www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 25, 2016

မွေးရပ်မြေသို့ အလည်တစ်ခေါက်


မွေးရပ်မြေသို့ အလည်တစ်ခေါက်

( မဒါလေး )

ယခုနှစ် သင်္ကြန်သည် စာရေးသူ ဘဝတွင် အမှတ်တရ များစွာ ဖန်တီး နိုင်လိမ့်မည်ဟု ဘယ်သောအခါ ကမျှ မတွေးခဲ့ဖူးပါ။ သင်္ကြန် ဆိုသည်နှင့် နွေနေအပူများ ကြားတွင် ရေစိုစိုနှင့် ရေပက်ခံ ရမည်ကို ကြောက်ပြီး ကိုယ်စိတ် ပင်ပန်းရသည့် ခံစားမှုကို စာရေးသူ မကြိုက်ခြင်း လည်း ပါသည်။ သို့အတွက် သင်္ကြန်ရက် ရောက်တိုင်း အိမ်တွင်းပုန်း ကာ ကိုယ်စိတ် ချမ်းသာမည့် စာရေးခြင်း အလုပ်ကိုသာ လုပ်လေ့ရှိသည်။ အပြီးမသတ် ရသေးသည့် စာမူများကို ပြင်သင့်သည် များကိုပြင်၊ အပြီးသတ် သင့်သည်များကို အပြီးသတ်ဖြင့် သင်္ကြန်ရက် သည် ကုန်၍ ကုန်မှန်း မသိ ဖြစ်ရသည်။ 

ယခုနှစ်တွင် သင်္ကြန်မတိုင်မီ လမ်းပေါ်မှ သင်္ကြန်သီချင်းသံ ကြားခါစကပင် ရင်များ တလှပ်လှပ် ခုန်လာသည်။ ငယ်စဉ်က အုန်းလက် မဏ္ဍပ်ဖြင့် ရေလောင်း ရေပက် ကြသည်ကို စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင် လာသည်။ သင်္ကြန်တေးသံ ကြားလျှင်ပင် စိတ်ရွှင်လန်းသည် ဆိုသည်မှာ အမှန်ဖြစ်နေ ရော့သလား။ ယခုမှ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့် မိသည်။

အမှန်တကယ်မှာ ယခုနှစ် သင်္ကြန်သည် ထူးခြားစွာ သင်္ကြန်အကြတ် နှစ်ရက် ဖြစ်နေသည့် အတွက် ရုံးပိတ်ရက် ရှည်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့်ပင် ခရီးသွားသူများ များပြား လှသည်။ အများစုသည် မိသားစုလိုက်၊ အသင်းအဖွဲ့ လိုက် အနားယူ အပန်းဖြေ ထွက်ကြခြင်း နှင့် မွေးရပ်ဇာတိသို့ ပြန်ကြခြင်း ဖြစ်သည်။ သင်္ကြန်မတိုင်မီ ကပင် ခရီးသွား ကြော်ငြာများ၏ ဆွဲဆောင်မှု ကလည်း ခရီးသွားချင် စိတ်ကို ပိုမိုဖြစ်ပေါ် စေသည်။ ဘယ်သို့ သွားမည်ကို သေချာ မဆုံးဖြတ် ရသေးမီ သွားချင်သည့် ဒေသနှင့် ထိုဒေသ အလှအပ များကို အင်တာနက် ပေါ်တွင် လိုက်ရှာ ကြည့်သည်။ ထိုနေရာသို့ သွားလျှင် မည်သို့သော ဗဟုသုတ ရမည်နည်း။ မည်သို့သော အတွေ့အကြုံ အသစ်အဆန်း များနှင့် တွေ့ကြုံ ရမည်နည်း။ ဒေသဆိုင်ရာ အတွေ့အကြုံ ဆိုသည်မှာလည်း လူတစ်ဦး တစ်ယောက် အတွက် အမှန်တကယ်ပင် အရေးပါသော တစ်စိတ်တစ်ပိုင်း တွင် ပါဝင်သည်။ သို့သော် မည်သည့် နေရာသို့ သွားရမည်ကို ဆုံးဖြတ်၍ မရ ဖြစ်နေသည့် အဆုံး မရောက်ဖြစ်သည့် မွေးရပ်ဇာတိ မြေသို့ ပြန်ရန်သာ ဆုံးဖြတ် လိုက်သည်။

သင်္ကြန်မတိုင်မီ တစ်လအလို ကပင် ကားလက်မှတ် ကို ကြိုတင် ဖြတ်ထားရသည်။ ခုံနံပါတ် နောက်ဆုံးက ရသည်ကို ကြည့်ခြင်းအားဖြင့် ခရီးသွားသူ အမှန်တကယ် များပြားကြောင်း သိနိုင်သည်။ မွေးဖွားရာ၊ ဇာတိချက်မြှုပ်ရာ ဒေသ ဖြစ်သော်လည်း ငယ်စဉ် ကတည်းက ခွဲခွာလာရ သဖြင့် စာရေးသူနှင့် အတော်ပင် စိမ်းနေသည်။ ဆွေမျိုး သားချင်းများနှင့် တွေ့ဆုံရမည် ဖြစ်သော်လည်း နေရာဒေသ အသစ် တစ်ခုသို့ သွားရမည့်သူ ပမာ စိတ်ပူပန် နေမိသည်။ ငယ်စဉ် ကတည်းက ခွဲခွာခဲ့ရသော ဇာတိမြေ၏ ပြောင်းလဲမှု များကို စိတ်ကူးယဉ် ပုံဖော်မိသည် ကလည်း အကြိမ်တစ်ရာ မကပေ။ ကိုယ့်ဒေသသည် ယခင်က ကဲ့သို့ သာယာလှပ နေပါဦးမည်လား စိုးရိမ်စိတ်လည်း ဖြစ်မိသည်။ ထိုစိုးရိမ်စိတ် များကို ရင်ဝယ်ပိုက်လျက် မန္တလေး-မုဒုံ အမြန်ယာဉ်ကို စီးနင်းလိုက်ပါ သွားခဲ့ရ ပေပြီ။

ကားပေါ် တက်လိုက်သည်နှင့် လှုပ်ခတ်နေသော ရင်အစုံကို ငြိမ်သက်စေခြင်းငှာ အင်တာနက် စာမျက်နှာပေါ် ဟိုရှာသည်ရှာ လုပ်နေမိသည်။ ထိုခဏမှာပင် ပို့စ် တင်ထားသော မသေမီ သွားရမည့် မြန်မာပြည်မှ ရှုခင်းများ ဆိုသည်ကို တွေ့သဖြင့် ဝင်ကြည့်လိုက်ရာ စာရေးသူ၏ ဇာတိသည်လည်း တစ်ခု အပါအဝင် ဖြစ်နေသည်။ ၀မ်းသာလွန်း သဖြင့် မျက်ရည်များပင် လည်မိသည်။ ကိုယ့်ရပ်ရွာ ဇာတိ၏ ကောင်းသတင်းမှာ လူတစ်ဦး၏ ရင်ကို အတော်ပင် လှုပ်ခတ်နိုင်စွမ်း ရှိလှသည်။ ထိုနေ့ညက စိတ်ကူးယဉ် သက်သက်ဖြင့် ကားပေါ်တွင် စီးနင်းလိုက်ပါ လာမိသည်။ နံနက်အစော မိုးသောက်သည်နှင့် မော်လမြိုင်သို့ ရောက်ပါပြီ။ ကားပေါ်က မြင်နေရသော အုန်းပင်၊ အုန်းလက်များက စိမ်းစိမ်းစို နေသည်။ ကားပေါ်မှ မှန်းဆကာ အုန်းပန်းရနံ့လေး သင်းနေသည့် လေနုအေးလေး ကို စိတ်ကူးဖြင့် ရှူရှိုက် နေမိသည်။

စာရေးသူ၏ ဇာတိမြို့မှာ မော်လမြိုင်မှ နောက်ထပ်မိနစ် အနည်းငယ် ခရီးဆက် ရဦးမည် ဖြစ်သည်။ မြို့အဝင်တွင် လာကြို နေကြမည့် မောင်နှမ ဝမ်းကွဲများကို တစ်ဦးချင်းစီ ပုံဖော်တွေးရင်း ရင်ခုန်သံများ ပိုမြန်လာသည်။ မကြာမီ စာရေးသူ၏ ဇာတိမြေ မြို့ဝင် ဆိုင်းဘုတ်နားတွင် အသင့် လာကြိုနေသော မောင်နှမများကို တွေ့လိုက် ရသည်။ ကားပေါ်မှ ဆင်းဆင်းချင်း ရသော ရော်ဘာရနံ့ နှင့် လတ်ဆတ်သော လေတို့မှာ ရင်ထဲမှ တမ်းတနေသော လွမ်းဆွတ်မှု များကို အနည်းငယ်  ဖြေသိမ့်လိုက်သည်။ မြို့အဝင်မှ ကားဖြင့် ခရီးဆက်ခဲ့ရာ လမ်းတစ်လျှောက် တွင် ရော်ဘာမှိုင်းရုံမှ ရသော ရနံ့များ ၊ တစ်ခါတစ်ခါ ဒူးရင်းသီးနံ့များ၊ တစ်ခါတစ်ခါ လတ်ဆတ်သည့် လေ၏ သင်းရနံ့များမှာ အညာဒေသမှ လာသော လူတစ်ဦး၏ နှလုံးအိမ်ကို လန်းဆန်း စေသည်မှာ အမှန်ပင် ဖြစ်သည်။

ဖော်ရွေတတ်သော ဒေသမှလူများ ဖြစ်သဖြင့် မြင်သမျှ မြင်ကွင်းမှာ ရင်းနှီးနေသလို ခံစားရသည်။ ရောက်လျှင် ရောက်ချင်းပင် မွန်လူမျိုး များ၏ အစားအစာ တစ်ခုဖြစ်သော သင်္ကြန်ထမင်းက ကြိုနေလေသည်။ အကြောင်း အမျိုးမျိုးကြောင့် မစားဖြစ်တာ ကြာပြီဖြစ်သော ဖယောင်းနံ့ သင်းသည့် သင်္ကြန်ထမင်းနှင့် သင်္ကြန်ဟင်းမှာ စာရေးသူ၏ နှလုံးကို ထပ်မံလှုပ်နိုး လိုက်ပြန်သည်။ လမ်းတစ်လျှောက် တွေ့သည့် ဆိုင်တိုင်း တွင်လည်း ''သင်္ကြန်ထမင်း ရပြီ'' ဆိုသည့် ဆိုင်းဘုတ်ကို တွေ့သောအခါ ထူးဆန်းသလို ဖြစ်သော်လည်း သင်္ကြန်ရောက်လျှင် နှစ်စဉ် ပြုလုပ်နေကြ ဖြစ်သဖြင့် မထူးခြားသလို နေလိုက်မိသည်။ နောက်မှ အစ်မတစ်ဦး က ယခုနှစ် အယ်လ်နီညို အပူဒဏ်ကြောင့် မုဒုံမြို့က ဆိုင်တိုင်း နွေရာသီ အစကပင် သင်္ကြန်ထမင်း ရောင်းကြောင်း သိလိုက်ရသည်။ ထမင်းကို ဖယောင်းရေနှင့် ရောပြီး သရက်သီးစိမ်း၊ ကြက်သွန်နီ များများနှင့် ရောကြော် ထားသော ငါးခြောက်ကြော် မှာ လိုက်ဖက်လှပြီး လူကို အပူငြိမ်း စေသည်ဟု ငယ်စဉ် ကတည်းက သိခွင့် ရခဲ့သည်။ နှစ်စဉ် နွေရာသီ သင်္ကြန်ရက် ပူသော ကာလတွင် လုပ်စားသဖြင့် သင်္ကြန် ထမင်းဟု ခေါ်ခြင်းဖြစ်ကာ သင်္ကြန်ရက် အတွင်းမှာပင် ကုသိုလ်ပြုကြ၊ လုပ်စားကြသည်။ ယခုတော့လည်း စီးပွားဖြစ် အစားအသောက် တစ်ခုပင် ဖြစ်၍ နေပေပြီ။

ဇာတိမြေ၏ စာဖွဲ့၍ မကုန်သော အလှအပနှင့် အစားအသောက် ကောင်းများ အကြောင်းကို နောက်မှ ဆက်ပြောပါမည်။ လောလောဆယ် တစ်ညလုံး ကားစီးလာရ သဖြင့် စာရေးသူနားရန် လိုအပ်နေပေပြီ။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page