www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 6, 2016

နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိသည့် တပ်မတော်စစ်ကြောင်း များအား AA သောင်းကျန်းသူ များက ချောင်းမြောင်း တိုက်ခိုက်



နေပြည်တော် ၊ ၆-၃-၂၀၁၆

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် တွင် ခြံစည်းရိုး ကာရံခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့်အဖွဲ့ များကို တပ်မတော် စစ်ကြောင်းများက လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးလျက် ရှိစဉ် AA သောင်းကျန်းသူ အဖွဲ့က ယခုရက်ပိုင်း အတွင်း ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

AA သောင်းကျန်းသူများ သည် နယ်စပ်ဒေသ ကန့်သတ်ချက် များကို အခွင့်ကောင်း ရယူကာ နှစ်နိုင်ငံနယ်စပ် နယ်ခြား မှတ်တိုင်အမှတ် (၆၃)နှင့် (၆၄)အကြား ၌ ဖေဖော်ဝါရီ ၂၇ ရက်တွင် တစ်ကြိမ်၊ မတ် ၁ ရက်တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး မတ် ၃ ရက်တွင် နယ်ခြား မှတ်တိုင်အမှတ် (၆၄)နှင့် (၆၅)ကြား၌ တစ်ကြိမ် ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ် များဖြင့် စောင့်ကြို ချောင်းမြောင်း တိုက်ခိုက်ခဲ့ကာ တစ်ဖက်နိုင်ငံ အတွင်းသို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

AA သောင်းကျန်းသူ အဖွဲ့သည် ၂ဝ၁၅ ခုနှစ်၊ မတ်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ နယ်ခြား မှတ်တိုင်အမှတ် (၆၈)နှင့် (၇၁) အကြားနယ်မြေ များသို့ စတင်ဝင်ရောက် လှုပ်ရှားခဲ့ပြီး နယ်စပ်ဒေသ မှတစ်ဆင့် အတွင်းပိုင်း ဖြစ်သည့် ပလက်ဝ၊ ကျောက်တော် နယ်မြေများသို့ အခြေခံ နယ်မြေ တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက် လာခဲ့ရာ တပ်မတော် စစ်ကြောင်းများက ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်း၍ နယ်မြေ ရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့ သဖြင့် AA သောင်းကျန်းသူ များသည် တစ်ဖက်နိုင်ငံ အတွင်းသို့ ပြန်လည် ထွက်ခွာသွားပြီး ယခုကဲ့သို့ တပ်မတော် စစ်ကြောင်းများအား ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်သည်။

၎င်းဖြစ်စဉ် များတွင် တပ်မတော်သား တချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် AA သောင်းကျန်းသူများ ဝင်ရောက်မှု မရှိစေရေးနှင့် သောင်းကျန်းသူ များကို ထိရောက်စွာ ချေမှုန်းနိုင်ရေး စီမံ ဆောင်ရွက်လျက် ရှိသည်။ ယင်းဖြစ်စဉ် များနှင့် ပတ်သက်၍ လည်း တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံ သံတမန်ရေး အရ ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger