www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 4, 2016

မဟာမိတ်တရုတ်ကို နျူကလီးယားစစ်ပွဲ ဆင်နွှဲမည်ဟု ခြိမ်းခြောက်လိုက်သည့် မြောက်ကိုရီးယား



( ရှိန်းထက် )

ကမ္ဘာတစ်ဝန်း စိုးမိုးနိုင်ရေး အတွက် အနောက် ကမ္ဘာခြမ်းမှ အင်အားကြီး နိုင်ငံကြီး များသည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံး ခဲ့သည့်နောက် နျူကလီးယား လက်နက်များကို အပြိုင်အဆိုင် ထုတ်လုပ်တပ်ဆင် ခဲ့ကြသည်။ အမေရိကန် နိုင်ငံက နျူကလီးယား ထိပ်ဖူး ၇ဝဝဝဝ ကျော်နှင့် ရုရှားနိုင်ငံက ၅၅ဝဝဝ ကျော်အထိ ပိုင်ဆိုင်ထားခဲ့ ကြသည်။

ထိုပမာဏသည် ကမ္ဘာကြီး တစ်ခုလုံးကို ပြာပုံဘဝ ရောက်အောင်ပင် အန္တရာယ်ကြီး လှသည်။ ဒုတိယကမ္ဘာစစ် အတွင်းက အမေရိကန် တို့၏ နျူကလီးယား ဗုံးနှစ်လုံးကြောင့် ဂျပန် ပြည်သူတို့ လူဦးရေ သိန်းနှင့်ချီ သေဆုံးခဲ့ သည့်အပြင် ပြာပုံဘဝ ရောက်ခဲ့ရသည်။ ထို့ကြောင့် မျက်မှောက်ခေတ် တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံသာ နျူကလီးယား လက်နက်များကို အသုံးပြု၍ ပစ်ခတ်တိုက်ခိုက် ကြပါလျှင် ကမ္ဘာပေါ်၌ မည်သည့် သက်ရှိမျှ ရှင်သန်နိုင် တော့မည်  မဟုတ်ဘဲ ကမ္ဘာကြီး တစ်ခုလုံး ပြာပုံဘဝ ရောက်တော့မည်ကို ထိုနိုင်ငံကြီး များက သတိပြုမိ လာခဲ့ကြသည်။

ထို့ကြောင့် နျူကလီးယား ထိန်းချုပ်ရေး အစီအစဉ်များကို ရေးဆွဲခဲ့ ကြသည်။ ၂ဝ၁ဝ ပြည့်နှစ်က စတင်ခဲ့သော နျူကလီးယား လုံခြုံရေး ညီလာခံသည် ကုလသမဂ္ဂ၏ နျူကလီးယား မပြန့်ပွားရေး စာချုပ်ပြီးလျှင် အထိရောက်ဆုံး ညီလာခံတစ်ခု ဖြစ်သည်။ အမေရိကန် နိုင်ငံရှိ ဝါရှင်တန်ဒီစီမြို့ ၌ စတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း ဝါရှင်တန်မြို့တွင် လက်ခံကျင်းပ ခဲ့သည်။ နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် အမေရိကန် ဦးဆောင်သော နျူကလီးယား ညီလာခံသည် နိုင်ငံပေါင်း ၅ဝ ကျော်က နိုင်ငံ့ ခေါင်းဆောင်များ တက်ရောက်ကြပြီး နျူကလီးယား ကြောင့် ကမ္ဘာကြီး ဘေးအန္တရာယ် မကျရောက်ရေး ကတိကဝတ် ပြုကြခြင်း ဖြစ်သည်။

ညီလာခံ ကျင်းပလျက် ရှိသည့် မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်တွင် မြောက်ကိုရီးယား သည် ဒုံးပျံများကို ပစ်ခတ်စမ်းသပ် ခဲ့ပြီးနောက် တရုတ်နိုင်ငံကို နျူကလီးယား စစ်ပွဲ ဆင်နွှဲမည်ဟု ခြိမ်းခြောက် ခဲ့သည်။ တရုတ်က
မြောက်ကိုရီးယား ၏ လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု အပြီးတွင် အမေရိကန် နှင့်အတူ မြောက်ကိုရီးယား နိုင်ငံအား စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ရာတွင် မဟာမိတ် ဖြစ်ခဲ့သည်။ မြောက်ကိုရီးယား ကို နျူကလီးယား လက်နက် မပိုင်ဆိုင် ရအောင် နည်းလမ်းမျိုးစုံဖြင့် တားဆီးရေး ကိုလည်း ပါဝင်နိုင်ရန် ကတိကဝတ်ပြု ခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဒေါသထွက်ကာ ဧပြီ ၁ ရက်က တရုတ်ကို နျူကလီးယား စစ်ပွဲ ဆင်နွှဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နျူကလီးယား စစ်ပွဲ ဖြစ်နိုင်ခြေ သည် အနောက် ကမ္ဘာခြမ်းထက် အရှေ့ ကမ္ဘာခြမ်းတွင် ရာခိုင်နှုန်း ပိုများနေသည်။ အနောက်ဘက် ခြမ်းတွင် အာဏာရှင်ဟု တင်စား ထားသည့် ရုရှားသာလျှင် ရှိသည်။ အရှေ့ ကမ္ဘာခြမ်းတွင် အမြဲတမ်း ရန်စောင် နေကြသည့် အိန္ဒိယနှင့် ပါကစ္စတန် တို့လည်းရှိပြီး နှစ်နိုင်ငံ  စလုံးသည် နျူကလီးယား ပိုင်ဆိုင်ကြသည်။ တတိယ ကမ္ဘာစစ် နျူကလီးယား စစ်ပွဲကိုစမည့် မြောက်ကိုရီးယား လည်း ရှိနေသည်။

ထို့ပြင် အနောက် ကမ္ဘာခြမ်းတွင် နျူကလီးယား လုံခြုံရေး ညီလာခံကို မတက်ရောက် သည်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် သာလျှင်ရှိသည်။ အရှေ့ ကမ္ဘာခြမ်း တွင်တော့ မြောက်ကိုရီးယား နှင့် ပါကစ္စတန် တို့ရှိနေသည်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ် နျူကလီးယား လုံခြုံရေး ညီလာခံသည် အာရှကို အလေးပိုထား ခဲ့ရသည်။ အရှေ့ အလယ်ပိုင်းတွင် ကြီးစိုးနေသော ISIS စစ်သွေးကြွ တို့လက်ထဲသို့ နျူကလီးယား လက်နက် မရောက်ရေးပင် အာရှ၏ နျူကလီးယား စစ်ပွဲ စိုးရိမ်ရေမှတ် ထက် နောက်ကျကျန် ခဲ့ရသည်။

ယခု ရုရှားကပါ မြောက်ကိုရီးယား နျူကလီးယား လက်နက် မရှိရေးကို ထောက်ခံ လာလျက်ရှိသည်။ မြောက်ကိုရီးယား ၏ အကြီးမားဆုံး မဟာမိတ်ကြီး နှစ်ဦးသည် တဖြည်းဖြည်းနှင့် ခွာဆုတ်ဆုတ် နေရသည်။ တရုတ်ဆိုလျှင် ကင်ဂျုံအွန် ၏ ရန်သူတော် အဖြစ်ပါ သတ်မှတ်ခြင်း ခံထားရပြီ ဖြစ်သည်။ ဒုတိယ ကုန်သွယ်ဖက်များ ဖြစ်သော အီရန် နှင့် ဆီးရီးယား နှစ်နိုင်ငံ ကလည်း တစ်နိုင်ငံက အနောက်အုပ်စု နှင့် ပေါင်းနေပြန်၊ တစ်နိုင်ငံ ကလည်း ပြည်တွင်း စစ်ကြောင့် ပြာပုံဘဝကို ရောက်နေပြန် သောကြောင့် မြောက်ကိုရီးယား စီးပွားရေးသည် အခြေအနေ အဆိုးဆုံးသို့ ရောက်တော့မည်မှာ သေချာသလောက် ဖြစ်နေသည်။ ထိုကြားထဲတွင် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများ ကလည်း မြောက်ကိုရီးယား ကို လက်ပတ်နာရီပင် ကုန်သွယ်ခွင့် မပေးတော့ သောကြောင့် မြောက်ကိုရီးယား တို့ လက်ဝယ်သို့ နျူကလီးယား လက်နက် မရောက်ရှိ သေးလျှင် အကောင်အထည် ဖော်နိုင်ရန် ရာခိုင်နှုန်း နည်းသွားမည် ဖြစ်သည်။ တရုတ် နှင့် ရုရှားသာ ကုန်သွယ်မှု လုံးဝရပ်တန့် လိုက်ပါက မြောက်ကိုရီးယား နျူကလီးယား ပိုင်ဆိုင်ရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်တော့မည်။ နျူကလီးယား ထုတ်လုပ်  နိုင်လျှင်လည်း အနည်းငယ်သာ ထုတ်လုပ် နိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်ထိ ရုရှားနှင့် တရုတ်တို့က မြောက်ကိုရီးယား သို့ ကုန်သွယ်မှု များကို လုံးဝ မရပ်တန့်ပစ် သေးပေ။ ထိုအချက်သည် မြောက်ကိုရီးယား နျူကလီးယား လက်နက် ရရှိဖို့ရာ အဓိကအချက် ဖြစ်နေသည်။ အမေရိကန် ဦးဆောင်သော အနောက် အုပ်စုသည် မြောက်ကိုရီးယား ကို နည်းလမ်းမျိုးစုံဖြင့် ကိုင်တွယ်နိုင်ရန် ကြိုးပမ်း နေသည်။ သို့သော်လည်း ၄င်းတို့ ဗျူဟာများသည် ကင်ဂျုံအွန်နှင့် တွေ့ပြီးတိုင်း မအောင်မြင်မှု များနှင့်သာ အဆုံးသတ်ခဲ့ ရသည်။

သံတမန် ဆက်ဆံရေး ကလည်း နီးကပ်မှုမရှိ။ ဟိုက်ဒရိုဂျင်ဗုံး အပါအဝင် တာဝေးပစ် ဒုံးပျံကို ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား သည် ယခု အခြေအနေ ဖြင့်ပင် ကောင်းကောင်းကြီး ဒုက္ခပေးနိုင် နေသည်။ နျူကလီးယား သာ ပိုင်ဆိုင်သွား ခဲ့ပါက ကင်ဂျုံအွန် ထင်တိုင်းလုပ်မည့် အစီအစဉ် များကို အမေရိကန်နှင့် တစ်ကမ္ဘာလုံးက စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ပြင် သူ့စစ်တပ်တွင် သဘောထား ပျော့ပျောင်းသူ များကို ကင်ဂျုံအွန်က ဖြုတ်ထုတ်သတ် စနစ်ဖြင့် အပြောင်ရှင်း နေခြင်းကလည်း မြောက်ကိုရီးယား နှင့် ပြေလည်ဖို့ အခြေအနေကို ပိုမိုဆိုးရွား နေစေသည်။

ထို့ကြောင့် မြောက်ကိုရီးယား နှင့် အီရန် ကဲ့သို့ နျူကလီးယား သဘောတူညီမှု ရရန် မျှော်လင့်ချက် မရှိသည့် အခြေအနေ ဖြစ်နေသည်။ ကင်ဂျုံအွန်က နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး ဆီသို့ တစ်လမ်းသွား စနစ်ဖြင့် သွားနေသည်။ မြောက်ကိုရီးယား ၏ နျူကလီးယား လက်နက်ထိပ်ဖူး တစ်လုံး ပိုင်ဆိုင်မှုသည် ရုရှား၏ နျူကလီးယား လက်နက် ပိုင်ဆိုင်မှု အလုံးတစ်ရာ လောက်နှင့် ညီမျှနေသည်။

ရုရှားက နျူကလီးယား လက်နက်တစ်ခု ပစ်ခတ်ရန် စဉ်းစားစရာ အများကြီး ရှိသည်။ မြောက်ကိုရီးယား ကတော့ သိပ်မရှိလှဘဲ ပစ်ချင်လျှင် ပစ်ရန် သိပ်စိတ်မချ ရသူဖြစ်သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံး၏ နျူကလီးယား အာရုံများ အာရှကို အာရုံစိုက်ရန် အမေရိကန် သမ္မတ အိုဘားမား က ဧပြီ ၁ ရက်က ပြီးဆုံးသွား ခဲ့သော နျူကလီးယား လုံခြုံရေး ညီလာခံတွင် ပြောကြားသွား ခဲ့ခြင်း ဖြစ်သည်။

တစ်ကမ္ဘာလုံးရှိ နျူကလီးယား ပစ်ခတ်နိုင်မှု များကို ခွဲခြမ်းစိတ်ဖြာ လျှင် မြောက်ကိုရီးယား သည် ပထမ၊ ရုရှားသည် ဒုတိယ နှင့် တရုတ်သည် တတိယ အဆင့်ဆင့် ရပ်တည်ကြမည် ဖြစ်သည်။ ထို့ကြောင့် ကင်ဂျုံအွန် ကိုသာ မထိန်းနိုင်လျှင် ကမ္ဘာတွင် တတိယ ကမ္ဘာစစ်ဟု တင်စား နေကြသည့် နျူကလီးယား စစ်ပွဲဖြစ်နိုင်ခြေ သည် ရာခိုင်နှုန်း ပိုများ နေပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger