www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 20, 2016

မြန်မာနိုင်ငံ၌ (၁၈) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံပွဲ ဆင်နွှဲ



နေပြည်တော် ၊ ၂ဝ-၁-၂ဝ၁၆

မီးပုံးပျံခရီးသွား လုပ်ငန်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Golden Express Tours Co., Ltd. ၏ စီစဉ် ဆောင်ရွက်မှုဖြင့် နိုင်ငံတကာ မီးပုံးပျံပွဲတော်ကို ၁၉၉၉ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ အတွင်း ဒေသအသီးသီးတွင် လှည့်လည် ဆောင်ရွက်ခဲ့သည်။ ယခု ၂ဝ၁၆ ခုနှစ် တွင်လည်း (၁၈)ကြိမ်မြောက် အဖြစ် လွိုင်ကော်၊ ညောင်ရွှေ၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး၊ မုံရွာ၊ ပုဂံ၊ ပုပ္ပါးနှင့် ပခုက္ကူမြို့ တို့တွင် ဆွစ်ဇာလန် နိုင်ငံသား ၁၈ ဦးသည် မီးပုံးပျံ လေးလုံးဖြင့် စုပေါင်းပျံသန်း စီးနင်းမှုကို ပြုလုပ်ခဲ့ကြသည်။

မီးပုံးပျံ အပျော်စီးအဖွဲ့သည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ လွိုင်ကော်မြို့နှင့် ဝန်းကျင်ဒေသတွင် လည်းကောင်း၊ ဒီဇင်ဘာ ၃၁ ရက်မှ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ညောင်ရွှေ ၊ အင်းလေးဒေသ တွင်လည်းကောင်း၊ ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ တောင်သမန်အင်း၊ ဦးပိန်တံတား နှင့် ဧရာဝတီမြစ်ကမ်း သဲသောင်ခုံများတွင် လည်းကောင်း၊ ဇန်နဝါရီ ၇ ရက်မှ ၁ဝ ရက်အထိ မုံရွာမြို့နှင့် အနီးဝန်းကျင် တို့တွင် လည်းကောင်း မီးပုံးပျံ ပျံသန်းမှုများ ပြုလုပ် ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် ဇန်နဝါရီ ၁ဝ ရက်ကလည်း မုံရွာမှ ပုဂံမြို့သို့ မော်တော်ယာဉ်၊ စက်လှေတို့ဖြင့် သွားရောက်ခဲ့ ကြပြီး ပုဂံဒေသတွင် ဇန်နဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ မီးပုံးပျံပျံသန်းမှု များကို စုစုပေါင်း ၂၅ ကြိမ် ပြုလုပ်ခဲ့ ကြသည်။ ၄င်းအဖွဲ့သည် ဇန်နဝါရီ ၁၅ ရက်တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် ဆွစ်ဇာလန် နိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားခဲ့သည်။

မီးပုံးပျံ စီးနင်းခြင်းသည် တိမ်များအကြား ရွက်လွှင့် နေသကဲ့သို့ ခံစားနိုင်ခြင်း၊ လေဟုန် စီးနိုင်ခြင်း၊ မြေပြင်ရှိ သဘာဝရှုခင်း များကို ကောင်းကင်မှ ထူးခြားသော ခံစားမှုဖြင့် ကြည့်ရှုနိုင်ခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ပိုမိုစိတ်ဝင်စား လာကြသည်ကို တွေ့ရှိရသည်။


မီးပုံးပျံစီးနင်းခမှာ တည်းခိုမှုထက် များပြားသည့် တိုင်အောင် စီးနင်းသူ အများအပြား ရှိလာသည် ကိုလည်း တွေ့ရသည်။ အများအားဖြင့် ဂျာမန်၊ ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန် နိုင်ငံသားများ အစီးများ ကြပြီး အာရှတိုက်မှ ဂျပန်၊ တရုတ်နှင့် ကိုရီးယား နိုင်ငံသားများလည်း စီးကြကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် မီးပုံးပျံ စီးနင်းသူ ၄၈၈၆ ဦးရှိပြီး ယင်းလုပ်ငန်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ သုည ဒသမ ၉၇ သန်း ရရှိခဲ့ရာမှ ၂ဝ၁၃ ခုနှစ်တွင် စီးနင်းသူ ၁၁၃၆၂ ဦး ဝင်ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ဝ သန်းနှင့် ၂ဝ၁၄ ခုနှစ်တွင် စီးနင်းသူ ၁၇၈ဝ၂ ဦး ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၃ သန်း၊ ၂ဝ၁၅ ခုနှစ်တွင် စီးနင်းသူ ၂၃၇၁၉ ဦး ဝင်ငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၃ သန်းအထိ တိုးတက် လာခဲ့ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး မီးပုံးပျံ ပျံသန်းခြင်းကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့သည်။ ပြင်သစ် ရုပ်မြင်သံကြား အတွက် ပုဂံနှင့် အင်းလေးဒေသ တွင် မီးပုံးပျံစီး၍ မှတ်တမ်းတင် သတင်းကား ရိုက်ကူးလိုကြောင်း ကမ်းလှမ်းခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပုဂံနှင့် အင်းလေးဒေသ၌ မီးပုံးပျံဖြင့် ပျံသန်းခြင်းကို အကြိမ်ကြိမ် ပြုလုပ်၍ မှတ်တမ်းတင် ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။ ပုဂံ၏အလှနှင့် အင်းလေးကန်၏ သဘာဝတို့ကို ပီပြင်စွာရိုက်ကူး တင်ဆက်နိုင် ခဲ့သဖြင့် မြန်မာ့အလှကို သိရှိကာ ၁၉၉၅ ခုနှစ်နောက်ပိုင်း၌ ပြင်သစ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များ အများအပြား လာရောက်ခဲ့သည့် ရလဒ်ကို ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger