www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 13, 2016

ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာများ ရောင်းချခွင့် ကုမ္ပဏီ ခြောက်ခုအနက် FMI ကုမ္ပဏီက မတ် ၂၅ ရက်တွင် စတင်ရောင်းချသွားမည်


ရန်ကုန် ၊ ၁၃-၃-၂၀၁၆

ရန်ကုန် စတော့ဈေးကွက် ရှယ်ယာများကို မတ် ၂၅ ရက်တွင် FMI ကုမ္ပဏီမှ ပထမဆုံး စာရင်းဝင်အဖြစ် စတင်ရောင်းချ သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က ပြောသည်။

ရန်ကုန် စတော့ဈေးကွက်ကို မတ် ၂၅ ရက်တွင် စတင်လည်ပတ် သွားမည်ဖြစ်ကာ စတင် ရောင်းဝယ်သည့် ရက်၌ ရှယ်ယာများကို အချိန်ပိုင်း တစ်ခုဖြင့်သာ လုပ်ဆောင်မည် ဖြစ်ပြီး နောက်ပိုင်း ရက်များတွင် အချိန်ပြည့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် စတော့ဈေးကွက် အတွက် ရှယ်ယာ ရောင်းချရန် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု သည် စံနှုန်း သတ်မှတ်ချက် များကို အချိန်မီ ပြီးစီးအောင် လုပ်ဆောင်သွား နိုင်ခြင်းနှင့် ရှယ်ယာရှင် အရေအတွက်လည်း များလွန်း၊ နည်းလွန်းခြင်း မဟုတ်ဘဲ သင့်တင့်သည့် အနေအထားရှိ၍ စတင် ရောင်းဝယ်စဉ် အကောင့်ဖွင့်ရာ၌ လွယ်ကူလျင်မြန် အဆင်ပြေစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ FMI ကုမ္ပဏီ၏ ရှယ်ယာများသည် တန်ဖိုးမြင့်မား နေသည့် အနေအထား တစ်ခုဖြစ်ကြောင်း၊ သို့ရာတွင် စတော့ဈေးကွက် စတင်ရောင်းချ မည့်ရက်၌ ရှယ်ယာတန်ဖိုးကို ရန်ကုန် စတော့ဈေးကွက် မဝင်မီဈေးနှုန်း၊ စတော့ဈေးကွက် စာရင်းဝင်ပြီး ဈေးနှုန်းနှင့် ရောင်းချခါနီး ဖြစ်ပေါ်မည့် ဈေးနှုန်းများကို ချိန်ဆ၍ ပြန်လည်ညှိနှိုင်း သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ FMI ရှယ်ယာ အဖွင့်ဈေး အနေဖြင့် ငွေကျပ်၂ဝဝဝဝ ဝန်းကျင်ခန့်သာ ရှိနိုင်မည် ဖြစ်ကြောင်း၊ သို့ရာတွင် ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်ပြီး အချိန် အနည်းငယ် အတွင်း ရှယ်ယာဈေး မြင့်တက်သွား နိုင်သည့် အနေအထား များလည်း ရှိသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ FMI ကုမ္ပဏီမှ ရှယ်ယာ ရောင်းဝယ်မှု အဆင်ပြေ အောင်မြင်သွားပါက ရက်အနည်းငယ် အတွင်း သီလဝါအထူး စီးပွားရေးဇုန်ကို လည်းကောင်း၊ မြန်မာနိုင်ငံသားများ ဘဏ်ကို လည်းကောင်း စသည်ဖြင့်ကျန်ရှိသော စာရင်းဝင် ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်မည့် လုပ်ငန်းများကို ဆက်လက် ဖွင့်လှစ်လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ စတော့ရှယ်ယာ ရောင်းဝယ်ခွင့် ရရှိထားသော လုပ်ငန်းကုမ္ပဏီ ခြောက်ခု အပြင် ထပ်မံ၍ ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်နိုင်မည့် လုပ်ငန်းကုမ္ပဏီ များကို တိုးမြှင့်သွားမည် ဖြစ်ပြီး  ၂ဝ၁၆ ခုနှစ်အတွင်း စတော့ရှယ်ယာ ရောင်းချပေးမည့် လုပ်ငန်း ကုမ္ပဏီ ၁၀ ခုခန့်အထိ ရှိလာနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်း က သုံးသပ်သည်။

ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်ကို ဂျပန်နိုင်ငံရှိ ဒိုင်ဝါ စတော့အိတ်ချိန်း ဝန်ဆောင်မှုကုမ္ပဏီ၊ ဂျပန် စတော့အိတ်ချိန်း နှင့် မြန်မာ့ စီးပွားရေးဘဏ် တို့ ပူးပေါင်း အကောင် အထည်ဖော် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌
စတော့အိတ်ချိန်း ဈေးကွက် ဖော်ဆောင်နိုင်ရန် နည်းပညာပိုင်းကို ဒိုင်ဝါ စတော့အိတ်ချိန်း ဝန်ဆောင်မှု ကုမ္ပဏီက အဓိကကူညီ ခဲ့ကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger