www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 13, 2016

ကမ္ဘာမြေအတွက်အချိန် ( EARTH HOUR ) နေ့ အခမ်းအနား မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည်



ရန်ကုန် ၊ ၁၃-၃-၂၀၁၆

မတ် ၁၉ ရက်တွင် ကျရောက်မည့် ကမ္ဘာမြေအတွက်အချိန် (EARTH HOUR) နေ့ အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး ယင်းနေ့ ဒေသ စံတော်ချိန် ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ မလိုအပ်သည့် လျှပ်စစ်မီးများကို တစ်နာရီ တိတိ မှိတ်ထားမည် ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF(မြန်မာ) မှ သိရသည်။

EARTH HOUR နေ့ အခမ်းအနားသည် ကမ္ဘာမြေကြီး ရေရှည်တည်တံ့ နေရေး လူအများပူးပေါင်း ပါဝင်ဆောင်ရွက် နိုင်ကြရန် WWF ၏ တစ်ကမ္ဘာလုံး အတိုင်းအတာ လူထုလှုပ်ရှားမှု တစ်ရပ်ဖြစ်ပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို တွင်တွင်ကျယ်ကျယ် အသုံးချနိုင်သည့် အနာဂတ် တစ်ခုဖြစ် လာရန် အားပေးတိုက်တွန်းမည် ဖြစ်ကြောင်း WWF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

'' EARTH HOUR ဟာ ကမ္ဘာ မြေကြီး ရေရှည်တည်တံ့ရေး အတွက် လူသားများ ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ကြဖို့ လှုံ့ဆော်ပေးတဲ့ WWF ရဲ့ တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်တဲ့ လူထုလှုပ်ရှားမှု တစ်ရပ် ဖြစ်ပါတယ်။ ည ၈ နာရီခွဲက နေစပြီး ကမ္ဘာတစ်ဝန်းမှာ မလိုအပ်တဲ့ လျှပ်စစ်မီး တွေကို တစ်နာရီ တိတိ မှိတ်လိုက်ပြီး ရာသီဥတု ပြောင်းလဲ နေတာကို လူထုက သိရှိ သတိပြုမိအောင် လှုံ့ဆော်အသိပေးတဲ့ ပွဲဖြစ်ပါတယ်'' ဟု WWF(မြန်မာ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အခမ်းအနား၌ WWF မှ မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်နေသော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းတို ကိုပြသကာ မြန်မာ့စွမ်းအင် ကဏ္ဍအတွက်
ရေရှည်အကျိုး များသော အနာဂတ်ဆိုင်ရာ ရည်မှန်းချက် အကြောင်း ပြောကြားမည် ဖြစ်ပြီး ညအချိန်တွင် လျှပ်စစ်မီးများ မှိတ်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကာ EARTH HOUR နေ့ကို ဆင်နွှဲမည် ဖြစ်ကြောင်း သိရသည်။

EARTH HOUR နေ့ကို နှစ်စဉ် မတ် ၁၉ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ဆင်နွှဲလေ့ရှိပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လူအများအပြား နှင့် နိုင်ငံများ တစ်နှစ်ထက် တစ်နှစ်တိုး၍ ပါဝင် ဆင်နွှဲလာကြရာ ယခုနှစ်တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၇၂ နိုင်ငံ၌လည်း အသီးသီးကျင်းပ သွားကြမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger