www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 25, 2016

ဗိုက်ခေါက်ကျရန် အဆီချနည်း



ဒေါက်တာ အေးမင်းထူး

ခန္ဓာကိုယ်တွင်း မလိုအပ်တဲ့ အဆီပို ဖယ်ရှားတဲ့ နည်းကို Detox လုပ်တယ်လို့လဲ ခေါ်တယ်။ Detox လုပ်ဖို့ ရေနွေးနဲ့ ရှောက်သီးတစ်လုံးပဲ လိုတယ်။ တကယ်တော့ ဝမ်းတွင်းအူ ထဲမှာ အဆိပ်အတောက်၊ အဆီခဲလေးတွေ ပုံမှန်အားဖြင့် ရှိနေတတ်တယ်။ အဲဒါလေးတွေက ဘာမှ မဟုတ်ပေမယ့် လူကိုဒုက္ခပေး တတ်တယ်။ အထူးသဖြင့် ရေခဲရေ အမြဲသောက်သူ တွေမှာ ပိုတွေ့ရတယ်။ အဆီတွေခဲပြီး အူလမ်းကို ပိတ်ရင် အာဟာရ စုပ်ယူမှုကို တားဆီးပါ သတဲ့။ အဲဒီလို မဖြစ်အောင် အူလမ်းကြောင်းမှာ ရှိတဲ့ အဆိပ်အတောက်၊ အဆီခဲ တွေကို ဖယ်ရှားပေး ရတယ်။

လေ့လာမှုတွေ အရ မနက်အိပ်ရာထမှာ ရိုးရိုးရေနွေး (လက်ဖက်ခြောက်မပါ) သောက်တာက ကျန်းမာရေးအတွက် အထူး ကောင်းမွန်တာ တွေ့ရတယ်။ အစာအိမ်ကို စတင်နှိုးဆွပေးပြီး အူလမ်းကြောင်း ကို အသက်ဝင် စေတယ်။ တစ်နေ့တာ အစာခြေဖို့ အတွက် အခြေခံကောင်း တစ်ခုဖြစ်တယ်လို့ ယူဆကြတယ်။ အူလှုပ်ရှားမှုကို ဖြစ်စေပြီး အစာခြေစနစ်ကို အားပေးလို့ ဝမ်းချုပ်တာကို ကာကွယ်ပြီး ဖြစ်တယ်။ တချို့ကလဲ အာနိသင် ပိုကောင်းအောင် ပိုလီဖီနော (Polyphenol) ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲစိမ်ပြီး သောက်ကြတယ်။ ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊ အရသာ ကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ်စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာ ပါဝင်တဲ့ ပက်တင် (Pectin) အမျှင်ဓာတ်က ဝမ်းမှန်စေတယ်။ အူလမ်းကြောင်းမှာ ရှိတဲ့ အစာဟောင်း တွေကို စွန့်ထုတ်ပေးတယ်။ အဆီပို တွေကိုလဲ ကျဆင်းစေတယ်။

တချို့ကလဲ ရှောက်သီး နေရာမှာ သံပရာသီးကို သုံးတယ်။ အလျဉ်းသင့်လို့ ဖော်ပြရရင် သံပရာသီးနဲ့ ရှောက်သီးမှာ ကွာခြားချက် လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျ ခွဲနိုင်တယ်။ သံပရာသီးက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။ ရှောက်သီးကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပရာသီးက ပိုချဉ်ပြီး အက်စစ်ဓာတ် ကဲတယ်။ ရှောက်သီး ကတော့ နည်းနည်း ပိုခါးတယ်။ ဒါပေမဲ့ ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။ ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆ ပိုများတဲ့ သံပရာ သီးက အောက်ကို နစ်မြုပ်သွားမယ်။ သိပ်သည်းဆ သိပ်မများတဲ့ ရှောက်သီးကတော့ ရေပေါ်မှာ ပေါလောပေါ် နေတာ တွေ့ရတယ်။ ဒါက သံပရာသီး လား၊ ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်တယ်။ ရေနွေး သောက်တဲ့အခါ ရှောက်သီး (ဒါမှမဟုတ်) သံပရာသီး တစ်ညလုံး စိမ်ထားပြီးသား ရေနွေးထက် လောလောလတ်လတ် စိမ်ထားတဲ့ ရေနွေးခပ်ပူပူကို ပိုသောက် သင့်တယ်။ သောက်တဲ့ အခါ အငွေ့ တထောင်းထောင်း ထနေတဲ့ ရေနွေးထက် အသင့်အတင့် ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊ အစာမျိုပြွန်နဲ့ အစာအိမ် လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာ ရောက်တယ်။

ဒီနည်းက ပုံမှန်အားဖြင့် လူတိုင်းနဲ့ သင့်တော်တယ်။ အမေးများတဲ့ မေးခွန်းတစ်ခု ရှိတယ်။ သံပရာသီးက အစာအိမ် သမားနဲ့ သင့်တော်ပါ့ မလားတဲ့။ ပုံမှန်အားဖြင့် သင့်တော်တယ် လို့ ဖြေပါရစေ။ ဘာကြောင့်လဲ ဆိုတော့ ရှောက်သီး သဘောက အက်စစ်ဓာတ် ကဲပေမယ့် ခန္ဓာကိုယ်ထဲ ရောက်သွားရင် အယ်လ်ကာလီ ပြောင်းသွားလို့ ဖြစ်တယ်။ ဒါပေမဲ့ အစာအိမ်နာ ဖြစ်နေစဉ်၊ ဗိုက်နာနေစဉ် လုံးဝ မသောက်သင့်ပါ။ ပိုဆိုး လာနိုင်တယ်။ တချို့ အူပါးမှာ စိုးရိမ်သူတွေလဲ ရှိတယ်။ အဲဒီလောက်ကြီး မစိုးရိမ်ပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ နှစ်ချီ စွဲသောက်ဖို့ မလိုအပ်လို့ပါ။ နှစ်ပတ်လောက် သောက်သုံးတာနဲ့ အသားအရေ ကြည်လင်လာပြီး တစ်လလောက် အကြာမှာ အဆီပိုတွေ ကင်းစင် လာလိမ့်မယ်။

ပြုလုပ်နည်း

အရင်ဆုံး ရှောက်သီးတစ်လုံး ကိုယူပြီး အလယ်က ထက်ခြမ်းခြမ်းပါ။ တချို့က ပါးပါးလေး လှီးတယ်။ ပြီးရင် ရေနွေးပွက်ပွက် ဆူထဲထည့်ပြီး မိနစ်၂ဝ လောက် နှပ်ထားပါ။ ပြီးရင် ကြက်သွန်ဖြူ သုံးစိတ်ကို အစိမ်းလိုက် ဝါးစားပါ။ စောစောက နှပ်ထားတဲ့ ရှောက်သီးခြမ်း ရေနွေး ဆက်သောက်ပါ။ ရှောက်သီး နေရာမှာ သံပရာသီး သုံးနိုင်တယ်။ မနက်စောစော အိပ်ရာထ ဘာဆိုဘာမှ မစားခင် သောက်ရမှာ ဖြစ်တယ်။

နောက်တစ်နည်းက သံပရာ တစ်ခြမ်း၊ သခွားသီးစိတ် ငါးစိတ်၊ ချင်းတက်သေး တစ်ခု၊ ပူဒီနာ နည်းနည်းကို ရေနွေး ပွက်ပွက်ဆူ (30 ml) ထဲ ရောသမပြီး နှပ်ထားပါ။ မိနစ် ၂ဝ လောက်နေရင် စတင် သောက်သုံးပါ။ တစ်လအတွင်း ဗိုက်ခေါက် အဆီပိုတွေ ပဉ္စလက် ဆန်ဆန် ဖယ်ရှားနိုင်မယ် လို့ ဆိုပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger