www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 22, 2015

နာတာရှည် အသည်းခြောက်ရောဂါ စီပိုးနှင့် HIV ပူးတွဲဖြစ်ပွားသူများအား မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းမှ အခမဲ့ကုသပေးမည်


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၅

အမျိုးသား အသည်းရောင် ရောဂါစီမံကိန်း အရ လာမည့်နှစ်တွင် နာတာရှည် အသည်းခြောက် ရောဂါ၊ စီပိုးနှင့် HIV ပူးတွဲဖြစ်ပွား သူများအား မြန်မာနိုင်ငံ အသည်း ဖောင်ဒေးရှင်းမှ ဦးစားပေး၍ အခမဲ့ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း အရ နိုင်ငံတော် အစိုးရသည် အမေရိကန် နိုင်ငံ၏ ဂျီလတ် (Gilead) ဆေးကုမ္ပဏီမှ တစ်ကြိမ် ကုသလျှင် ကျပ် ၁ဝ သိန်းခန့် တန်ဖိုးရှိ စီပိုးရောဂါ ကုသဆေး (သုံးလစာ သောက်ဆေး) မှာယူ၍ ဆေးရုံကြီး များရှိ အသည်းဌာန များ၌ စာရင်းပေးသွင်း ထားသော အသည်းခြောက် ရောဂါ၊ စီပိုးနှင့် HIV ရောဂါသုံးမျိုး ပူးတွဲဖြစ်ပွားသူ များအား အခမဲ့ ကုသပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အသည်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ခင်ပြုံးကြည် က ပြောသည်။

ယခု ကုသပေးမည့် စီပိုးရောဂါ သုံးလစာ သောက်ဆေးသည် အမေရိကန်နိုင်ငံ၌ လွန်ခဲ့သော နှစ်နှစ်က စတင်သုံးစွဲ နေသော ဆေးဖြစ်၍ ဘေးထွက်ဆိုးကျိုး နည်းပါးကြောင်း သိရသည်။ ဈေးနှုန်းမှာ သုံးလစာလျှင် မြန်မာငွေ ကျပ် ၁ဝ သိန်းခန့် ကုန်ကျနိုင်ပြီး အသည်းခြောက် ဝေဒနာခံစား နေရသူများ အနေဖြင့် အခမဲ့ကုသ လိုပါက အစိုးရဆေးရုံ ကြီးများရှိ အသည်းဌာန များ၌ စာရင်းပေးသွင်း ထားနိုင်ကြောင်း သိရသည်။

''စီပိုး ဖြစ်တဲ့သူ တော်တော်များများ က အသည်းမခြောက် ကြဘူးဆိုတော့ ဒီစီမံကိန်း မှာ အသည်းခြောက်တဲ့ သူတွေ အကုန်ပါနိုင်မယ် ထင်တယ်။ ဒီစီမံကိန်းက မကြာခင် လပိုင်းအတွင်းမှာ စတင်တော့မှာပါ။ ဆေးကုမ္ပဏီ ကလည်း အဆင်သင့်ပဲ။ ဒါကြောင့် အခုဆိုရင် ဘယ်လို အစီအစဉ်တွေနဲ့ သွားမလဲ ဘာဆေးတွေ သုံးသင့်သလဲ၊ အမျိုးသားစီမံကိန်း အတွက် ဘာတွေလုပ်သင့် သလဲဆိုတဲ့ စီမံကိန်းတွေ ရေးဆွဲနေတယ်'' ဟု ၄င်းက ပြောသည်။

အသည်းခြောက်ရောဂါ ဖြစ်ပွားလျှင် အသည်းကင်ဆာ ရောဂါ၊ သွေးအန်ခြင်းနှင့် ရေဖျဉ်းစွဲခြင်း စသည့် အသက်အန္တရာယ် ထိခိုက်မှုများ အချိန်မရွေး ဖြစ်ပေါ်နိုင်ခြင်း တို့ကြောင့် ယင်း လူနာများအား ယခုကဲ့သို့ ဦးစားပေး ကုသခြင်း ဖြစ်ကြောင်း သိရသည်။

''အပြင်ဆေးခန်းမှာ ဆေးကုသရင် ဆေးခန်း တစ်ခါပြတာနဲ့ ကျပ် ၂ဝဝဝဝ ကျော် လောက်ကုန်တယ်။ လတိုင်း သွားပြရတာ ကြာလာတော့ ငွေကြေး မတတ်နိုင်တော့ဘူး။ ဖောင်ဒေးရှင်းက အခုလိုကူညီ လုပ်ပေးမယ် ဆိုတော့ ကျွန်တော်တို့လို ဝေဒနာရှင်တွေ အတွက်တော့ သတင်းကောင်းပါပဲ'' ဟု အသည်းရောဂါ ခံစားနေရသည့် ဦးမောင်နိုင်ငွေ က ပြောသည်။

ထိုသို့ကုသ ပေးနိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည့် ကလင်တန် ဖောင်ဒေးရှင်းမှ အမေရိကန် ဆေးကုမ္ပဏီနှင့် ချိတ်ဆက်ပေးခြင်း၊ ကမ္ဘာ့ ကျန်းမာရေး ညီလာခံနှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့များမှ မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ များကို ပံ့ပိုးကူညီသည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger