www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 15, 2016

နိုင်ငံတကာခရီးသွားများ လေ့လာ၍ မှတ်တမ်းယူသူ များသော ကုသိုလ်တော်ဘုရားရှိ ကျောက်စာများ



( တိမ်တမန် )

လေ့လာစရာ များစွာနှင့် မန္တလေးမြို့သို့ နိုင်ငံတကာ ခရီးသွားဧည့်သည် များစွာ ဝင်ရောက် လေ့လာသည့် မြင်ကွင်းမှာ ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။ အများစုသော ခရီးသွား ဧည့်သည်များသည် မြန်မာတို့၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်သလို နန်းမူနန်းဟန် လက်ရာများကို လေ့လာခွင့်ရသည့် မန္တလေးမြို့ကို အထူး စိတ်ဝင်စား ကြကြောင်း သိရသည်။

မန္တလေးမြို့သို့ လာရောက် လည်ပတ်ကြသော နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များမှာ The World's Biggest Book ကို အံ့သြစွာ လေ့လာ မှတ်တမ်းယူလေ့ ရှိကြသည်။ ခရီးသွား ဧည့်သည်များမှာ အကြီးဆုံးနှင့် အများဆုံးသော ပိဋကတ်သုံးပုံပါ ကျောက်စာများကို အထူးနှစ်သက် မှတ်တမ်းယူလေ့ ရှိသည်။ ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီးဟု ညွှန်းဆိုထားသော ကျောက်စာများသည် မန္တလေးမြို့ မဟာလောက မာရဇိန် ကုသိုလ်တော် ဘုရားအတွင်း၌ ရှိသည်။

ထို စေတီတော်မြတ်ကြီး ကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်တွင် စတင်တည်ထား ခဲ့သည်။ ထိုစေတီတော် မြတ်ကြီး၏ ဘေးဘက်တွင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး ဟု တင်စားထားသည့် ပိဋကတ်သုံးပုံ ပါဠိတော် ကျောက်စာပေါင်း ၇၂၉ ချပ်တည်ရှိသည်။ ထိုကျောက်စာများကို မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် စတင်ထွင်းထု ခဲ့ရာ ၁၂၃ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ မာတိကာ အလိုက် ပိဋကတ်သုံးပုံ ကျောက်စာများမှာ သုတ္တန်သုံးကျမ်း၊ ကျောက်စာအချပ် ၄၁ဝ၊ ဝိနည်းငါးကျမ်း၊ ကျောက်စာ ၁၁၁ ချပ်၊ အဘိဓမ္မာ ခုနစ်ကျမ်း၊ ကျောက်စာ ၂ဝ၈ ချပ်၊ သမိုင်း ကျောက်စာ တစ်ချပ်အဖြစ် ရေးထိုးကမ္ပည်း တင်ထားခဲ့သည်။ ကျောက်စာ တစ်ချပ်လျှင် ဓမ္မစေတီ တစ်ဆူနှုန်းဖြင့် တည်ထားခြင်းဖြစ်ရာ သပ္ပာယ်လွန်း လှသည်။

ယခုအခါ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးရှိသည့် ကုသိုလ်တော် ဘုရား ရှေ့မန္တလေးနှစ် ၁၅ဝ ပြည့် မင်းတုန်းမင်း ရုပ်တုအနီး သဘာဝ စကျင်ကျောက် တုံးပေါ်တွင် Unesco Memory of the World Logo မှတ်တမ်းစာပါ ကျောက်စာနှင့် အတူ ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကုသိုလ်တော်ဘုရား ကျောက်စာများ၊ နိုင်ငံတကာ စာရင်းဝင်သော နှစ် ၂ဝ၁၃ ခုနှစ် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ဟူသော စာတမ်းပါသည့် ကျောက်စာပါ ကျောက်တုံးကြီးကို အောင်မြင်စွာ စိုက်ထူထား နိုင်ခဲ့ပြီဖြစ်သည်။ ပုံစံတူ ကျောက်စာ မြန်မာလိုတစ်ချပ် အင်္ဂလိပ်လို တစ်ချပ်ပင် ဖြစ်သည်။ သို့အတွက် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ ကျောက်စာမှတ်တမ်း နှစ်ချပ်ကို ကုသိုလ်တော် ဘုရားရှေ့တွင် မြင်တွေ့ နေရပြီး နိုင်ငံတကာ ခရီးသွား ဧည့်သည်များ နေ့စဉ်ဝင်ထွက်လျက် ရှိသည်။ ကုသိုလ်တော် ဘုရားရောက် နိုင်ငံတကာ ခရီးသွားများသည် ထူးခြားစွာ ကြာပန်းကပ်လှူသည့် အလေ့အထကို စိတ်ဝင်စားသလို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး မှတ်တမ်းနှင့် အမှတ်တရ မှတ်တမ်းယူလေ့ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger