှံ့အပြားမှ တကူးတက လာရောက် အပန်းဖြေ ရလောက်အောင် ဆွဲဆောင်မှု ရှိလှသည့် နေပြည်တော် ဇေယျာသီရိ မြို့နယ်ရှိ သမိုင်းဝင် သာသနာ့ အလင်းရောင် လှေခွင်းတောင် တော်မြတ်ကြီး ၏ ခြေရင်းအနီး ကြည်လင်စွာဖြင့် တသွင်သွင် စီးဆင်းနေသည့် ပေါင်းလောင်း မြစ်ကမ်းခြေတွင် နှစ်ဆန်း တစ်ရက်နေ့ ဘုရားဖူးလာ ပြည်သူ၊ အပန်းဖြေ ရေကစားကြ သူများဖြင့် အထူး စည်ကားလျက် ရှိသည်။

သမိုင်းဝင် လှေခွင်းတောင် သည် ပေါင်းလောင်း မြစ်ကမ်းအနီး ကျည်တောင်ကျေးရွာ တွင်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀ ကျော်ခန့် ကတည်းက တည်ရှိခဲ့ကြောင်း ကျည်တောင်ရွာ နှင့် လှေခွင်းတောင် သမိုင်း အထောက်အထား အရ သိရသည်။ ကျည်တောင်ရွာ တစ်ဖက်ကမ်းတွင် သာယာဝှမ်း ကျေးရွာရှိပြီး ရွှေပေါင်းလောင်း တံတားဖြင့် ဆက်သွယ် ထားသည်။ ရွှေပေါင်းလောင်း တံတားသည် လူသွားလမ်း အကျယ် ၆ ပေ၊ အရှည် ၅၂၈ ပေရှိ သစ်သားတံတား ဖြစ်ပြီး ၁၉၉၅ ခုနှစ်က ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။ ထိုတံတားကို နှစ်စဉ်မွမ်းမံ ခဲ့ကြရာ ၂ဝ၁၃ ခုနှစ်က နောက်ဆုံး မွမ်းမံပြင်ဆင် ခဲ့ပြီး လက်ရှိ အချိန်ထိ ကြံ့ခိုင် ကောင်းမွန်စွာ အသုံးပြုလျက် ရှိသည်ကို တွေ့ရသည်။

ပေါင်းလောင်းမြစ်၏ အထက်ပိုင်းတွင် ပေါင်းလောင်းဆည် ရှိပြီး အောက်ပိုင်းတွင် အဝေရာဆည် ရှိသည်။ ကျည်တောင်ရွာ မြစ်ကမ်းရှိ ရွှေဇေယျာ ရေသဘင် မဏ္ဍပ်တွင်လည်း နှစ်ဆန်း တစ်ရက်နေ့ ရေကစားသူများ၊ ဖျော်ဖြေရေး အစီအစဉ် များဖြင့် တစ်နေ့လုံး ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိပြီး စားသောက်ဆိုင် များလည်း အတော်ပင် ရောင်းကောင်းလျက် ရှိသည်ကို တွေ့ရသည်။

ပေါင်းလောင်းဆည်မှ ရေလွှတ်ချိန်တွင် မြစ်အတွင်း ရေအနက်ဆုံး နေရာ၌ ၁၅ ပေခန့် ရှိတတ်ပြီး ရေလွှတ်ခြင်းကို အချိန်မှန် ဆောင်ရွက်လျက် ရှိသည်။ ယခင်နှစ်များက သင်္ကြန် ကာလတွင် ပေါင်းလောင်းမြစ် အတွင်း လူအသေအပျောက် ရှိခဲ့ခြင်းကြောင့် ယခုနှစ် တွင် အများပြည်သူ စိတ်အေးချမ်းသာ စွာနှင့် အန္တရာယ်ကင်းစွာ အပန်းဖြေ နိုင်ရေးအတွက် လုံခြုံရေးနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ကို တာဝန်ရှိ သူများနှင့် ဒေသခံများပါ အထူး ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်းလည်း တွေ့ရသည်။

သမိုင်းဝင် လှေခွင်း တောင်ပေါ်ရှိ တန်ခိုးကြီး ကိုးမုခ်ပြန် စေတီတော်ကြီး နှင့် အခြား စေတီများ တွင်လည်း ဘုရားဖူးများဖြင့် အထူး စည်ကားလျက် ရှိသည်။ သမိုင်းဝင် လှေခွင်း တောင်တော်၊ ပေါင်းလောင်းမြစ်၊ ရွှေပေါင်းလောင်း တံတားနှင့် အပန်းဖြေ ရေကစားသူများ ၏ကြည်နူး ပျော်ရွှင်ဖွယ်ရာ မြင်ကွင်းမှာ နှစ်သစ်ကူး၏ နေခြည်နုနု အောက်တွင် သဘာဝ ပန်းချီကားချပ် သဖွယ် မြင်ရသည်။ ပေါင်းလောင်းမြစ် အတွင်း သင်္ကြန်ကာလ ပြီးဆုံးပါက မြစ်အတွင်း အမှိုက်သရိုက် များနှင့် သန့်ရှင်းရေး အား မြို့နယ်စည်ပင် သာယာရေး အဖွဲ့က နှစ်စဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင် ၊ ရဲဝင်းနိုင်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger