www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 26, 2016

၂၀၁၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ၊ ကျောင်းသူ လူငယ်များအတွက် ရေကြောင်းနှင့် လေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့်သင်တန်းများ စတင်ဖွင့်လှစ်


လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းရှိ သင်တန်းသား သင်တန်းသူများ သင်ကြားနေစဉ်

စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ် မိုးအောင် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းမှ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းမှ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

ရေကြောင်းလူငယ် အခြေခံ နှင့် တန်းမြင့် သင်တန်းရှိ သင်တန်းသား သင်တန်းသူများ သင်ကြားနေစဉ်

နေပြည်တော် ၊ ၂၆-၄-၂၀၁၆

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ် များကို ၂ဝ၁၆ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း မျိုးဆက်သစ် လူငယ်များ၏ အသိပညာများ ဖွံ့ဖြိုးတိုးတက် စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော် အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ) က လေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း များကို ယမန်နေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီး ၌ တစ်ပြိုင်တည်း စတင် ဖွင့်လှစ်ကြသည်။

ရေကြောင်းပညာ များကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ် စည်းကမ်း ကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန် ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်း လာစေရန်နှင့် လှေလှော် အားကစားနည်း၊ ရွက်တိုက် အားကစားနည်း များအတွက် ထူးချွန်သည့် အားကစား သမားများ မွေးထုတ်ပေးရန် စသည့် ရည်ရွယ်ချက် များဖြင့် တပ်မတော်(ရေ) က ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ် များအတွက် ရေကြောင်း လူငယ်အခြေခံ သင်တန်းအမှတ်စဉ် (၁/၂ဝ၁၆) ကို သင်တန်းသား၊ သင်တန်းသူ ၆၃ ဦးဖြင့် လည်းကောင်း၊ ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) ကို သင်တန်းသား၊ သင်တန်းသူ ၂၇ ဦးဖြင့် လည်းကောင်း ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၊ ရတနာပုံ ခန်းမ၌ ဖွင့်လှစ်ရာ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် မိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဖွင့်လှစ်ပေးသည်။

ထို့ပြင် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း များကို သက်ဆိုင်ရာ မြို့နယ်များတွင် တစ်ချိန်တည်း ဖွင့်လှစ်ခဲ့ရာ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်မြို့၊ မွန်ပြည်နယ် တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မြိတ်မြို့၊ ကျွန်းစုမြို့နှင့် ဟိန်းဇဲတို့ရှိ ရေကြောင်းလူငယ် စခန်းများတွင် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၃ဝဝ ဦးဖြင့် အသီးသီး ဖွင့်လှစ်ကြပြီး ဖွင့်ပွဲ အခမ်းအနား များသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ ရေတပ်စခန်း ဌာနချုပ်မှူးများ တက်ရောက်၍ ဖွင့်လှစ်ပေး ကြသည်။

ရေကြောင်းလူငယ် အခြေခံ သင်တန်းတွင် ရေကြောင်း လမ်းညွှန် အခြေခံ သဘော တရားများ၊ နက္ခတ္တဗေဒ နှင့် ဂျီပီအက်စ် အပါအဝင် ရေကြောင်း သွားလာရေး ဆိုင်ရာများ၊ အခြေခံ အချက်ပြ ဆက်သွယ်ရေး ဆိုင်ရာနှင့် အခြေခံ လှေလှော် ရွက်တိုက်နည်း တို့ကို သင်ကြားပေး သွားမည်ဖြစ်ပြီး တန်းမြင့် သင်တန်းတွင် အသုံးချ ရေကြောင်း လမ်းညွှန် ဆိုင်ရာများ၊ နက္ခတ္တဗေဒ နှင့် ဂျီပီအက်စ် အပါအဝင် ရေကြောင်း သွားလာရေး ဆိုင်ရာများ၊ အချက်ပြ ဆက်သွယ်ရေး ဆိုင်ရာနှင့် လှေလှော် ရွက်တိုက် နည်းတို့ကို သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အလားတူ လေကြောင်းနှင့် အာကာသသိပ္ပံ ပညာရပ် များတွင် စိတ်ဝင်စားမှု တိုးပွား လာစေရန်၊ လေယာဉ် ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိ နားလည်စေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက် ကြံ့ခိုင်မှု ကောင်းမွန် မြင့်မားပြီး စည်းလုံး ညီညွတ်စွာ စုပေါင်း ဆောင်ရွက်မှု အလေ့အကျင့် ရရှိစေရန်နှင့် လူငယ်များ၏ ဝါသနာပါရာ လေ့ကျင့်မှု တစ်ရပ် အနေဖြင့် မြှင့်တင်ပေးရန် စသည့် ရည်ရွယ်ချက် များဖြင့် တပ်မတော်(လေ) က ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များ အတွက် ဖွင့်လှစ်သည့် လေကြောင်း လူငယ် အခြေခံ သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆)နှင့် လေကြောင်း လူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) တို့ကို အင်အား ၄ဝ ဦးစီဖြင့် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၈ဝ ဦးအား ယမန်နေ့ နံနက်ပိုင်း တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၊ အားကစားခန်းမ၌ ဖွင့်လှစ်ရာ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ် ပေးသည်။

ထို့ပြင် လေကြောင်းလူငယ် အခြေခံသင်တန်း ဖွင့်ပွဲများကို ကချင်ပြည်နယ် တွင် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နမ့်စန်မြို့၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မြိတ်မြို့၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဟုမ္မလင်းမြို့၊ မန္တလေးတိုင်း ဒေသကြီးတွင် မိတ္ထီလာမြို့၊ မကွေးတိုင်း ဒေသကြီးတွင် မကွေးမြို့နှင့် ပဲခူးတိုင်း ဒေသကြီး တွင် တောင်ငူမြို့တို့ရှိ သင်တန်းစခန်း များတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၂ဝ ဦးဖြင့် အသီးသီး ဖွင့်လှစ်ကြပြီး ဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ လေတပ်စခန်း ဌာနချုပ်မှူးများ တက်ရောက်၍ ဖွင့်လှစ်ပေး ကြသည်။

လေကြောင်းလူငယ် အခြေခံ သင်တန်းတွင် ပျံသန်းရေး ဆိုင်ရာနှင့် လေယာဉ် တည်ဆောက်ရေး ဆိုင်ရာ သိသင့်သိထိုက် သည်များကို သင်ကြား ပေးသွားမည် ဖြစ်ပြီး လေကြောင်း လူငယ်တန်းမြင့် သင်တန်းတွင် လက်တွေ့ လေယာဉ် တည်ဆောက်မှု၊ အဝေးထိန်း လေယာဉ် ပျံသန်းမှုနှင့် လေယာဉ် ပျံသန်းမှု လက်တွေ့ ဆောင်ရွက်ချက် များအား သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေကြောင်းလူငယ် အခြေခံသင်တန်း နှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆)၊ လေကြောင်း လူငယ်အခြေခံ သင်တန်းနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) တို့ကို ဧပြီ ၂၅ ရက်မှ မေ ၂ဝ ရက်ထိ ရက်သတ္တ လေးပတ်ကြာဖြင့် သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ယင်း သင်တန်းများကို ၂ဝ၁၄ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် ဧပြီ ၂၃ ရက်မှ ၃ဝ ရက်အထိ ရက်သတ္တ ခြောက်ပတ်ကြာ ဖွင့်လှစ်ခဲ့ကာ ၂ဝ၁၅ ခုနှစ်တွင် ဧပြီ ၂၇ ရက်မှ မေ ၂၂ ရက်အထိ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ် သင်ကြားပေး နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger