www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 4, 2016

ပြင်းထန်သော ပိုးသတ်ဆေးများကြောင့် မွေးမြူရေးပျားများ စိုက်ခင်းများအတွင်း အစာရှာရင်းသေဆုံး



ကနီ ၊ ၄-၄-၂၀၁၆

ကနီမြို့နယ် အခြေစိုက် ရွှေ့ပြောင်း ပျားမွေးမြူရေး လုပ်ငန်းများ၌ ပြင်းထန်သော ပိုးသတ်ဆေး များကြောင့် မွေးမြူရေး ပျားအုံများမှ အစာရှာ ပျားများသည် ပန်းခင်းနှင့် သီးနှံခင်း များတွင် ရုတ်တရက် သေဆုံးသွား သဖြင့် ပျားအကောင် ရေ လျော့နည်း သွားကြောင်း တွေ့ရှိရသည် ဟု ပျားလုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။

''ပျားတွေ အဆိပ်သင့် ရတာဟာ သစ်သီးဝလံနဲ့ ဆီထွက်သီးနှံ အထွက်နှုန်း ကျဆင်းသလို ပျားထွက်ပစ္စည်း ထုတ်လုပ်မှု ကျဆင်းတဲ့ အတွက် စိုက်ပျိုးသူနဲ့ ပျားမွေးမြူသူ နှစ်ဦးလုံး ထိခိုက်မှု ရှိပါတယ်။ ဒါကြောင့် ပျားတွေ အဆိပ်သင့် တာက ကာကွယ်နိုင်ဖို့ ဥယျာဉ်ခြံ သမားနဲ့ ပျားမွေးမြူ သူတွေ ပူးပေါင်းပြီး ပျားတွေ အဆိပ်သင့်တာ လျော့နည်းဖို့ အတွက် နိုင်ငံတကာ ဆောင်ရွက်ခြင်း ဥပဒေကို သိရှိအောင် လုပ်ပြီး ဆောင်လုပ်နေ ကြပါတယ်'' ဟု ကနီမြို့နယ် ရွှေ့ပြောင်းပျား လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

စိုက်ပျိုးသူများ အနေဖြင့် စိုက်ခင်း ပတ်ဝန်းကျင်ရှိ ပျားမွေးမြူ သူကို ဆေးဖျန်းချိန် သတိပေး အကြောင်းကြားရန် လိုအပ်ပြီး တတ်နိုင်လျှင် ဓာတုဆေး မဟုတ်သော နည်းလမ်းဖြင့် ဖျက်ပိုးနှိမ်နင်းခြင်း ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

အကယ်၍ ဓာတုဆေး အသုံးပြုပါက ပျားအတွက် အန္တရာယ် အကင်းဆုံး ပိုးသတ်ဆေး နှင့် နည်းလမ်းကို အသုံးပြုရမည် ဖြစ်ပြီး ညအချိန် (သို့မဟုတ်) ပျားများ အစာရှာ မထွက်သော နံနက်စောစော အချိန်များတွင် ပိုးသတ်ဆေးကို ဖျန်းရမည် ဖြစ်ကြောင်း၊ ဆေးဖျန်းလျှင် ပန်းပွင့်ပြီးနောက် နှင့် ပန်းမပွင့်မီ အချိန်တို့တွင် ဖျန်းရမည် ဖြစ်ကြောင်း သိရသည်။

''ပျားအစာ စုဆောင်းနိုင်တဲ့ ပေါင်းပင်နဲ့ ပန်းပွင့်တွေကို ရှင်းပြီးမှ ဆေးဖျန်းရမှာ ဖြစ်သလို ဆေးဖျန်းတဲ့ အကြိမ် နည်းနိုင်သမျှ နည်းရင် ကောင်းပါတယ်။ ပျားမွေးမြူ သူတွေ အနေနဲ့လဲ မကြာခဏ ဆေးဖျန်းတဲ့ စိုက်ခင်းတွေ အနီးမှာ ပျားတွေ မမွေးမြူသင့် ပါဘူး။ ပျားစခန်း တည်နေရာ ဝန်းကျင်မှာရှိတဲ့ စိုက်ပျိုးသူတွေ ထံကို ကိုယ့်ရဲ့ လိပ်စာနဲ့ တကွ ဆက်သွယ် အကြောင်းကြား ထားရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ပတ်ဝန်းကျင်မှာ အများဆုံး အသုံးပြုတဲ့ ပိုးသတ်ဆေး အမျိုးအစား အကြောင်းတွေကို သိဖို့လေ့လာထား ရပါမယ်''ဟု မုံရွာမြို့ အခြေစိုက် စစ်ကိုင်းတိုင်း ဒေသကြီး ပျားလုပ်ငန်းဌာန တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

စိုက်ပျိုးသူများ ဆေးဖျန်းမည့် အကြောင်း သတိပေး အကြောင်းကြားမှု ပြု၍ ပိုးသတ်ဆေးများ အလိုက် အဆိပ်သင့်ခြင်း အနည်းအများပေါ် မူတည်၍ ပျားအုံများ ကို ရွှေ့ပြောင်းပေး ရမည်ဖြစ် သကဲ့သို့ မပြောင်းနိုင်ပါက ပျားအုံများကို လေဝင်လေထွက် ကောင်းစေရန် ပြင်ဆင်ပြီး သကြားရည် ကျွေးကာ နှစ်ရက်၊ သုံးရက် သံဆန်ခါဖြင့် ပိတ်ထားနိုင်ကြောင်း သိရသည်။

ပျားများ၏ ဝတ်မှုန်ကူးခြင်း အကျိုးအာနိသင်ကို တောင်သူများ ပိုမိုနားလည် ယုံကြည်ရန် စည်းရုံးပေးခြင်း အားဖြင့် ၄င်းတို့ကိုယ်တိုင် ပျားများ အဆိပ်သင့်ခြင်းမှ ကာကွယ်လာရန် ဆောင်ရွက် သင့်ကြောင်း ပျားမွေးမြူသူ များက အကြံပြု ထားကြောင်း သိရသည်။ (၃၃၄)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger