www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 8, 2016

ဒေါ်လာငွေကြေးကို ကမ္ဘာ့ငွေကြေးအဖြစ်မှ ဖယ်ရှားရန် ကြိုးပမ်းလာသည့် ယူရေးရှား ရွှေတြိဂံနိုင်ငံများ



< နိုင်ထူး >

ကမ္ဘာ့ငွေကြေးနှင့် ကုန်သွယ်ရေး ဈေးကွက်၌ အဓိက ငွေကြေးအဖြစ် နှစ်ပေါင်းများစွာ နေရာယူလာသည့် အမေရိကန် ဒေါ်လာ ငွေကြေးသည် ယခုအခါ အင်အား ပြင်းထန်သော ပြိုင်ဆိုင်မှု များဖြင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

ဒေါ်လာငွေကြေး၏ ရပ်တည်မှုကို အဓိက ခြိမ်းခြောက် နေသော နိုင်ငံများမှာ ယူရေးရှား ရွှေတြိဂံနိုင်ငံ များဟု တင်စား ခေါ်ဝေါ်ခြင်း ခံထားရသော တရုတ်၊ အီရန် နှင့် ရုရှားတို့ပင် ဖြစ်သည်။

ကမ္ဘာ့ငွေကြေး အဖြစ် ဂုဏ်ယူမော်ကြွား နိုင်ခဲ့သည့် ဒေါ်လာငွေကြေးကို ကုန်သွယ်ရေး ဆိုင်ရာ အဓိကငွေကြေး အဖြစ်မှ ဖယ်ရှားနိုင်ရေး လုပ်ဆောင်ချက် များသည် ပြီးခဲ့သည့်လ နှောင်းပိုင်းက အရှေ့ အလယ်ပိုင်း ဒေသသို့ သွားရောက် ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ တရားဝင် ခရီးစဉ် အတောအတွင်း ပိုမိုအားကောင်း လာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်တွင် တရုတ် အစိုးရသည် အရှေ့ အလယ်ပိုင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အီရန်နိုင်ငံနှင့် သဘော တူညီချက် ၁၇ ချက်ကို အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

အဆိုပါ သဘော တူညီချက်များ အရ အီရန် နှင့် တရုတ်နိုင်ငံ တို့သည် စီးပွားရေးနှင့် နည်းပညာ အပါအဝင် တခြားကဏ္ဍ များတွင် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်သည်။ အီရန်အစိုးရ၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ အနောက် နိုင်ငံများက ယင်းနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ယခုအခါ ဖယ်ရှား ပေးလိုက်ပြီ ဖြစ်သောကြောင့် အီရန်သည် ကမ္ဘာ့ရေနံ ဈေးကွက်တွင် ပြန်လည်ပါဝင်ရန် ကြိုးပမ်းလျက် ရှိသည့်အပြင် အာရှ အင်အားကြီး တရုတ်နိုင်ငံ နှင့်လည်း စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်လျက် ရှိသည်။

တစ်ချိန်တည်း မှာပင် အီရန် အစိုးရသည် ပြည်ပနိုင်ငံ များနှင့် ကုန်သွယ်ရာတွင် ယခင် အသုံးပြုလျက် ရှိသည့် ဒေါ်လာငွေကြေး နေရာတွင် ၄င်းတို့၏ ငွေကြေးယူနစ် ဖြစ်သည့် ရီယယ်လ် သို့မဟုတ် ရုရှားရူဘယ်လ် တို့ဖြင့် အစားထိုး အသုံးပြုရန် လုပ်ဆောင်လျက် ရှိသည်။ အီရန်နိုင်ငံသည် ပြည်ပ ကုန်သွယ်ရေး တွင် ဒေါ်လာ ငွေကြေးအား အသုံးပြုနေခြင်း ကို ရပ်ဆိုင်းရေး အတွက် ယခုနှစ် ဇန်နဝါရီလ အတွင်းက ပြည်ပနိုင်ငံ တချို့နှင့် သဘော တူညီမှု ရရှိခဲ့ပြီးဖြစ်သည်။ သို့ရာတွင် တချို့ နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အီရန် နိုင်ငံအနေဖြင့် တရုတ်ယွမ်၊ ယူရို၊ လီရာ (တူရကီ)၊ ရူဘယ်လ်နှင့် ဝမ် (တောင်ကိုရီးယား) စသည့်ငွေကြေး ယူနစ်များကို အသုံးပြု သွားမည်ဟု အီရန် ဗဟိုဘဏ်က တရားဝင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အီရန်နှင့် ရုရှားနိုင်ငံ တို့သည် ကုန်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ငွေကြေး၏ လွှမ်းမိုးမှုကို ရှောင်ရှားနိုင်ရေး အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပြုလုပ်ရာတွင် ၄င်းတို့၏ ကိုယ်ပိုင်ငွေကြေး များကိုသာ အသုံးပြုရန် သဘောတူညီ ခဲ့သည့်အပြင် ကုန်သွယ်ရေး အတွက် ရည်ရွယ်၍ ပူးတွဲဘဏ် စာရင်းတစ်ရပ် ကိုပါ ဖွင့်လှစ်ရန် ကြိုးပမ်းလျက် ရှိသည်။

အလားတူ ရုရှား အစိုးရသည် ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီးချိန်မှ စပြီး ကမ္ဘာ့ ကုန် သွယ်ရေး ဈေးကွက်မှ ဒေါ်လာ ငွေကြေးကို ဖယ်ရှား၍ ''ဒေါ်လာငွေကြေး အသုံးမပြုသည့် ကမ္ဘာ'' တစ်ခုကို တည်ထောင်ရန် ကြိုးပမ်းလျက် ရှိသည်။ ထို့ပြင် ရုရှားနိုင်ငံက တရုတ်အစိုးရနှင့် ချုပ်ဆို နိုင်ခဲ့သည့် ဒေါ်လာ ၄ဝဝ ဘီလီယံရှိ စွမ်းအင်ဆိုင်ရာ သဘော တူညီချက် နှစ်ခုသည် အမေရိကန် ပြည်ထောင်စု အတွက် အဓိက ထိုးနှက်ချက် တစ်ရပ်အဖြစ် ထွက်ပေါ် လာခဲ့သည်။ တရုတ် နှင့် ရုရှားနိုင်ငံတို့သည် အဆိုပါ သဘောတူညီချက် များအရ ၄င်းတို့အကြား ပြုလုပ်မည့် ကုန်သွယ်ရေးတွင် ဒေါ်လာငွေကြေး အသုံးပြုခြင်း မရှိဘဲ ယွမ်နှင့် ရူဘယ်လ်ငွေကြေး ကိုသာ အသုံးပြု လုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်း အချက်သည် ဒေါ်လာ ငွေကြေးအား ကမ္ဘာ့ အရန်ငွေကြေး အဖြစ် ဖယ်ရှားနိုင်မည့် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ထွက်ပေါ် လာခဲ့သည်။ ထို့ပြင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့ ပါဝင်သော (BRICS) အဖွဲ့နှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(SCO )၏ အဓိက အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် အကူအညီ လိုအပ် နေချိန်တွင် အကူအညီများ

ပေးအပ်မည် ဟု ရုရှားအစိုးရအား ကတိကဝတ် ပြုထားသည့်အပြင် ၄င်းတို့နှစ်နိုင်ငံ အကြား ကနဦး အနေဖြင့် ဒေါ်လာ ၂၅ ဘီလီယံနှင့် ညီမျှသည့် ငွေကြေး အပေးအယူ ကိစ္စရပ်များအား ယွမ်နှင့် ရူဘယ်လ်ငွေကြေး ကိုသာ အသုံးပြု၍ ကုန်သွယ်ခဲ့ပြီး ဖြစ်သည်။ ဒေါ်လာငွေကြေး အသုံးပြုခြင်း ကို ရှောင်ရှားနိုင်မည့် ငွေကြေးယူနစ် ပြောင်းလဲ အသုံးပြုခြင်းကို BRICS နှင့် SCO အဖွဲ့ဝင်နိုင်ငံများ အကြား ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ရန် တရုတ်နှင့် ရုရှားနိုင်ငံတို့က စီစဉ်ထားသည်။ ယင်းအစီအစဉ်တွင် ပါကစ္စတန်၊ အိန္ဒိယနှင့် မွန်ဂိုလီးယား တို့အပြင် နေတိုးအဖွဲ့ ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် တူရကီနိုင်ငံလည်း ပါဝင်လာနိုင်ဖွယ် ရှိသည်။

အမေရိကန် အစိုးရသည် ၄င်းတို့၏ ငွေကြေး စနစ်ကို ကမ္ဘာ့အရန် ငွေကြေး သို့မဟုတ် ကမ္ဘာ့ ကုန်သွယ်ရေး အတွက် မရှိမဖြစ် အသုံးပြုသည့် ငွေကြေးအဖြစ် ဆက်လက် ရပ်တည် နိုင်စေရန် ဆန္ဒပြင်းပြလျက်ရှိသည်။ ထို့ ကြောင့် အမေရိကန် ပြည်ထောင်စုသည် ရေနံကို ဒေါ်လာငွေကြေး အစား ယူရိုဖြင့် ရောင်းချခဲ့သည့် အီရတ်နိုင်ငံအား ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့သည် ဟု တချို့က စွပ်စွဲပြောကြား ခဲ့သည်။ လက်ရှိတွင် ဥရောပ ဈေးကွက်သို့ တင်ပို့မည့် ရေနံများကို ယူရို သို့မဟုတ် ရူဘယ်လ်ဖြင့် ရောင်းချရန် ကြိုးပမ်း နေခြင်းကြောင့် ဒေါ်လာငွေကြေး သည် ရေနံငွေကြေး အဖြစ်မှ လျော့ကျ လာမည်ကို အမေရိကန် အစိုးရက စိုးရိမ်မကင်း ဖြစ်နေပြီး အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့မှု အပါအဝင် အခြေအနေ အရပ်ရပ်ကို သတိထား စောင့်ကြည့်လျက် ရှိသည်။

တစ်ချိန်တည်း မှာပင် အမေရိကန် ပြည်ထောင်စု သည် ကမ္ဘာပေါ်တွင် ရေနံအများဆုံး အသုံးပြု သည့် နိုင်ငံအဖြစ် ရပ်တည် နေသော်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ့ စွမ်းအင် အများဆုံး သုံးစွဲသည့် နိုင်ငံအဖြစ် ရှိနေသည်။

ထို့ပြင် တရုတ်နိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ် ဈေးကွက် အဖြစ်သို့ ရောက်ရှိ လာပြီး အနာဂတ် ကာလ၌ ရေနံကို ယခုထက်ပိုမို သုံးစွဲလာ နိုင်ဖွယ်ရှိသည်။ အလားတူ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံဒုတိယ အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်သည့်အပြင် သဘာဝ ဓာတ်ငွေ့ကို အများဆုံး ထုတ်လုပ်သည့် နိုင်ငံ အဖြစ်လည်း ရပ်တည်လျက် ရှိသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ စွမ်းအင်ကဏ္ဍ၌ တရုတ်၊ အီရန်နှင့် ရုရှားနိုင်ငံ တို့က အဓိက အခန်းကဏ္ဍမှ ပါဝင် လာခြင်းသည် ၄င်းတို့အကြား ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် နိုင်မည်ဖြစ်ပြီး ကုန်သွယ်မှု ပြုလုပ် ရာတွင်လည်း ဒေါ် လာ ငွေကြေးအစား ၄င်းတို့၏ နိုင်ငံသုံးငွေကြေး စနစ်များကိုသာ အဓိကထား အသုံးပြုမည် ဖြစ်ေ သာကြောင့် စွမ်းအင်ကဏ္ဍတွင် သာမက ကုန်သွယ်ရေး ကဏ္ဍတွင် ကမ္ဘာ့ ငွေကြေး စနစ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည် လာခဲ့သည့် ဒေါ်လာ ငွေကြေး၏ အခန်းကဏ္ဍကို မှေးမှိန်စေရန် ပိုမိုကြိုးပမ်း လုပ်ဆောင်လာမည် ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger