www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 18, 2016

Green Tea နှင့် သံဓာတ်ကြွယ်ဝသော အစားအစာများ တွဲဖက်စားသုံးရန် မသင့်သည့် အကြောင်းရင်း



ဒေါက်တာ လွှမ်းမိုးဟန်

အများ သိကြသည့် အတိုင်း Green Tea တွင် ဓာတ်တိုးပစ္စည်းများ ချေဖျက်နိုင်သည့် (Antioxidant) သတ္တိရှိသည်။ သံဓာတ် ကြွယ်ဝသည့် အစားအသောက် များနှင့် Green Tea ကို တွဲဖက်စားသုံး လိုက်သည့်အခါ Green Tea ၏ Antioxidant သတ္တိများ ပျက်စီးသွား နိုင်သည်။ Green Tea တွင်ပါဝင်သော ဓာတ်တိုးပစ္စည်းများ ချေဖျက်နိုင်သည့် စွမ်းအားသည် ရောင်ရမ်းမှုများကို လျော့နည်း စေနိုင်သည့် သတ္တိရှိသည်။

နိုင်ငံအများ Green Tea ကို ဆေးဝါးအဖြစ် မှီဝဲကြသည်။ တစ်ချိန်တည်း မှာပင် ကိုက်လန် နှင့် ဟင်းနုနယ် ကဲ့သို့သော ဟင်းရွက်များကို Green Tea နှင့်တွဲဖက် စားသုံးလေ့ ရှိကြသည်။ ထိုဟင်းရွက် များတွင် သံဓာတ်ပါဝင်မှု အတော် များသည်။ Penn State တက္ကသိုလ်မှ သုတေသန ပညာရှင် ဒေါက်တာ ဗီဂျေကူးမား က သူ၏တွေ့ရှိချက်တွင် Green Tea နှင့်သံဓာတ် ကြွယ်ဝသော အစားအသောက်များ ပူးတွဲစား သောက် လိုက်သည့်အခါ Green Tea တွင်ပါဝင်သည့် အဓိက ဒြပ်ပေါင်းများသည် သံဓာတ်နှင့် ပေါင်းစပ်သွားပြီး ထိုဒြပ်ပေါင်း များ၏ ဓာတ်တိုးပစ္စည်းများ ချေဖျက်ရေး တာဝန်ကို မထမ်းဆောင် နိုင်တော့သည့် အနေအထားသို့ ရောက်သွားကြောင်း ပြောကြားသည်။ ထို့ကြောင့် Green Tea ၏ အမြင့်ဆုံးသော စွမ်းရည်သတ္တိကို ရရှိနိုင်ရန် သံဓာတ်ပါသော အစားအသောက် များနှင့် ရောနှော မစားသောက် မိရန် လိုအပ်သည်။

ဒေါက်တာ ဗီဂျေကူးမား တို့ သုတေသန အဖွဲ့သည် Green Tea နှင့်သံဓာတ်၏ အစွမ်းသတ္တိကို ဓာတ်ခွဲခန်း အတွင်း ကြွက်များနှင့် စမ်းသပ်ခဲ့ ကြသည်။ IBD အတိုကောက် ခေါ်ဆိုသည့် အူနံရံ တစ်လျှောက် ရောင်ရမ်းသည့် ရောဂါတစ်မျိုးတွင် စမ်းသပ်ခဲ့ ကြသည်။ IBD ရောဂါသည် ပါးစပ်မှ စအိုဝအထိ အစာအိမ်အူလမ်းကြောင်း တစ်လျှောက် နံရံတွေ ရောင်ရမ်းပြီး ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ပိန်ချုံးခြင်းနှင့် သံဓာတ် အားနည်းရောဂါ များကိုဖြစ်ပေါ် စေတတ်သည့် ရောဂါတစ်မျိုး ဖြစ်သည်။ ကူးစက်ရောဂါ မဟုတ်ဘဲ လူဖြူ ဥရောပ တိုက်သားများတွင် အဖြစ်များသည့် အစာအိမ် အူလမ်းကြောင်း ရောဂါတစ်မျိုး ဖြစ်သည်။

IBD ရောဂါတွင် သံဓာတ်အားနည်း ရောဂါ ရတတ်ကြ သဖြင့် ထိုလူနာများကို သံဓာတ် အားဖြည့်ဆေးများ တိုက်ကျွေးလေ့ ရှိသည်။ တစ်ချိန်တည်း မှာပင် IBD လူနာများကို Green Tea သောက်သုံး စေခြင်းဖြင့် အကျိုးကျေးဇူး များစေသည် ဟူသော ယုံကြည်ချက် တွေရှိနေသည်။ Green Tea ထဲမှာက EGCG အမည်ရ အင်ဇိုင်းဓာတ် တစ်မျိုး ပါနေသည်။ ထိုဓာတ်၏စွမ်းပကားက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု မှန်သမျှကို လျှော့ချပေး နိုင်သည့် သတ္တိရှိသည်။

IBD လူနာများ၏ အစာအိမ် အူလမ်းကြောင်း တစ်လျှောက် ရောင်ရမ်းမှုကို Green Tea တွင်ပါဝင်သည့် EGCG က လျှော့ချပေး နိုင်သည်။ သို့သော် သံဓာတ်ပါသော အစား အသောက်များနှင့် Green Tea ကို တွဲဖက် စားသောက် လိုက်သည့်အခါ ထို EGCG ဓာတ်များသည် သံဓာတ်နှင့် ပူးပေါင်းသွားပြီး အလုပ်မဖြစ် တော့ပေ။ ရောင်ရမ်းမှု ကိုလျှော့ချ မပေးနိုင်တော့ပေ။

ထို့ကြောင့် IBD လူနာများသည် Green Tea နှင့်သံဓာတ် ကြွယ်ဝသော အစားအသောက် များကို တွဲဖက် မစားသောက် သင့်ကြောင်း သိရှိထားရန် လိုအပ်သည်။ Beng San Yoeh အမည်ရ ဘွဲ့ကြိုကျောင်းသား တစ်ဦး၏ သုတေသန တွေ့ရှိချက် တစ်ခုတွင် Green Tea ၏ အစွမ်းသတ္တိသည် EGCG အပေါ် လုံးဝတည်မှီ နေကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် လူသားများ အနေဖြင့် ဘာကိုစားမလဲ သိဖို့လိုသလို ဘယ်အချိန်မှာ စားရမလဲ၊ ဘယ်လို အစားအသောက်နှင့် တွဲဖက် စားသောက်ရမလဲ ဆိုသည်ကိုပါ သိရှိထားရန် လိုအပ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger