www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 14, 2016

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကွန်ပျူတာသုံး မြန်မာစာစံစနစ်ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်အသုံးပြုမည်



ရန်ကုန် ၊ ၁၄-၁-၂၀၁၆

မြန်မာစာစံစနစ် သည် နိုင်ငံတကာ စံသတ်မှတ်ချက်နှင့် ကိုက်ညီခြင်း၊ အွန်လိုင်း အဘိဓာန်၊ အွန်လိုင်း စာကြည့်တိုက်၊ အွန်လိုင်း ဘာသာပြန်စနစ် စသည့်ခေတ်မီ ဒစ်ဂျစ်တယ် စနစ်များကို အချိန်မီ ချိတ်ဆက်နိုင်ခြင်း၊ ကွန်ပျူတာဖြင့် မြန်မာအက္ခရာ စဉ်နိုင်ခြင်း၊ စာရင်းဇယားများ ရေးဆွဲနိုင်ခြင်း၊ စာလုံးရေတွက်မှု၊ စာလုံး အဖြတ်အတောက်နှင့် စာကြောင်း ဖြတ်တောက်မှု များကို မှန်ကန် လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း တို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် အသုံးပြုနိုင်ရန် စီစဉ်လျက် ရှိကြောင်း ယမန်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သည့် ကွန်ပျူတာသုံး မြန်မာစာစံစနစ် ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကွန်ပျူတာသုံး မြန်မာစာစံစနစ် အသုံးပြုနိုင်ရန် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁ ရက်မှစတင်၍ စမ်းသပ် ဆောင်ရွက်မည် ဖြစ်ပြီး ရလဒ်ကို ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့မှ တစ်ဆင့် အစိုးရသို့ တင်ပြကာ အစိုးရ သဘောတူညီမှု ရရှိပါက ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တစ်နိုင်ငံလုံး၌ စတင်အသုံးပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ  ကွန်ပျူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးတွင် Unicode စနစ်ကို ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံ တစ်နိုင်ငံထဲ၌သာ လက်တွေ့ အကောင်အထည် ဖော်သည့် နည်းလမ်းများ ကွာခြားမှုကြောင့် Unicode စနစ်များ ကွဲပြားနေခြင်း ဖြစ်ကြောင်း၊ မြန်မာ Unicode စနစ်သည် အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ရေး အဖွဲ့၏ ISO 10646 လက်မှတ်ကို ၁၉၉၈ ခုနှစ် ကတည်းက ရရှိထားပြီး အဆိုပါ Unicode စနစ်တွင် မြန်မာဘာသာ စကားသာမက တိုင်းရင်းသား ဘာသာစကားများ အတွက် ပါလက်ခံရရှိပြီး ဖြစ်သည်။

လက်ရှိကာလတွင် Mircosoft, Google, Apple, Facebook နည်းပညာ ကုမ္ပဏီကြီး များသည် အပြည်ပြည် ဆိုင်ရာ စံသတ်မှတ်ချက် ဖြစ်သည့် မြန်မာ Unicode စနစ်ကို ထည့်သွင်း ထုတ်လုပ် ပေးလျက်ရှိရာ Unicode စနစ်နှင့် ကွဲပြားနေသော မြန်မာဖောင့် များ ဖြင့်ဖတ် လျှင် မြန်မာစာလုံး အဝိုင်း ပုံသဏ္ဌာန် များကို မမြင်ရဘဲ လေးထောင့်ကွက် များကိုသာ မကြာခဏ မြင်တွေ့ရခြင်း ဖြစ်သည်။

လက်ရှိကာလနှင့် အနာဂတ်ကာလ များတွင် နည်းပညာသစ် များကို မြန်မာ Unicode စနစ်ဖြင့်သာ ထုတ်လုပ်သဖြင့် မြန်မာ Unicode စနစ်ကို အချိန်မီသုံးစွဲရန် လိုအပ်လျက် ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ Computer ၊ Tablet နှင့် Smart Phone သုံးစွဲသူအများစု သည် မြန်မာဘာသာအား စနစ်မဟုတ် သော Font သုံးစွဲကြသဖြင့် လတ်တလောတွင် အသုံးပြုနိုင် သော်လည်း ကမ္ဘာသုံး Unicode စနစ်မဟုတ်သည့် အတွက် အဆင် မပြေမှုများ ရှိလာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွား တိုးတက်ရေး အတွက် ICT နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးတွင် Computer, Tablet နှင့် Mobile Phone များ၏ Software များ Application များအား Location ပြုလုပ်ခြင်းနှင့် တီထွင် တိုးတက်မှုများကို နေရာဒေသမရွေး ရရှိနိုင်ရန် Application Developer များအနေဖြင့် Unicode စနစ်ကို လိုက်နာ အကောင်အထည် ဖော်ကြရန်နှင့် သုံးစွဲသူများ အနေဖြင့်လည်း Standard Font များအား ပြောင်းလဲအသုံးပြုရန် လိုအပ်သော နည်းပညာ ပံ့ပိုးမှုများကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကောင်းစစ်နိုင် ၊ ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger