www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 5, 2016

တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား 
ပြောကြားစဉ်



နေပြည်တော်၊ ၅-၁-၂၀၁၅

“ ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင် စစ်ရေးအကြောင်း ဦးစွာ သဘောပေါက်အောင် လုပ်ပါ ” ဆိုသည့် ဆိုရိုးစကား တစ်ရပ်ရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကို ငြိမ်းချမ်းအောင် ဆောင်ရွက်ရာတွင် စစ်ရေးဆိုင်ရာ ရင်ဆိုင်ရမှုများ ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ယင်း ရင်ဆိုင်ရမှုများမှာ မိမိတို့ တပ်မတော်က စစ်ကို လိုလားသောကြောင့် ဖြစ်နေခြင်း မဟုတ်သည်ကို ဖြစ်စဉ်ဖြစ်ရပ် များကို အစွဲကင်းကင်းဖြင့် ဂဃနဏ လေ့လာကြည့်လျှင် တွေ့နိုင်ကြောင်း၊ လွတ်လပ်ရေးရပြီး ကတည်းက ယနေ့တိုင်အောင် မိမိတို့ ရဲဘော်ရဲဘက် များ၏ အသက်၊ခန္ဓာ၊ သွေးများစွာ ပေးဆပ်လာရသည့် စစ်ပွဲများကို မိမိတို့ စစ်သည်များထက် ပိုပြီးမလိုလား သည့်သူ ရှိနိုင်မည် မဟုတ်ကြောင်း။

ယနေ့ မိမိတို့ တိုက်ပွဲဝင်နေရခြင်း များသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် တရားသော စစ်သာဖြစ်သည် ဆိုသည်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် ရဲဘော်ရဲဘက်များ အားလုံးက မှန်သောသစ္စာ ဆိုဝံ့ကြောင်း၊ အမိနိုင်ငံတော်၏ မြေပြင်၊ ဝေဟင်၊ ရေပြင် ရေအောက်ပိုင်နက် နယ်မြေများ၊ အမိနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသား တို့၏ အကျိုးစီးပွား ၊ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ များကို ကာကွယ် စောင့်ရှောက်ကြ ရမည့် တာဝန်ဝတ္တရား များမှာ နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသား နိုင်ငံရေး တာဝန်တစ်ရပ် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ၌ ကျင်းပ ပြုလုပ်သော တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းနှင့် ဇနီး၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့်ဇနီး ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ် လက်ခံ ရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် နိုင်ငံတော် ကာကွယ်ရေး အတွက် တပ်မတော်များ ဖွဲ့စည်း ထူထောင်ပြီး နိုင်ငံကာကွယ်ရေး တာဝန်များကို ထမ်းဆောင်လျက် ရှိကြောင်း၊ ယင်း တပ်မတော်များသည် စတင်ပေါ်ပေါက် လာရသည့် အကြောင်းအရင်း၊ တပ်မတော် တည်ထောင်ရခြင်း၏ မူလရည်ရွယ်ချက်၊ တပ်မတော် ဖွဲ့စည်း ထူထောင်ရာတွင် အမာခံ၊ အမြူတေအဖြစ် ပါဝင်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ စသည်တို့အပေါ် မူတည်ပြီး ထူးခြားသည့် ၀ိသေသ လက္ခဏာများ ရှိကြကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် ပိုမိုထူးခြား ပြောင်မြောက်သည့် ၊ နိုင်ငံတော်၏ တိုင်းပြည် တည်ဆောက်ရေး (National Building)၊ နိုင်ငံ တည်ဆောက်ရေး (State Building) သမိုင်းများနှင့် ခွဲခြား၍ မရအောင် ယှဉ်တွဲနေသည့် သမိုင်းဆိုင်ရာ ၀ိသေသ လက္ခဏာများ၊ ခေတ်သစ် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင် ဦးဆောင်ပါဝင် နေဆဲဖြစ်သည့် ပစ္စုပ္ပန်ဆိုင်ရာ ၀ိသေသ လက္ခဏာများဖြင့် ပြည့်စုံနေသည့် တပ်မတော် ဖြစ်ကြောင်း။

မိမိတို့ တပ်မတော်ကို ဆုံးရှုံးသွားခဲ့ ရသည့် မြန်မာ့ လွတ်လပ်ရေးကို ပြန်လည်ရယူရန် အတွက် မျိုးချစ်လူငယ် များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ မည်သည့် ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ကိုမှ မျှော်လင့်၍ မရနိုင်သည့် အခြေအနေတွင် တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ်၊ အမျိုးချစ်စိတ် များဖြင့် အရင်းခံ တည်ဆောက်ခဲ့သည့် တပ်မတော်လည်း ဖြစ်ကြောင်း၊ ထိုအချိန်က ပြည်သူများ၏ ပြင်းပြသည့်ဆန္ဒ လိုလားချက် ဖြစ်သော “ လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေး သည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ ” ဆိုသည့် အမျိုးသားရေး လိုအပ်ချက်ကို တပ်မတော်က ဦးဆောင် အကောင်အထည်ဖော် ဖြည့်ဆည်းပေး ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်တွင် ရွေးချယ်ကျင့်သုံး ခဲ့သည့် ပါလီမန် ဒီမိုကရေစီစနစ်မှ တိုင်းရင်းသား ပြည်သူလူထု လိုလားသည့် ဆိုရှယ်လစ် စနစ်ကို ပြောင်းလဲ ဖော်ဆောင် ရာတွင်လည်း တပ်မတော်က လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း၊ မျက်မှောက် ကာလ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ပြောင်းလဲ လျှောက်လှမ်းနိုင်ရန် ကိုလည်း တပ်မတော်ကပင် ဦးဆောင် အသွင်ကူးပြောင်း ပေးခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူများ၏ လိုလားချက် မှန်သမျှကို ခေတ်အဆက်ဆက် အလေးထား ဖြည့်ဆည်း ပေးခဲ့သည့် အဖွဲ့အစည်း ဖြစ်ကြောင်း ၊ မိမိတို့ တပ်မတော်သား များသည် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးနှင့် အမျိုးသားရေး တာဝန်များကို သာလွန်သည့် စွန့်လွှတ် အနစ်နာခံမှုများဖြင့် ထမ်းဆောင် ခဲ့ကြောင်း၊ သာမန်ထက် သာလွန်သည့် စွမ်းရည်သတ္တိများကို ပြသခဲ့ကြောင်း၊ စွမ်းရည်သတ္တိ  ဆိုသည်မှာ လုပ်ရဲကိုင်ရဲခြင်း၊ ရဲစွမ်းသတ္တိ ရှိခြင်း ဆိုသည်ထက် ပိုမိုကျယ်ပြန့်သည့် အဓိပ္ပာယ် ရှိကြောင်း၊ စွမ်းရည်သတ္တိတွင် ပေးဆပ်ရဲ၊ စွန့်လွှတ် ရဲသည့်စိတ်၊ ရဲဘော်ရဲဘက်စိတ်၊ မှန်ကန်သည့် ဆုံးဖြတ်ချက်၊ မှန်ကန်သည့် စွန့်လွှတ်စွန့်စား မှုများလည်း ပါဝင်နေကြောင်း၊ ထိုသို့ရဲစွမ်းသတ္တိ များဖြင့် အထူးပြည့်စုံသည့် အရာရှိ၊ စစ်သည်များကို နိုင်ငံတော်နှင့် တပ်မတော်က နှစ်စဉ်နှစ်တိုင်း ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးနေခြင်း ဖြစ်ကြောင်း။

ယနေ့ အခမ်းအနားတွင် သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ရရှိသူ ၁ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၈ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၁ ဦး တို့ကို ဂုဏ်ပြုချီးမြှင့် ပေးခြင်းမှာ တပ်မတော်၏ သာလွန် မွန်မြတ်သည့် ရဲစွမ်းသတ္တိနှင့် စွန့်လွှတ်စွန့်စားခြင်း အတွက် သမိုင်းဆိုင်ရာ မှတ်ကျောက် တစ်ခုပင် ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ဆိုသည်မှာ တိုင်းပြည်အတွက် ထမ်းဆောင်ကြသည့် တာဝန်များအနက် အစွန့်စားရဆုံး၊ ပေးဆပ် စွန့်လွှတ်ရမှု အများဆုံး၊ တိုင်းပြည်အတွက် အရေးအကြီးဆုံး တာဝန်တစ်ရပ် ဖြစ်သည့်အပြင်၊ လူတိုင်းပြုရခဲ ပြုနိုင်ခဲသည့် အမွန်မြတ် ဆုံးသော တာဝန် တစ်ရပ်လည်း ဖြစ်ကြောင်း။

အမိနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည့်တံ့ခိုင်မြဲမှုကို ရဲစွမ်းသတ္တိရှိရှိ သက်စွန့်ကြိုးပမ်း ကာကွယ်ခြင်း၊ ညီအစ်ကို မောင်ဘွား တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက် ကာကွယ်ခြင်း လုပ်ငန်းများသည် နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြု၊ ဘာသာသာသနာ အကျိုးပြု လုပ်ငန်းများကို အသက်စွန့်လှူ ဆောင်ရွက်ခြင်း ဖြစ်၍ ဇီဝိတဒါန မြောက်သည့်အတွက် “ ရဲသော်မသေ သေသော်ငရဲမလား ” ဆိုသည့် အဆိုအမိန့် တစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် အမိမြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း ကတည်းကစပြီး ယနေ့တိုင် ဆောင်ရွက်လာသည့် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အပေါ် သာလွန် မွန်မြတ်သော သစ္စာစောင့်သိ စွန့်လွှတ် စွန့်စားမှုကို ဆက်လက် ဆောင်ရွက်ပြီး နိုင်ငံတော်ကို ကာကွယ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရာတွင် ထက်သန် ပြောင်မြောက်စွာ သက်စွန့်ကြိုးပမ်း ထမ်းဆောင်သူ များသည် ပြည့်စုံ မွန်မြတ်သော မှတ်တမ်းကောင်း ချန်ရစ်သူ ယောက်ျားကောင်း ယောက်ျားမြတ်များ ဖြစ်သည့်အပြင် လူဖြစ်ရခြင်း အနှစ်သာရနှင့် ပြည့်ဝသူများလည်းဖြစ်၍ တပ်မတော်၊ နိုင်ငံတော်နှင့် ပြည်သူက သားကောင်း ဇာနည်များ အဖြစ် မှတ်တမ်းတင်ပြီး အမြဲတမ်း အမှတ်ရ ဂုဏ်ယူနေမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ရရှိသူ တပ်ကြပ်ကြီး ကျော်မြသိန်း ကိုယ်စား ဇနီး ဒေါ်စောမြမွန် အား လည်းကောင်း ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူများ ဖြစ်ကြသည့် တပ်ကြပ်ကြီး မြင့်လွင် ၊ တပ်ကြပ် ရဲမင်းစိုး၊ ဒုတိယတပ်ကြပ် သိန်းထွန်း ဇနီး ဒေါ်စန်းစန်းအေး၊ ဒုတိယတပ်ကြပ် အောင်ခိုင် ၊ ဒုတိယတပ်ကြပ် ၀င်းကျော်ဦး၊ ဒုတိယတပ်ကြပ် ကျော်ခိုင် ၊ ဒုတိယတပ်ကြပ် စိုးမြင့်သိန်းနှင့် ပြည်သူ့စစ် ခေါင်းဆောင် ဖြစ်သူ ဦးထွန်းမြတ်လေး တို့အား လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ဗိုလ် ကျော်ရဲအောင် အား လည်းကောင်း သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်နှင့် လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ရရှိသူ တပ်ကြပ်ကြီး ကျော်မြသိန်း ကိုယ်စား ဇနီး ဒေါ်စောမြမွန် အား သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် နှင့် လက်မှတ်ပေးအပ် ချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ ၊ စစ်သည်များ ၊ အမွေခံများ နှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ ၊ စစ်သည်များ ၊ အမွေခံများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများ နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခြင်းခံ ရသူများနှင့် အခမ်းအနား တက်ရောက် လာကြ သူ များအား ဂုဏ်ပြု လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံသည်။

ဂုဏ်ပြု လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံစဉ် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ မြ၀တီ တေးဂီတအဖွဲ့မှ လွတ်လပ်ရေးနေ့ ဂုဏ်ပြုတေး သီချင်းများဖြင့် ဖျော်ဖြေသီဆို ဖျော်ဖြေကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက် လာကြသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။

တပ်မတော်တွင် စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် လက်မှတ်ရ သူများအနေဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ အထိ အောင်ဆန်း သူရိယဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့ ၄၇ ဦး၊ သူရဘွဲ့ ၅၄၂ ဦး၊ သီဟဗလ တံဆိပ် ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် ၁၈၆၂ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် တံဆိပ် ၁၈၉၀ ဦး၊ စစ်သေနာပတိချုပ် ၏ သူရဲကောင်း လက်မှတ် ၃၃၅ ဦး၊ တပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ၂၅၂၆ ဦး၊ စစ်သေနာပတိချုပ် ၏ ဂုဏ်ထူးဆောင် လက်မှတ် ၂ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ၈၇၄ ဦး ရှိခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger