www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 22, 2015

စတုတ္ထအကြိမ်မြောက် မန္တလေးတောင်ဖိတ်ခေါ် Mountain Bike စက်ဘီးစီးပြိုင်ပွဲနှင့် တောင်အဆင်းလမ်းကြမ်း Downhill ပြိုင်ပွဲ ကျင်းပမည်



မန္တလေး ၊ ၂၂-၁၂-၂၀၁၅

အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးစီး အဖွဲ့ချုပ်တို့က ကြီးမှူး၍ Mandalay Free Rider (MFR) စက်ဘီးစီးအဖွဲ့မှ ဦးစီးကျင်းပမည့် စတုတ္ထ အကြိမ်မြောက် Mandalay Bike Challenge 2015 မန္တလေးတောင် ဖိတ်ခေါ် Mountain Bike စက်ဘီးစီးပြိုင်ပွဲ နှင့် တောင်အဆင်း လမ်းကြမ်း Downhill ပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း MFR မှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် အသက် ၂၅ နှစ်အောက် အနီရောင်တန်း၊ အသက် ၂၅ နှစ်မှ ၃၅ နှစ်ထိ အစိမ်းရောင်တန်း၊ ၃၅ နှစ်မှ ၄၅ နှစ်ထိ အဝါရောင်တန်း၊ ၄၅ နှစ်မှ ၆ဝ နှစ်ထိ အဖြူရောင်တန်း၊ အသက် ၆ဝ နှစ်နှင့်အထက်၊ အမျိုးသမီးများ အနက်ရောင်တန်း၊ Road Race အလွတ်တန်း အပြာရောင်တန်း ဟူ၍ Mountain Bike ပြိုင်ပွဲအတွက် သတ်မှတ်ထားပြီး ဆုကြေးငွေအဖြစ် ပထမဆု ငွေကျပ် သုံးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်း၊ တတိယဆု ငွေကျပ် တစ်သိန်း၊ စတုတ္ထဆု ငွေကျပ် ခုနစ်သောင်း ၊ ပဉ္စမဆု ငွေကျပ် ငါးသောင်း ၊ ဆဋ္ဌမမှ ဒသမဆုတို့ အတွက် ငွေကျပ် သုံးသောင်းနှုန်းဖြင့် အတန်းတိုင်း ဆုချီးမြှင့် ပေးသွားမည်ဟု သိရသည်။

Mountain Bike စက်ဘီးစီးပြိုင်ပွဲ XC နှင့် Road ပြိုင်ပွဲများအတွက် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီခွဲတွင် ဒိုင်းမွန်းပလာဇာရှေ့ ရှိ အိုစတိုးရှေ့မှ တစ်မိနစ်ခြား၍ တာလွှတ်မည် ဖြစ်ပြီးယှဉ်ပြိုင်ရမည့် လမ်းကြောင်းမှာ ၇၈ လမ်းမှ ၃၅ လမ်း၊ ၃၅ လမ်းမှ ၆၂ လမ်း၊ ၆၂ လမ်းမှ ၂၆ လမ်း၊ ၂၆ လမ်းမှ လမ်း ၈ဝ၊ လမ်း ၈ဝ မှ ၁၂ လမ်း၊ ၁၂ လမ်းမှ ၇၃ လမ်း၊ ၇၃ လမ်းမှ မန္တလေးတောင်တော် ပတ်လမ်းအတိုင်း တောင်အဆင်းလမ်း မှ တောင်တော် ဓာတ်လှေကားထိပ်ထိ ၁၇ ဒသမ ၂ ကီလိုမီတာ (၁ဝမိုင်ခွဲ) ရှိ ခရီးစဉ်အတိုင်း ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

တောင်အဆင်း လမ်းကြမ်း Downhill ပြိုင်ပွဲကို မန္တလေးတောင်တော် တိုးကားဂိတ်မှ တာလွှတ်မည်ဖြစ်ကာ တောင်ခြေမုခ်ဦး၌ ပန်းဝင်နေရာ သတ်မှတ်ထားပြီး တစ်ဦးချင်း လွှတ်ရသည့်ပြိုင်ပွဲ ဖြစ်ကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ Downhill ကစားသမား လေးဦးကို ဖိတ်ခေါ်ထားရာ နှစ်ဦးဝင်ရောက် ယှဉ်ပြိုင်မည်ဟု အတည်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း၊ Downhill ပြိုင်ပွဲအတွက် မီတာ ၁၅ဝဝ အရှည် အခက်အခဲ အမျိုးမျိုး ရှိသော တောင်အဆင်းလမ်းကြောင်း အတိုင်း ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး အဆိုပါပြိုင်ပွဲ လမ်းအရှည်သည် ကမ္ဘာ့ Downhill ပြိုင်ပွဲများ၏ အသိအမှတ်ပြု စံချိန်ဖြစ်သကဲ့ သို့ တောင်ကိုရီးယား နိုင်ငံမှ ၂ဝ၁၄ ခုနှစ်အတွင်းက လာရောက် စစ်ဆေးအတည်ပြု ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် စာရင်းပေးသွင်း ထားသူ ဦးရေ ၁၅ဝ ကျော်ရှိပြီ ဖြစ်ကာ စာရင်းလက်ခံ ခြင်းကို ဒီဇင်ဘာ ၂၆ ရက်ထိ လက်ခံ ပေးသွားမည် ဖြစ်သဖြင့် ပြိုင်ပွဲဝင် ဦးရေ ၂ဝဝ ကျော် နိုင်ကြောင်း၊ Downhill ပြိုင်ပွဲတွင် အတန်းသုံးတန်း သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်ဦးရေ ၃ဝ ကျော်ရှိကြောင်း ၊ ပြိုင်ပွဲစတင် ကျင်းပစဉ်က အခက်အခဲများ ရှိခဲ့သော်လည်း ယခုအခါတွင် စပွန်ဆာမှအစ အားကစား ဝန်ကြီးဌာန၏ ပံ့ပိုးကူညီပေးမှု များကိုလည်း ရရှိနေပြီ ဖြစ်သဖြင့် နှစ်စဉ် ကျင်းပ ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း၊ Lucky Draw အဖြစ် ငွေကျပ် ၂၁ သိန်းတန် BMW စက်ဘီးနှင့် အခြားဆုမဲပေါင်း များစွာပေးအပ် သွားမည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှ စတင်ကာ Mandalay Free Rider (MFR) စက်ဘီးစီး အဖွဲ့မှ ဦးဆောင်ကာ တစ်နှစ်လျှင် ပြိုင်ပွဲလေးပွဲ ပြုလုပ်ပေး သွားမည်ဟု သိရသည်။ (၁၇၃)

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger