www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 8, 2015

မည်သည့်အစိုးရတက်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံရေးစနစ်ကို သွားသည်ဖြစ်စေ တပ်မတော်၏ အဓိကတာဝန် သည် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ပင်ဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ကျိုင်းတုံတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်အေး က တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြစဉ်  

နေပြည်တော် ၊ ၈-၁၂-၂၀၁၅

မည်သည့်အစိုးရတက်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံရေးစနစ်ကို သွားသည်ဖြစ်စေ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် ဥပဒေနှင့်အညီ တာဝန်ပေးထားသည့် အဖွဲ့အစည်းဖြစ်၍ ကျေကျေပွန်ပွန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် အပြောလွယ်သော်လည်း အသက်ပေးပြီး တာဝန်ထမ်းဆောင်ရခြင်းဖြစ်၍ မပေါ့မဆဖြင့် လုပ်ဆောင်ရန် လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ကျိုင်းတုံတပ်နယ်နှင့် မိုင်းဆတ်တပ်နယ်များ၌ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်အေး က တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ တပ်မိသားစုဝင်များအတွက် စားသောက်ကုန်များ လုံလောက်စေရေးနှင့် ဒေသအတွင်း ၀မ်းစာဖူလုံရေးအတွက်ပါ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေး ၀န်ထမ်းများအတွက်လည်း စားသောက်နေထိုင်ရေး အဆင်ပြေစေရန် အတွက် ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမတွင် ကျိုင်းတုံတပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံအမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျိုင်းတုံတပ်နယ်အတွက် သုတရသ စာအုပ်စာစောင်များနှင့် ရွှေဖီဦး လက်ဘက်ရည်ထုပ်များကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေကိုပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လက်ခံရယူသည်။ ၎င်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က အာလူး၊ ကြက်သွန်၊ အသားဗူးစသည့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က အားကစား ပစ္စည်းများကို လည်းကောင်း အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းဆတ်တပ်နယ်သို့ ရောက်ရှိပြီး ရန်ကြီးအောင်ခန်းမတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိုင်းဆတ်တပ်နယ်အတွက် သုတရသ စာအုပ်စာစောင်များနှင့် ရွှေဖီဦးလက်ဘက်ရည်ထုပ်များကိုပေးအပ်ရာ တပ်နယ်မှ ဗိုလ်မှူးကြီး သူရလှမင်းက လက်ခံရယူသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းက အာလူး၊ ကြက်သွန်၊ အသားဗူး စသည့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အားကစားပစ္စည်းများကိုလည်းကောင်း၊ အသီးသီးပေးအပ် ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းဆတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းဆတ်တပ်နယ် တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား လိုက်လံတွေ့ဆုံ အားပေးစကား ပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ဆေးကုသ မှုခံယူနေသူများအား ငွေနှင့်လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။ 

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့သည် အမျိုးသမီးကုသဆောင်တွင် တက်ရောက်ကုသမှုခံယူနေသော မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား လိုက်လံတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

တွေ့ဆုံပွဲများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသ တည်ငြိမ်အေးချမ်း သာယာစေရန် အတွက် မိမိတို့တပ်များအနေဖြင့် အလုပ်လုပ်ဖို့လိုကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တပ်များသည် တိုက်စွမ်းရည် တိုက်စွမ်းအား ရှိသည့် တပ်များဖြစ်ရန်လိုကြောင်း၊ တိုက်စွမ်းရည်ရှိသည့် တပ်ဖြစ်ရန် လေ့ကျင့်သား ပြည့်ဝရန်လိုကြောင်း၊ ဆောင်ရန်၊ ရှောင်ရန်အချက် များကိုလည်း လိုက်နာ ကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူ့အကျိုးစီးပွားကိုလည်း ဖော်ဆောင်ပေးရန်လိုကြောင်း၊ ပြည်သူပါမှ စစ်နိုင်မည်ဖြစ်၍ ပြည်သူက ယုံကြည်မှုရှိရန်လိုကြောင်း၊ ထို့ကြောင့် စစ်ဆင်ရေးများ ဆောင်ရွက် ရာတွင် ပြည်သူ့ အကျိုးစီးပွား ကိုမထိခိုက်စေရန် ကာကွယ်ပေးရန်လိုကြောင်း၊ ယခုသွားနေသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းတွင် လက်နက်ကိုင်ပဋိပက္ခများ မရှိသင့်တော့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှ တိုင်းပြည် တည်တည် ငြိမ်ငြိမ်ဖြင့် တိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့သည်တိုင်းပြည်ကို ကာကွယ်နေခြင်းဖြစ်၍ တစ်ဖက်က စစ်ကိုနိုင်အောင် တိုက်ရမည်ဖြစ်ပြီး တစ်ဖက်ကလည်း ပြည်သူ့အကျိုးစီးပွားများကို ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ စစ်သည်တော်ကျင့်ဝတ် (၆၀)ပါးအတိုင်း ပြုမှုလုပ်ဆောင်ရမည်ဖြစ်ပြီး နယ်မြေဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များကိုလည်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများအနေဖြင့် ကိုယ့်တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ရန် ပညာတတ်များရှိရန်လိုကြောင်း၊ ပညာတတ်များ ပေါကြွယ်ဝရန် ပညာရေးကို အားပေးရမည်ဖြစ်ကြောင်း၊ စစ်သည်များ စွမ်းရည်ရှိရန်အတွက် ကြိုးစားရမည်ဖြစ်သလို အတတ်ပညာ၊ နည်းပညာများ တိုးတက်ရန်လိုအပ်ကြောင်း၊ ပညာရည်မြှင့်တင်မှုသည် တပ်များ၏ စွမ်းရည်မြှင့်တင်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် တာဝန်ရှိသူများမှ လိုအပ်ချက်များ ဖြည့်ဆည်း၍ အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူ မိမိတို့၏ သားသမီးများ ပညာရေးကို မြှင့်တင်ပေးရန် လိုကြောင်း၊ သားသမီးများ ပညာရည်တိုးတက်အောင် ကျောင်းသား၊ မိဘ၊ ဆရာများအပြင် အုပ်ချုပ်သည့် သူများ၊ တာဝန်ရှိသူများကပါ ၀ိုင်းဝန်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိသားစုဝင် သားသမီးများသည် အခြေခံကောင်းကောင်းဖြင့် ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန်လိုအပ်ပြီး တိုင်းပြည် အတွက်လည်း တစ်ထောင့် တစ်နေရာမှ အထောက် အကူပြုနိုင်ဖို့လိုကြောင်း။

တပ်မတော်သည် စည်းကမ်းနှင့်သွားသည့် အဖွဲ့အစည်းဖြစ်ကြောင်း မိမိတို့ သွားနေသည့် နိုင်ငံရေး စနစ်သည် စည်းကမ်းဥပဒေကို အလေးထားသည့် နိုင်ငံရေးစနစ် ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီသည် အခြေခံဥပဒေနှင့် အညီအခွင့် အရေးများပေးထားကြောင်း၊ လူ့အခွင့်အရေးဆိုပြီး လုပ်ချင်ရာလုပ်၍ မရကြောင်း၊ ဥပဒေနှင့်အညီ သွားရမည်ဖြစ်ကြောင်း၊ တပ်များသည်လည်း ဥပဒေစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ကကနေ ကာင်စီ အမိန့်နှင့် ညွန်ကြားချက်များကို အလေးထား လိုက်နာရမည် ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွန်ကြားချက်များကို လိုက်နာရန်နှင့် တာဝန်ရှိသူများမှလည်း နေ့စဉ်တန်းစီချိန်တွင် မှာကြားကြပ်မတ် ဆောင်ရွက်သွားမည်ဆိုပါက အုပ်ချုပ်မှုဖြစ်စဉ်များ လျော့နည်းအောင် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းသည့် တပ်ဖြစ်လာမှ ပြည်သူက အားကိုးသည့် တပ်ဖြစ်လာမည် ဖြစ်ကြောင်း။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် ယခင်ကသွားလာရေးခက်ခဲပြီး စားဝတ်နေရေးပါ ခက်ခဲခဲ့ကြောင်း၊ ယခုအခါ တိုးတက်ပြောင်းလဲမှုများ ရှိလာပြီဖြစ်သော်လည်း တပ်များ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ရန်လိုကြောင်း၊ မိမိတပ်သာမက မိမိဒေသ၏ ၀မ်းစာဖူလုံရေးကိုပါ ကူညီလုပ်ဆောင်ရန် လိုကြောင်း၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် ခြင်းဖြင့် ဒေသကိုပါအကျိုးရှိစေမည်ဖြစ်ကြောင်း၊ တပ်များ စွမ်းရည်မြှင့် တင်ရေးတွင် တပ်တွင်း စည်းလုံးညီညွတ်ရေး သည် အရေးကြီးကြောင်း၊ တပ်မှူးများ၊ တပ်နယ်မှူးများ၏ ဦးဆောင်မှုဖြင့် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိနေရန်လိုကြောင်း၊ အလားတူ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးရှိရန်လိုကြောင်း၊ တပ်မတော်၏ ညီနောင်အဖွဲ့အစည်းများနှင့်လည်း စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်း ကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အကျိုးရှိသော တန်ဖိုးရှိသောလူများ၊ တပ်ဖွဲ့များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြား လိုကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်အတွက် သုတရသစာအုပ်စာစောင်များနှင့် ရွှေဖီဦး လက်ဖက်ရည်ထုပ်များ ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ မိုင်းဆတ်တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးဆတ်တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများကို တွေ့ဆုံအားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ မိုင်းဆတ်တပ်နယ်ရှိ တပ်မတော်ဆေးရုံ အမျိုးသမီး ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူများကို အားပေးစကား ပြောကြားပြီး ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်စဉ် 


မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger