www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 28, 2016

လေ့ကျင့်မှကျွမ်းကျင် ၊ ကျွမ်းကျင်မှယုံကြည် ၊ ယုံကြည်မှရဲရင့် ၊ ရဲရင့်မှ အောင်ပွဲဆင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း၌ အထူးတပ်ဖွဲ့ဝင်များကို အမှာစကားပြောကြားစဉ်


နေပြည်တော် ၊ ၂၈-၄-၂၀၁၆

စစ်မြေပြင် ဆိုသည်မှာ ရန်သူနှင့် တိုက်ပွဲဝင်သည့် နေရာဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းရေးမှာမူ ပြည်သူလူထုနှင့် ဆက်စပ်သည့် နေရာများ၌ ဆောင်ရွက်ရသဖြင့် များစွာ ကွာခြားချက် ရှိကြောင်း၊ ယင်း ကွာခြားချက် များကို ယခုလို လေ့ကျင့်ရေးကွင်း ၌ လေ့ကျင့်ပေးနိုင် ခြင်းကြောင့် တပ်မတော် အတွက် အဖိုးတန်သည့် လေ့ကျင့်ရေးကွင်း တစ်ခု ဖြစ်ကြောင်း၊ အဖိုးတန်သည့် စစ်သားကောင်းများ လေ့ကျင့်မွေးထုတ် ပေးနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထူး တပ်ဖွဲ့ဝင် များ၏ စွမ်းရည် သရုပ်ပြ လေ့ကျင့်မှုများကို သွားရောက် ကြည့်ရှုအားပေးပြီး အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ အထူးတပ်ဖွဲ့ လေ့ကျင့်ရေး ကွင်း၌ ယမန်နေ့ နံနက်ပိုင်းတွင် အထူး တပ်ဖွဲ့ဝင်များ စွမ်းရည် သရုပ်ပြ လေ့ကျင့်မှုများ ပြုလုပ်ကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး  (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့်အတူ သွားရောက် ကြည့်ရှု အားပေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များကို ရှင်းလင်းဆောင် တွင် ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်း နှင့်ပတ်သက် သည်များကို ရှင်းလင်း တင်ပြသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ရေးပိုင်း ဆိုင်ရာ လိုအပ်သည် များကို မှာကြားပြီး အုပ်ချုပ်မှု ပိုင်းဆိုင်ရာ တင်ပြချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် အထူးတပ်ဖွဲ့ဝင် များသည် လေ့ကျင့်ရေးကွင်း အတွင်း ဝင်ရောက် နေရာယူကြပြီး ကိုယ်ခံပညာ စွမ်းရည် ပြသခြင်း၊ တစ်ဦးချင်း နည်းစနစ် လေ့ကျင့်ခြင်း နှင့် အဖွဲ့လိုက် ယုံကြည်မှု လေ့ကျင့်ခြင်း တို့ကို လက်တွေ့ ပစ်ခတ် ဖောက်ခွဲမှုများ နှင့်အတူ လေ့ကျင့်ခြင်း၊ လေထီးဆင်း လေ့ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု လေ့ကျင့်ခြင်း၊ မြို့ပြ အဆောက်အအုံ အတွင်း ဓားစာခံ ကယ်တင်မှု လေ့ကျင့်ခြင်း၊ အကြမ်းဖက်ခံ ရသည့် ခရီးသည်တင် ယာဉ်နှင့် လေယာဉ် အတွင်းမှ ဓားစာခံများ ကယ်တင်မှု လေ့ကျင့်ခြင်း များအား သရုပ်ပြ လေ့ကျင့် ဆောင်ရွက် ကြသည်။

ဆက်လက်ပြီး အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်း အတွင်းရှိ အဆောက်အအုံ များ၊ အတားအဆီး များနှင့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများကို အသုံးပြု၍ အထူး တပ်ဖွဲ့ဝင်များ လေ့ကျင့် ဆောင်ရွက်နေမှု များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု ကြသည်။

လေ့ကျင့်ရေးကွင်း အတွင်း၌ အထူးတပ်ဖွဲ့ဝင်များ၏ စွမ်းရည်သရုပ်ပြ လေ့ကျင့်မှုကို တွေ့ရစဉ်




ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ ကြသော အထူးတပ်ဖွဲ့ဝင် များကို အမှာစကား ပြောကြား ရာတွင် အထူးတပ်ဖွဲ့ဝင် များ၏ လေ့ကျင့်ရေး နှင့် ပတ်သက်၍ ကျွမ်းကျင် ကြံ့ခိုင်မှုများ ပြသသွား နိုင်သဖြင့် တပ်မတော် အတွက် ခြေလှမ်းသစ် တစ်ရပ် ရရှိကြောင်း၊ နဂိုရှိပြီးသား အခြေခံ များအား ယခုအခါ လေ့ကျင့်ရေး သင်ထောက်ကူ ပစ္စည်းများ ပြည့်ပြည့်စုံစုံ ဖြင့် လေ့ကျင့်နိုင်ကြောင်း၊ တပ်မတော်သား တစ်ဦးသည် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ယုံကြည်မှု ဆိုသည့် အခြေခံများ ရှိမှသာ လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်မှု ရရှိနိုင်ကြောင်း၊ မည်သည့် တပ်ဖွဲ့ပင် ဖြစ်စေ တာဝန်ထမ်းဆောင် မည်ဆိုပါက ကျန်းမာရန် လိုအပ်ကြောင်း၊ ကျန်းမာရန် အတွက် အာဟာရ ပြည့်ဝအောင် စားသောက်ရန် လိုအပ်ပြီး မိမိ၏ ကိုယ်ခန္ဓာ ခံနိုင်ရည် စွမ်းအား ရှိအောင် နေထိုင် လေ့ကျင့်ရန် လိုကြောင်း၊ ကျန်းမာ၊ ကြံ့ခိုင်အောင် ဆောင်ရွက်ပြီး ''လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်'' ဆိုသည့်အတိုင်း ယုံကြည်မှု၊ ကျွမ်းကျင်မှု ရရှိအောင် စနစ်တကျ လေ့ကျင့် သွားရန် လိုအပ်ကြောင်း၊ တပ်မတော်သား တစ်ဦးအနေဖြင့် လက်နက်နှင့် လက်တွေ့ တိုက်ပွဲဝင်ရ သူများဖြစ်၍ အချိန်မရွေး ကြီးမားသည့် ပေးဆပ်မှုများ ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ အမြဲတမ်း တိုက်ပွဲဝင် နိုင်အောင် အမြဲတမ်း လေ့ကျင့်ထားရန် လိုအပ်ကြောင်း၊ ပင်ပန်းသည့် သင်တန်း တစ်ခုတွင် လေ့ကျင့်မှု ရရှိခဲ့ပြီးပါက စစ်နည်းဗျူဟာနှင့် ပေါင်းစပ်၍ လက်တွေ့ နယ်ပယ်၌ အသုံးချ နိုင်အောင် ကြိုးစားရန် လိုကြောင်း၊ စစ်နည်းဗျူဟာ ကျင့်သုံးမှု အပိုင်းတွင် လည်း မိမိတို့၏ ထိုးထွင်း ကြံဆမှု ပေါင်းစပ်ပြီး ဆောင်ရွက်ရန် လိုကြောင်း၊ လေ့ကျင့်ရေး ပိုင်းတွင် တာဝန်ရှိသည့် နည်းပြများ အနေဖြင့်လည်း သင်တန်းများကို အကျိုးရှိရှိ စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း၊ သင်တန်း တက်ရောက် သူများ အနေဖြင့်လည်း သင်ယူ ရရှိသည့် လေ့ကျင့်မှု များကို မိမိတို့၏ အားနည်းချက်များ ကြောင့် အရည်အသွေး မကျရန် လိုအပ်ပြီး အသောက်အစား၊ အပျော်အပါး များကြောင့် ကိုယ်ပိုင် စွမ်းရည်များ ကျဆင်း တတ်သဖြင့် ရှောင်ကြဉ်ရန် လိုကြောင်း၊ မိမိကိုယ်ကို မိမိ ထိန်းသိမ်း၍ တစ်ဦးချင်း ဂုဏ်သိက္ခာ၊ တပ်ဖွဲ့ ဂုဏ်သိက္ခာနှင့် တပ်မတော်၏ ဂုဏ်သိက္ခာ များကို ထိန်းသိမ်းပြီး မြန်မာ့ တပ်မတော်၏ စွမ်းရည်ကို နိုင်ငံတကာတွင် ပြသနိုင်စွမ်း ရှိအောင် ကြိုးစား လေ့ကျင့်သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။ 

ယင်းနောက် အထူးတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။ အဆိုပါ အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်း ကို ၂ဝ၁၆ ခုနှစ်၊ ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger