www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 25, 2016

ရန်ကုန်မြို့အတွင်းရှိ စက်ရုံများမှ ရေဆိုးစွန့်ပစ်မှု စစ်ဆေးချက်စာရင်းများ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်ပေးမည်


ရန်ကုန် ၊ ၂၅-၁-၂ဝ၁၆

ရန်ကုန်မြို့၌ ညစ်ညမ်းရေ စွန့်ထုတ်လျက် ရှိသော ရေဆိုးထွက်စက်ရုံ များအား လိုက်လံ စစ်ဆေးထားသော စစ်ဆေးချက် စာရင်းများကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေး ဌာနမှ သိရသည်။

အဆိုပါရေဆိုး စနစ်အား လိုက်လံစစ်ဆေး ရာတွင် ရေဆိုးများ စနစ်တကျ စွန့်ထုတ်ခြင်း ရှိ-မရှိ နှင့် ရေဆိုးစနစ် ထုတ်ရန်ရေစက် တည်ဆောက် ထားခြင်း ရှိ-မရှိ တို့လည်း ပါဝင်ကြောင်း၊ ရေဆိုးနှင့် ပတ်သက်သော သတ်မှတ်ချက်များနှင့် မကိုက်ညီသည့် စက်ရုံများကို သုံးလပိတ်သိမ်း သည်အထိ အရေးယူခြင်း များလည်း ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း စက်မှုဇုန်ပေါင်း ၂၄ ခုရှိကာ ယင်း စက်မှုဇုန်များ အတွင်း စက်ရုံပေါင်း ၃၄၇၄ ရုံရှိပြီး ရေဆိုး ထွက်ရှိသော စက်ရုံပေါင်း ၂ဝ၇ ရုံ ရှိနေကြောင်း၊ ယင်းစက်ရုံ ၃၄၇၄ ရုံအားလုံးကို စစ်ဆေးနေခြင်း ဖြစ်သည့်အတွက် ကြန့်ကြာနေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ပြီးစီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးပြီးပါက သတ်မှတ်ချက် နှင့် မကိုက်ညီသော စက်ရုံများ စာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ပြီး ရေဆိုးကန် စနစ်ဖြင့် ထည့်သွင်းရေးဆွဲ လုပ်ဆောင်နေသည့် စက်ရုံများမှာ နိုင်ငံခြားသား ကုမ္ပဏီများ ဖြစ်ကာ ကျန်မြန်မာနိုင်ငံ အတွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီ များမှာ လုပ်ဆောင်မှု အားနည်း သေးကြောင်း သိရသည်။

ရေဆိုးများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု ရှိသည့်အပြင် ရေဆိုးကြောင့် မြစ်ချောင်းအင်းအိုင် များအတွင်းရှိ ငါးမျိုးများလည်း ပြုန်းတီးမှုများ ရှိသည့်အတွက် ကာကွယ်သည့် အနေဖြင့် လုပ်ဆောင် နေ ရခြင်း ဖြစ်ကြောင်း၊ တချို့စက်ရုံများအား စစ်ဆေးရာတွင် ဓာတုပစ္စည်း များကို ပြန်လည် သန့်စင်မှု မပြုလုပ်ဘဲ ရေဆိုးစွန့်ပစ်မှု များကိုလည်း တွေ့ရှိရကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း စက်ရုံအလုပ်ရုံ များမှ ရေဆိုးစွန့်ပစ်သော စာရင်းများတွင် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာနှစ် အတွင်းက ၃၈ ရုံ၊ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ် အတွင်းက ၉ ရုံ၊ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် အတွင်းက ၂၆ ရုံ၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် အတွင်းက ၉ ရုံ၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် အတွင်းက ၈၃ ရုံကို တိုင်းတာ နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် တိကျသော အဖြေထွက်ရှိ စေရန် စနစ်တကျ စစ်ဆေးပြီး သတ်မှတ်ချက်နှင့် မကိုက်ညီသော စက်ရုံများကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger