www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 25, 2016

တောင်တရုတ်ပင်လယ် အရေးတွင် တရုတ်ဘက်က ရပ်တည်နေသည့် ရုရှား



( ရှိန်းထက် )

ဧပြီ ၁၄ ရက်က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလပ်ဗ်ရော့ သည် တရုတ်၊ ဂျပန်နှင့် မွန်ဂိုလီးယား စသည့်နိုင်ငံ တို့မှ မီဒီယာများနှင့် အင်တာဗျူး လုပ်ခဲ့သည်။ လပ်ဗ်ရော့ ၏ တောင်တရုတ် ပင်လယ်ပြင် မှတ်ချက်ထဲတွင် ''တောင်တရုတ် ပင်လယ်ပြင် အရေးဟာ အငြင်းပွားနိုင်ငံ တွေနဲ့ တရုတ်တို့ ရဲ့ အရေးသာ ဖြစ်တယ်။ အနောက်အုပ်စု နဲ့ တခြား ဥရောပနိုင်ငံ တွေရဲ့ အရေး မဟုတ်ဘူး။ တတိယ ကြားလူလည်း ဝင်ရောက် ဖြေရှင်းပေးဖို့ မလိုဘူး။ သူတို့ချင်းသာ အဆင်ပြေအောင် ဖြေရှင်းရမယ်'' ဟု အမေရိကန်၏ ကြားဝင် နေမှုကို လပ်ဗ်ရော့ က ပြောင်ပြောင် တင်းတင်းပင် ပြစ်တင် ဝေဖန်ခဲ့သည်။

ထို့ပြင် အာဆီယံ၊ ဥရောပ ညီလာခံများ နှင့် အရှေ့အာရှ ညီလာခံများတွင် တောင်တရုတ် ပင်လယ်ပြင် အရေးကို အဓိကထား ဆွေးနွေးသည် ကိုလည်း လပ်ဗ်ရော့ က ဝေဖန်သွားခဲ့ သေးသည်။ ထို့ကြောင့် တရုတ်ကို တောင်တရုတ် ပင်လယ်ပြင် အရေးတွင် ရုရှား က အားပေး အားမြှောက် ပြုလုပ်နေကြောင်း ရှင်းရှင်းသိသွား ခဲ့ရသည်။ အငြင်းပွား နေစဉ် မှာပင် ဧပြီ ၁၈ ရက်က တရုတ်သည် သူတို့ ဆောက်လုပ် နေသော လူလုပ်ကျွန်း ပေါ်သို့ တိုက်လေယာဉ် ဆင်းသက် ခဲ့သည်။ တရုတ်တို့၏ တောင်တရုတ် ပင်လယ်ပြင် လွှမ်းမိုးမှု ဗျူဟာ၏ ကနဦး အောင်မြင်မှု ဖြစ်သည်။

မကြာမီ ဒုံးခွင်းဒုံးများနှင့် ရေဒါစနစ်များ ထပ်ရောက် လာတော့မည်ဖြစ်ပြီး ခန့်မှန်းထားသော အချိန်ထက် စောစီးစွာ လေယာဉ် ပြေးလမ်းကို တရုတ်တို့ တည်ဆောက် နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အမေရိကန် တို့ ယခင် ကတည်းက စိုးရိမ်ခဲ့သည့် အတိုင်း ရေဒါဖြန့်ကြက်မှု များမှာ တောင်တရုတ် ပင်လယ်ပြင် ကျွန်းတုပေါ်တွင် နေရာယူ တော့မည် ဖြစ်သည်။

ထိုနေရာသာ တရုတ်တို့၏ အခြေချ စစ်ရေးအခြေစိုက် စခန်းတစ်ခု ဖြစ်သွားခဲ့ပါက ကမ္ဘာ့သြဇာ သက်ရောက်မှု သည် အမေရိကန်ကို တရုတ်က စစ်ရေးအရ ကောင်းကောင်းကြီး ဒုက္ခပေးနိုင် တော့မည် ဖြစ်သည်။ အကယ်၍ အမေရိကန်နှင့် စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါက ကမ္ဘာ့ ကုန်သွယ်မှု၏ လေးပုံတစ်ပုံ ကို တရုတ်က အပိုင်သိမ်း ယူကာ တောင်တရုတ် ပင်လယ်ပြင်ကို ထိန်းချုပ် လိုက်မည် ဖြစ်သည်။ ထိုအခါ ကုန်စည် ပြတ်လပ်မှုများ ဖြစ်ပွားပြီး တရုတ်၏ လူလုပ်ကျွန်း ပေါ်က ရေဒါဖြန့်ကြက်မှု များနှင့် တိုက်ချင်းပစ် ဒုံးပျံများသည် အမေရိကန် အထိ ရောက်ရှိလာ နိုင်သည်။

တောင်တရုတ် ပင်လယ်ပြင်မှ လူလုပ်ကျွန်းတု တစ်ခုက စစ်ရေးဗျူဟာ အရ အမေရိကန် ကိုပင် ခြိမ်းခြောက် နေနိုင်သောကြောင့် အမေရိကန်တို့ ယခုလောက် အထိ ပြင်းပြင်းထန်ထန် ကန့်ကွက် နေရခြင်း ဖြစ်သည်။ သာမန်အတိုင်း ဆိုလျှင် အမေရိကန် တို့ ယခုလောက် အထိ ကန့်ကွက်စရာ အကြောင်း မရှိပေ။ ထို့ကြောင့်ပင် အမေရိကန်၏ THAAD ဒုံးခွင်းဒုံး စနစ်များ မြောက်ကိုရီးယားကို အကြောင်းပြပြီး တောင်ကိုရီးယား ကို ရောက်လာခဲ့ ရသည်။

စစ်အေးခေတ် ကာလတုန်းက ဆိုဗီယက် ပြည်ထောင်စုကို နျူကလီးယား ဗုံးကြဲရန် ရည်ရွယ် တည်ဆောက် ထားသော B-52 မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ် များလည်း အာရှ-ပစိဖိတ် သို့ တရုတ်ကြောင့် ရောက်လာရန် အကြောင်းဖန် လာနေသည်။ တရုတ်ကိုပင် စိုးရိမ်စိတ်ကြောင့် အမေရိကန် စစ်တပ်အင်အား အများစုကို အာရှ-ပစိဖိတ် သို့ပို့ရန် စဉ်းစားနေရ ချိန်တွင် ရုရှားက တောင်တရုတ် ပင်လယ်ပြင် အရေးတွင် ဝင်ပါနေသည်။ အရေးကြီးလျှင် သွေးနီးကြမည့် ကွန်မြူနစ် မဟာမိတ် အင်အားကြီး နှစ်နိုင်ငံကြောင့် တောင်တရုတ် ပင်လယ်ပြင် အရေးသည် ပိုမိုရှင်းလင်းရ ခက်သွားခဲ့သည်။ ရုရှားသည် ယခုအချိန်တွင် တရုတ်ကို လုံးဝ လက်လွှတ်ခံ၍ မရသည့် အကြောင်း များကလည်း ရှိနေသည်။

ယူကရိန်း စစ်ပွဲများကို ကြားဝင်ခဲ့ သောကြောင့် ရုရှားကို အမေရိကန်နှင့် အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့မှုများ ချမှတ် ထားသည်။ တစ်ဖန် သူ၏ ရေနံ ဖောက်သည် တူရကီကလည်း ရုရှား တိုက်လေယာဉ် ကို ပစ်ချလိုက်သည့် ပဋိပက္ခ များကြောင့် ရုရှားထံမှ ရေနံဝယ်ယူမှုကို အနိမ့်ဆုံးသို့ လျှော့ချလိုက်သည်။ ရေနံဈေး အောက်ဆုံးထိ လျော့ကျနေချိန်တွင် ဈေးကွက် နောက်တစ်ခုကို မတွေ့ရှိ သောကြောင့် ရုရှားအတွက် ဘေးကျပ်နံကျပ် ဖြစ်နေရသည့် အချိန် ဖြစ်သည်။

ထိုအချိန်တွင် ရုရှားအပေါ်သို့ အရေးယူ ပိတ်ဆို့မှုများ ကလည်း ထိရောက်လှသည်။ ရုရှား၏၂ဝ၁၅ ခုနှစ် GDP ကို ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်း သွားအောင် စွမ်းဆောင်နိုင် ခဲ့သည်။ ထို့ကြောင့် နိုင်ငံ၏ အလုပ်လက်မဲ့ ရာခိုင်နှုန်း ကလည်း ပိုမိုတိုးတက် လာခဲ့သည်။ ထိုအချိန်တွင် တရုတ်နှင့် ဆက်ဆံရေး ဆိုးသွားလျှင် ရုရှား၏ စီးပွားရေးသည် ပို၍ကျဆင်း သွားနိုင်သည်။ ထိုအကြာင်း များကြောင့် တရုတ်ကို ရုရှားတို့ အလိုလိုက် အကြိုက်ဆောင် နေရခြင်း ဖြစ်သည်။

ရုရှားနှင့် တရုတ်တို့၏ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၇ဝ ဘီလီယံ အထိရှိပြီး ထိုပမာဏမှ နှစ်စဉ် ကုန်သွယ်မှု တန်ဖိုးများထက် ဆက်တိုက် ကျဆင်းနေသည်။ ထိုကျဆင်း နေသော ကုန်သွယ်မှု ပမာဏနှင့် နိုင်ငံ၏ ကျဆင်းနေသော စီးပွားရေးကို မြှင့်တင်ဖို့ ဆိုလျှင် တရုတ်နှင့် ကုန်သွယ်မှု တိုးမြှင့်မှုသည် ယခု တခြားသော အရာများထက် အဓိကကျ နေသည်။ ထို့ကြောင့် ရုရှားသည် ၂ဝ၁၆ ခုနှစ် အတွင်း တရုတ်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံ အထိ ရောက်ရှိရန် ကြိုးစား နေရသည်။

၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ရုရှားသမ္မတ ဗလာဒီမာပူတင် သည် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် သွားရောက် တွေ့ဆုံခဲ့သည်မှာ လည်း ထို အကြောင်းကြောင့် ပင်ဖြစ်သည်။ ထိုမှတစ်ဆင့် ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အမေရိကန် ဒေါ်လာ ၂ဝဝ ဘီလီယံ အထိ ရောက်မည့် ကုန်သွယ်ရေး အစီအစဉ် များလည်း ချမှတ်ခဲ့ ကြသည်။ ရုရှားအတွက် တစ်ဦးတည်းသော အကြီးဆုံး ကုန်သွယ်ရေး မဟာမိတ်ဟူ၍ ယခုအချိန်တွင် တရုတ်သာလျှင် ရှိတော့သည်။ ထို့ကြောင့် အမေရိကန် ဦးဆောင်သော စီးပွားရေး ပိတ်ဆို့မှု များကို ကာမိစေရန် တရုတ်နှင့် စီးပွားရေး ကုန်သွယ်မှု တန်ဖိုး အမြင့်ဆုံးအထိ ရောက်ရှိစေရေး ကြိုးစားနေခြင်း ဖြစ်သည်။

ဧပြီ ၂၃ ရက်က တရုတ်သည် သူ၏ DF 41 တိုက်ချင်းပစ် ဒုံးပျံများကို အငြင်းပွား ရေပိုင်နက်နားက တောင်တရုတ် ပင်လယ်ပြင် တွင် စမ်းသပ်ခဲ့သည်။ ထို့ကြောင့် တောင်တရုတ် ပင်လယ်ပြင် အရေးတွင် တရုတ်တို့ ၏ အနိုင်ယူ လာမှုများသည် တဖြည်းဖြည်း နှင့် ပိုမိုဆိုးရွား လာခဲ့သည်။ နိုင်ငံတကာက ကန့်ကွက်နေသည့် ကြားကပင် ကျွန်းပေါ်ကို တိုက်လေယာဉ် ဆင်းသက်ခြင်း သာမကဘဲ တိုက်ချင်းပစ် ဒုံးပျံပါ စမ်းသပ်ခဲ့သည်။ တိုက်လေယာဉ် ဆင်းသက်ခြင်း နှင့် တိုက်ချင်းပစ် ဒုံးပျံ စမ်းသပ်မှုသည် ငါးရက်သာ ခြားသည်။

ထို့ပြင် ဖေဖော်ဝါရီလ က တရုတ်သည် တရုတ်(တိုင်ပေ) နှင့် အငြင်းပွား နေသည့် ပါရာဆယ်ကျွန်းဆွယ် များထဲက တစ်ခုဖြစ်သော ဝူဒီကျွန်း ပေါ်တွင် ဒုံးပျံ ကာကွယ်ရေး စနစ်များနှင့် တိုက်လေယာဉ် များကို တပ်ဖြန့်ချထား ခဲ့သည်။ ထို့ကြောင့် ယခုဆိုလျှင် တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ်တို့ တိုက်လေယာဉ် ဆင်းသက် နိုင်သော နေရာသည် နှစ်နေရာ ရှိသွားပြီ ဖြစ်သည်။ တရုတ်တို့၏ မဟာဗျူဟာ အတိုင်း တောင်တရုတ် ပင်လယ်ပြင်ကို မကြာမီ အပိုင်သိမ်း နိုင်တော့မည် ဖြစ်သည်။

ယခု တရုတ်ဘက်က ရုရှားပါ ကျောထောက် နောက်ခံ ရှိနေသောကြောင့် တောင်တရုတ် ပင်လယ်ပြင် အရေးသည် တရုတ်ဘက် ကသာ အမေရိကန် တို့ ကန့်ကွက် နေရင်းပင် အနိုင်ရရှိရန် အလားအလာများ ရှိ နေပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger