www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 8, 2016

လာဘ်စားမှုများနှင့် ကမ္ဘာ့မီဒီယာများကြား ထင်ရှားနေသည့် "မလေးရှား"



< ရှိန်းထက် >

မလေးရှားနိုင်ငံသည် ကမ္ဘာပေါ်ရှိ လာဘ်စားမှု အများဆုံးနိုင်ငံ ထဲမှ တစ်နိုင်ငံဖြစ်သည်။ အာရှ၌ လာဘ်စားမှု ကဏ္ဍတွင် တရုတ်နှင့် တစ်ပြေးညီ တည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပြီး အစိုးရ ထိပ်ပိုင်းဆိုင်ရာ အရာရှိကြီး များ၏ လာဘ်ပေးလာဘ်ယူ မှုများကြောင့် အဓိကထင်ရှား ကျော်ကြား လှသည်။

မလေးရှား ခေတ်သစ်သမိုင်းတွင် ဒေါ်လာ ဘီလီယံနှင့်ချီ လာဘ်စားခဲ့မှုများ ရှားပါးလာ ခဲ့သော်လည်း သန်းနှင့်ချီ လာဘ်စားနေသော အရာရှိကြီးများမှာ ယခုအချိန်ထိ လာဘ်စားမှု ပပျောက်ရေး ကော်မရှင်၏ တရားစွဲဆိုမှုကို ခံနေရဆဲ ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် နှစ်လယ်လောက်က စခဲ့သော ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ၏ လာဘ်စားမှုမှာ မလေးရှား သမိုင်းတွင် အကြီးမားဆုံး လာဘ်စားမှုတစ်ခု ဖြစ်ခဲ့သည်။ အမေရိကန် ဒေါ်လာ သန်း ၇ဝဝ နီးပါး လာဘ်စား ခဲ့သည်ဟု စွပ်စွဲခံရသော ဝန်ကြီးချုပ်၏ သတင်းသည် ကမ္ဘာ့ သတင်းစာကြီး များ၏ မျက်နှာဖုံး၌ တခမ်းတနား ဖော်ပြခြင်း ခံခဲ့ရသည်။

ထို့ကြောင့် နာဂျစ်ရာဇတ် သည် မလေးရှား၏ လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် Malaysian Anti-Corruption Commission - MACC ၏ စုံစမ်းစစ်ဆေးမှု ကိုခံခဲ့ရကာ အမှုရင်ဆိုင်ခဲ့ ရသည်။ ထို အတောအတွင်း နာဂျစ်ရာဇတ် သည် ဝန်ကြီးချုပ် လာဘ်စား ခဲ့သည်ဟု ဝေဖန်ရေးသား ခဲ့သော မလေးရှား၏ The Edge Weekly နှင့် The Edge Financial Daily သတင်းစာတို့ကို ပိတ်ပစ်ခဲ့သည်။ ထို့ကြောင့် အနာပေါ် တုတ်ကျသည် ဟု ထပ်မံဝေဖန်ခံ ခဲ့ရကာ နာဂျစ်ရာဇတ် အမှန်တကယ် လာဘ်စားသည်ဟု သတင်းက ထပ်မံထွက်ပေါ် လာပြန်သည်။

ထို့ကြောင့် နာဂျစ်ရာဇတ် ကို ပြည်သူများက ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် အထိ တောင်းဆိုခဲ့ ကြသည်။ မလေးရှား၏ ဘဏ္ဍာရေး ကဏ္ဍသည် အမြဲရှုပ်ထွေး နေသည့် ကဏ္ဍဖြစ်သည်။ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံး စရိတ်ကို မတင်ပြလျှင်လည်း ရသည်။ ထို့ကြောင့် နိုင်ငံရေးပါတီ များတွင် လာဘ်စားမှု ကဏ္ဍများ ပေါ်ပေါက်လာသည်။ တက္ကသိုလ် ကျောင်းများတွင်လည်း လာဘ်စား မှုရှိသည်။ တစ်ခါတစ်ရံ စီမံကိန်းကြီး များကိုတင်ဒါ မခေါ်ဘဲ နှင့်ပင် ကုမ္ပဏီများမှ ရရှိ သွားတတ်သည်။

ထို့ကြောင့် မလေးရှား၏ အထက်ပိုင်း လာဘ်စားမှုများက ထင်ရှား လာခဲ့သည်။ တစ်ဖန် လူကုန်ကူးမှု ကဏ္ဍတွင် မလေးရှား ရဲအရာရှိကြီး များက ပါဝင်ပတ်သက် နေပြန်သေးသည်။ ၂ဝ၁၅ ခုနှစ် မေလက မလေးရှားနိုင်ငံ တွင်းသို့ လူကုန်ကူးခွင့် ရရှိစေရန် ခွင့်ပြုပေးခဲ့ပြီး ဒေါ်လာသန်းနှင့် ချီကာ နှစ်နှင့်ချီ၍ အမြတ်ထွက် နေသော ရဲအရာရှိကြီး နှစ်ဦးကို မလေးရှား အစိုးရက အရေးယူ ခဲ့သည်။ ထိုင်းနှင့် မလေးရှား နယ်စပ်တွင် မြှုပ်ထားသော လူသေအလောင်း များကို ထိုင်းအစိုးရက တွေ့ရှိပြီးနောက် လူကုန်ကူးမှု ကဏ္ဍတွင် ထိုင်းနှင့် မလေးရှား အစိုးရ အာဏာပိုင် အသိုင်းအဝိုင်းတို့ ပါဝင်ပတ်သက် နေကြောင်း သိရှိသွား ခဲ့ကြသည်။

လူကုန်ကူးခံ ရသော လူသေအလောင်း များစွာတွေ့ရှိခဲ့ မှုကြောင့် မလေးရှားနှင့် ထိုင်းအစိုးရ၏ ဂုဏ်သိက္ခာမှာ အဖတ်ဆယ် မရအောင် ကျဆင်းခဲ့ပြီး နိုင်ငံတကာ၏ ထိုးနှက်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် ထိုင်းအစိုးရ ကလည်း စစ်တပ် အထက်ပိုင်းမှ ပါဝင် ပတ်သက်ခဲ့သော သူများကို အရေးယူခဲ့သည်။ ထိုနည်းတူစွာ မလေးရှား ကလည်း အကြီးတန်း ရဲအရာရှိနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး နိုင်ငံဂုဏ်သိက္ခာ ပြန်လည် အဖတ်ဆယ် နိုင်အောင် ကြိုးပမ်းခဲ့သည်။

ဟောင်ကောင်နှင့် သြစတြေးလျ တို့၏ လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့များ ICAC ကဲ့သို့ မလေးရှားသည် သူ့နိုင်ငံ၏ လာဘ်စားမှုကို တိုက်ဖျက်နိုင်ရန် MACC ကို ဖွဲ့စည်းပြီး ကြိုးပမ်းခဲ့သည်။ သို့သော် ယခု အချိန်ထိ ထိုအဖွဲ့သည် အားနည်းချက် များစွာနှင့် ရည်မှန်းချက် အတိုင်း အောင်မြင်အောင် မစွမ်းဆောင် နိုင်သေးပေ။ ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းက youtobe တွင် တက်လာခဲ့သော မလေးရှားရဲများ လာဘ်စားသည့် ဗီဒီယိုမှတ်တမ်း သည် MACC အဖွဲ့၏ အားနည်းမှုကို ထင်ဟပ်စေသည်။ လာဘ်ပေး လာဘ်ယူမှု မရှိစေရဟု ကြွေးကြော်နေ သော်လည်း အရာထင်မှု မရှိသော MACC ၏ မူဝါဒများကိုလည်း ပြန်လည် ပြင်ဆင်ရန် လိုအပ်လျက် ရှိသည်။

၂ဝ၁၆ ခုနှစ်တွင် အားနည်းချက် များနှင့် စွမ်းဆောင်ရည် မပြည့်ဝသော မလေးရှား၏ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် MACC ကို ပညာရှင်များနှင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းတော့မည် ဖြစ်သည်။ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် လာဘ်စားသည့် သတင်းသည် ဆွစ်ဇာလန် နိုင်ငံမှ စတင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ နာဂျစ်ရာဇတ် ၏ ဘဏ်စာရင်းတွင် ဒေါ်လာ သန်း ၇ဝဝ နီးပါး ရောက်ရှိနေသည့် အပေါ် ရာဇတ်က တရားဝင် ဖြေရှင်းခဲ့ခြင်း မရှိပေ။ တရားစွဲခံ ရပြီးနောက်ပိုင်း မှသာ ဆော်ဒီဘုရင်က သူ့အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

ထိုငွေများသည် ၂ဝ၁၃ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကပင် ဆော်ဒီဘုရင်က သူ့အား ပုဂ္ဂိုလ်ရေးအရ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ နာဂျစ်ရာဇတ် သည် ၂ဝဝ၉ ခုနှစ် ကတည်းက မလေးရှား ဝန်ကြီးချုပ် ဖြစ်လာခဲ့ သူဖြစ်ပြီး သူအုပ်ချုပ်သည့် ကာလအတွင်း မလေးရှား စီးပွားရေးသည် တိုးတက်ကောင်း မွန်ခဲ့သည်။ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ၄ ဒသမ ၇ ရာခိုင်နှုန်း အထိရှိခဲ့ပြီး၂ဝ၁၅ ခုနှစ်မှ စတင်ကျဆင်း ခဲ့သော ရေနံဈေးကြောင့် မလေးရှားလည်း ရိုက်ခတ်မှု ရှိခဲ့သည်။

ထို့ကြောင့် ၂ဝ၁၅ ခုနှစ် သူ၏ GDP လည်း ထင်မှတ်ထား သည်ထက် အားနည်းခဲ့ ရသည်။ ထို့ပြင် ရေနံဈေးကလည်း ယခင်က တစ်စည်လျှင် ဒေါ်လာ ၁ဝဝ ရှိခဲ့ရာ မှ ၂ဝ၁၅ ခုနှစ် နှစ်ကုန်တွင် ဒေါ်လာ ၃ဝ အောက်သို့ ရောက်ရှိသွား ခဲ့သည်။ ပုံမှန်ဈေး ပြန်တက်မည့် အရိပ်အယောင် လည်း ယခုအချိန်ထိ မပြသေး သောကြောင့် ကမ္ဘာ့ ရေနံ ကုမ္ပဏီကြီးများ ကပင် အလုပ်သမား ထောင်သောင်းချီ လျှော့ချ နေကြသည်။

ထို့ကြောင့် နာဂျစ်ရာဇတ် သည် သူ့နိုင်ငံ၏ အရှိန်မှန်သည့် စီးပွားရေးကို ပြန်လည်ရရှိအောင် စတော့ဈေးကွက် တွင် အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော် ထပ်မံရင်းနှီး မြှုပ်နှံရေး အစီအစဉ်များကို အကောင်အထည် ဖော်နေသည်။ ယခုတွင် နာဂျစ်ရာဇတ် အတွက် အကျင့်ပျက် လာဘ်စားခဲ့သည် ဟူသည့် စွပ်စွဲချက် များလည်း ရှင်းသွားပြီ ဖြစ်သည်။ ၁၅ ရာစုနှစ် လောက် ကတည်းက သံတမန် ဆက်ဆံရေး ရှိခဲ့ပြီး ကုန်စည်ကူးသန်း ရောင်းဝယ်ခဲ့သော အရှေ့ အလယ်ပိုင်း နှင့် တောင်ပိုင်း နှစ်နိုင်ငံ ခိုင်မြဲသည့် ဆက်ဆံရေးသည် လူမျိုးဘာသာ တူသော အပေါ်တွင် အကြီးမားဆုံး မူတည်ခဲ့သည်။

သို့သော် ယခုဝန်ကြီးချုပ် နာဂျစ်ရာဇတ် ၏ ပုဂ္ဂိုလ်ရေး ဘဏ်ငွေစာရင်း ထဲသို့ဒေါ်လာ သန်း ၇ဝဝ နီးပါး လွှဲပြောင်းပေးအပ် ခဲ့ခြင်းကတော့ လူတိုင်းအတွက် နားမလည်နိုင်သော ပဟေဠိ တစ်ပုဒ် ဖြစ်နေသည်။ အဘယ်ကြောင့် လွှဲပြောင်း ပေးအပ်ခဲ့သည် ဟူသည့် အကြောင်းပြချက်ကို ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ဝန်မခံထား သေးဘဲ ဆော်ဒီအာရေဗျ နိုင်ငံကလည်း နှုတ်ပိတ်နေလျက် ရှိသည်။

ထို့ကြောင့် နာဂျစ်ရာဇတ် လာဘ်စားသည့် ပြစ်မှုမှ လွတ်မြောက်သွား သော်လည်း တစ်ကမ္ဘာလုံးက သိချင်နေသည့် အကြောင်း ပြချက်ကို ထိမ်ချန်ထားသည့် အတွက် နာဂျစ်ရာဇတ် ကို မလေးရှားပြည်သူ များကပင် သံသယဝင်နေဆဲ ဖြစ်နေပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger