www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 3, 2016

အမေရိကန်နိုင်ငံမှ ပညာရှင်များနှင့် ဟန်ဂေရီနိုင်ငံမှ ဆရာများ သင်ကြားပေးမည့် လူမှုဗေဒဘာသာရပ် အသစ် တိုးချဲ့သင်ကြားရန် ပြင်ဆင်


ရန်ကုန် ၊ ၃-၃-၂၀၁၆

ရန်ကုန် တက္ကသိုလ်၌ လက်ရှိသင်ကြား နေသော ဘာသာရပ်များ အပြင် အမေရိကန် နိုင်ငံမှ ပညာရှင်များနှင့် ဟန်ဂေရီနိုင်ငံ မှ ဆရာများ သင်ကြားပေးမည့် လူမှုဗေဒ ဘာသာရပ် အသစ်ကို တိုးချဲ့ သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် တက္ကသိုလ် မနုဿဗေဒ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လူမှုဗေဒ ဘာသာရပ် အသစ်ကို ဘာသာရပ်တစ်ခု အနေဖြင့် ဘီအေဘွဲ့ ပေးနိုင်ရန် အမေရိကန် နိုင်ငံမှ ပညာရှင်များ နှင့် ဟန်ဂေရီ နိုင်ငံမှ ဆရာများ ပါဝင်သည့် အဖွဲ့က အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန် တက္ကသိုလ်၌ ကျင်းပခဲ့သည့် အပြင် ဆရာ၊ ဆရာမများ ကိုလည်း ပြည်ပ တက္ကသိုလ်များ သို့ သင်တန်းများ စေလွှတ်လျက် ရှိကြောင်း သိရသည်။

''ဒီဘာသာရပ် အသစ်ကို တိုးချဲ့ သင်ကြားနိုင်ဖို့ လူ့စွမ်းအား အရင်းအမြစ် တွေ အရင်ဆုံး ရှာဖွေသွားမယ်၊ မွေးမြူသွားမယ်။ ရန်ကုန် တက္ကသိုလ်မှာ လူမှုဗေဒ ဘာသာရပ် အသစ် ဖွင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန် နိုင်ငံက ပညာရှင် သုံးဦးနဲ့ ဟန်ဂေရီက ဆရာ တွေရောက်လာ ကြတယ်။ ဘာသာရပ် အသစ်နဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်း တွေကိုလည်း ဆွေးနွေး ကြတယ်။ ဆွေးနွေးတဲ့ အခါ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အင်္ဂလိပ်လို ဘယ်လို တွေးပြီး ဘယ်လို ရေးရမလဲဆိုတဲ့ သင်တန်းတွေ အရင်လာရောက် ပို့ချပေးတယ်။ မနုဿဗေဒ ဌာနနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန နှစ်ခုပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲ သုံးပတ်ကြာ ပြုလုပ်ခဲ့တာပါ။ သင်တန်း တက်ရောက် တဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အောင်လက်မှတ် ချီးမြှင့် ခဲ့တယ်။ ဒါ့အပြင် ဌာနက ဆရာတွေနဲ့ သင်ရိုး ညွှန်းတမ်း အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်'' ဟု ရန်ကုန် တက္ကသိုလ် မနုဿဗေဒ ဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ မြမြခင် က ပြောသည်။

''ဒီနှစ်ထဲ မှာတော့ ဘာသာရပ် အသစ် သင်ဖြစ်မှာ မဟုတ်ပါဘူး။ အရင်ဆုံး ဆရာတွေကို သင်တန်းပေးပြီး အဆင်ပြေပြီ ဆိုမှ ကျောင်းသားတွေကို သင်ကြား ပေးမယ်။ OSF ရဲ့အကူအညီနဲ့ ဟန်ဂေရီမှာ ရှိတဲ့ Central European University ကို စေလွှတ်ပြီး မနုဿဗေဒ ဌာနက ဆရာတစ်ဦးနဲ့ စိတ်ပညာ ဌာနက ဆရာလေးဦးကို သင်ကြားပေး နေပါပြီ။ အခုက ဆရာတွေကို သင်တန်းပေး နေပြီဆိုတော့ နောက်နှစ် လောက်တော့ ဖွင့်ဖြစ် မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယင်းဘာသာရပ် အသစ်ကို ဘီအေတန်းမှ မဟာတန်း၊ မဟာ သုတေသနတန်း မှ ပါရဂူဘွဲ့ သင်တန်းအထိ ဖွင့်လှစ်သွားရန် အစီအစဉ် ရှိပြီး ရန်ကုန် တက္ကသိုလ်၌ ဘာသာရပ် ၂ဝ အပြင် နိုင်ငံရေးသိပံ္ပ ဘာသာရပ် ကိုလည်း ဘီအေဘွဲ့ အထိ သင်ကြားပေး နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger