www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

(၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) ကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

(၁၃)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) ကျင်းပစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၃)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) တွင် ဆွေးနွေးစဉ်

အာဆီယံတပ်မတော် အကြီးအကဲများ (၁၃)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုး ကြစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၆

အာဆီယံဒေသတွင်း နိုင်ငံ အချင်းချင်းတွင် ယုံကြည်မှု တည်ဆောက်ခြင်း၊ သံတမန်ရေးရာ ကာကွယ် ထိန်းသိမ်းခြင်း၊ စည်းလုံး ညီညွတ်မှု ခိုင်မာခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ခြင်းများ ပိုမိုပြုလုပ်လာ နိုင်ခဲ့ကြောင်း၊ အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် များ၏ ပူးပေါင်းမှု၊ စည်းလုံးညီညွတ်မှု များကို ပိုမိုတိုးမြှင့်ပြီး အင်အား တောင့်တင်းသော အာဆီယံ အသိုက်အဝန်း ဖြစ်စေရန် အာဆီယံ တပ်မတော် များအကြား ပူးပေါင်းမှုများကို ပိုမိုတိုးမြှင့် နိုင်ရေး စီမံဆောင်ရွက် သွားကြရန် တိုက်တွန်း ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မတ် ၁၄ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Don Chan Palace Hotel ၌ ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) တွင် ဆွေးနွေး ပြောကြားသည်။

အဆိုပါ အစည်းအဝေး သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံ တပ်မတော် အကြီးအကဲ များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ အစည်းအဝေးသို့ တက်ရောက် လာကြသော အာဆီယံနိုင်ငံ များမှ တပ်မတော် အကြီးအကဲ များသည် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် အစည်းအဝေး သဘာပတိ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj-Gen. Souvone LEVANGBOUNMY က (၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) အဖွင့် အမှာစကား ပြောကြားရာတွင် အာဆီယံ ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရှိစေရေးအတွက် အာဆီယံ တပ်မတော်များ အနေဖြင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်းနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး နှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ကိုလည်း စုပေါင်းအားထည့် ကူညီဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး 13th ASEAN Military Intelligence Informal Meeting နှင့်ပတ်သက်၍ လာအိုပြည်သူ့ တပ်မတော်မှ ထောက်လှမ်းရေးမှူးချုပ် နှင့် 6th ASEAN Military Operations Informal Meeting နှင့်ပတ်သက်၍ လာအိုပြည်သူ့ တပ်မတော်မှ စစ်ဦးစီးဌာန၊ ရုံးအဖွဲ့ အကြီးအကဲတို့က အစည်းအဝေး ရလဒ်များကို တင်ပြကြသည်။

ယင်းနောက် အစည်းအဝေး သဘာပတိ လာအိုပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ် Maj- Gen. Souvone LEVANGBOUNMY ဦးဆောင်၍ တက်ရောက် လာကြသည့် အာဆီယံ နိုင်ငံများမှ တပ်မတော် အကြီးအကဲ များက သက်ဆိုင်ရာ ခေါင်းစဉ်များအား နိုင်ငံ အက္ခရာစဉ် အလိုက် ဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အာဆီယံ တပ်မတော်များ၏ စည်းလုံး ညီညွတ်မှုဖြင့် ယခုနှစ် အစည်းအဝေး ၏ ဆောင်ပုဒ်ဖြစ်သော''အင်အား တောင့်တင်းသော အာဆီယံ အသိုက်အဝန်း ဖြစ်စေဖို့ စစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ကြပါစို့'' ဟူသည့်အတိုင်း အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက် ကမ္ဘာပေါ်တွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ပုံစံများ တဖြည်းဖြည်း ပြောင်းလဲ လာကြောင်း၊ အာဆီယံ တစ်နိုင်ငံချင်းစီ တွင် ကြုံတွေ့ နေရသည့် ပြည်တွင်း လုံခြုံရေး ခြိမ်းခြောက်မှု များမှာ လျော့ကျသွားပြီး ဒေသတွင်း နိုင်ငံအားလုံး ပတ်သက်နေသည့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ပိုမိုတိုးပွား လာခဲ့ကြောင်း၊ နိုင်ငံဖြတ်ကျော် ဖြစ်ရပ်များ ဖြစ်သဖြင့် အာဆီယံနိုင်ငံများ အချင်းချင်း နီးကပ်စွာ ပူးပေါင်း ဆက်ဆံရန် အလွန် အရေးကြီး လာကြောင်း၊ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့ နေရသော သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ခုဖြစ်သည့် ဘင်္ဂါလီ ပြဿနာကို ဆွေးနွေး လိုကြောင်း၊ ၁၈၅ဝ ပြည့်နှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေ များသို့ စပါးစိုက်ချိန် နှင့်ရိတ်သိမ်းချိန် များတွင် အလုပ်သမားများ အဖြစ် အင်္ဂလိပ်တို့ ခေါ်ဆောင်လာရာမှ ဘင်္ဂါလီ လူမျိုးများ အခြေချ နေထိုင်မှု စတင်ခဲ့ကြောင်း၊ ၄င်းတို့၏ မူလဇာစ်မြစ်မှာ ဘင်္ဂလား နယ်သားများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် ၁၈၇၂ ခုနှစ် သန်းခေါင် စာရင်းအရ စစ်တကောင်းသား ဘင်္ဂါလီ ၅၈၂၃၅ ဦးရှိခဲ့ပြီး ယနေ့ကာလ ၂ဝ၁၅ ခုနှစ်လူဦးရေ စာရင်းအရ ၁ဝ၂၈၅၃ဝ ဦးရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ် အနက် ဘင်္ဂါလီ မနေထိုင်သည့် မြို့နယ် လေးမြို့နယ်သာ ကျန်ရှိကြောင်း၊ ၂ဝ၁၂ ခုနှစ်မှစ၍ လူပွဲစား များသည် လှေကြီးများဖြင့် ဘင်္ဂလားဒေ့ရှ်မှ ရနောင်းသို့ ဘင်္ဂါလီများကို သယ်ယူခဲ့ရာမှ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ တောင်ပိုင်းဒေသ များသို့ တိုက်ရိုက် ပို့ဆောင်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံမှ ဖမ်းဆီးရမိခဲ့ သည့် လှေစီးဘင်္ဂါလီ များအား စိစစ်ချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်ပြေးလာသူ အများစု ဖြစ်ကြောင်း၊ ဘင်္ဂါလီ များသည် ကမ္ဘာ့နိုင်ငံတချို့ ရှိ အစွန်းရောက် အဖွဲ့အစည်း များ၏ အကူအညီဖြင့် ရခိုင်ဒေသရှိ ဘင်္ဂါလီ များအား ရိုဟင်ဂျာလူမျိုး အဖြစ် အသိအမှတ် ပြုလာစေရန်နှင့် ၄င်းတို့ အဖွဲ့အစည်းများ ဆက်လက် ရပ်တည်နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း၊ ၄င်းတို့၏ ပြဿနာသည် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေနိုင်ခြင်း ရှိ /မရှိ ကို သက်ဆိုင်ရာ အဖွဲ့အစည်း များက သေချာစွာ စိစစ်ရန် လိုအပ်ကြောင်း၊ ဘင်္ဂါလီ ပြဿနာအပြင် အစွန်းရောက်နှင့် အကြမ်းဖက်ဝါဒ အန္တရာယ် အား ကြိုတင်တားဆီး ကာကွယ်နိုင်ရန် Cooperation ၊ Coordination နှင့် Collaboration နှင့် တို့ကို တိုးချဲ့လုပ်ဆောင်ရန် လိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

၎င်းနောက် အာဆီယံ တပ်မတော်များ၏ ၂ဝ၁၆-၂ဝ၁၈ နှစ်နှစ် လုပ်ငန်း စီမံချက်အား ဆွေးနွေးကြပြီး (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) ပူးတွဲ ကြေညာချက်အား လက်မှတ်ရေးထိုး ကြသည်။

ထို့နောက် လာအိုတပ်မတော် စစ်ဦးစီးချုပ် က အစည်းအဝေး နိဂုံးချုပ် နှုတ်ခွန်းဆက် စကား ပြောကြားပြီး (၁၄)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဖိလစ်ပိုင် နိုင်ငံမှ ဒုတိယ စစ်ဦးစီးချုပ် Lieutenant General Romeo T Tanalgo ထံသို့ တာဝန် လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် ဖိလစ်ပိုင် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် က လက်ခံ နှုတ်ခွန်းဆက် စကား ပြောကြားပြီး အစည်းအဝေး အား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂၊ ၁၆၊ ၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger