www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

အေးခဲသွားသော ချွေးစက်များ



အေးခဲသွားသော ချွေးစက်များ

မဒါလေး

စာသင်ကျောင်း ဟူသည် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဟူသော ခေါင်းစဉ်နှင့် ဆရာ၊ ဆရာမ များ၏ မေတ္တာ စေ တနာများ အောက် တွင် ကလေးများ ကို ပြုစု ပျိုးထောင်ေ ပးသောနေရာ ဖြစ်သည်။ ဥယျာဉ်မှူး နှင့်တူသော ဆရာများသည် ပန်းလေးများနှင့် တူသော ကလေးများကို ဖူးပွင့်စေရန် ကြိုးစားအားထုတ် ကြရသည်။ အရောင်အသွေး စုံသော ပန်းလေးများ အပေါ်တွင်လည်း မည်သည့် အရောင် မည်သည့်ပန်းက တော့ဖြင့် ပွင့်စေ၊ မည်သည့် အရောင် မည်သည့်ပန်း ကတော့ နောက်ကျမှ ပွင့်ဆိုသည့် ခွဲခြားမှုမျိုး မရှိဘဲ တစ်ပြေးညီ ပေါင်းသင်၊ ရေလောင်း ပေးခြင်းဖြင့် လှပဝေဆာသည့် အမျိုးမျိုးသော ပန်းများကို ဖူးပွင့်လာကြ စေသူများလည်း ဖြစ်သည်။

ကလေး တစ်ယောက်ကို မွေးဖွားခြင်းထက် ကြီးပြင်းအောင် စောင့်ရှောက် ရခြင်းက ပိုမို ခက်ခဲသည်။ ထိုထက် ပညာတတ် လူတော်၊ လူကောင်းတစ်ဦး အဖြစ် ကြီးပြင်း စေရန်မှာ ပိုမို ခက်ခဲပြန်သည်။ ယနေ့ အချိန်အခါသည် အစိုးရ ပညာသင် ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များ အားပြိုင်သော အချိန်အခါ ဖြစ်သည်။ မိဘများသည် မိမိတို့ သားသမီးကို သူများထက်တော့ သာစေချင်သည်မှာ အားလုံးရင်ထဲမှ တစ်ပြေးညီ ဆန္ဒဖြစ်သည်။ ထိုဆန္ဒ နောက်သို့ လိုက်ကာ ကျောင်းများကိုလည်း ကောင်းသည်ထက် ကောင်းသော၊ နာမည်ကြီး သည်ထက် ကြီးသော ကျောင်းများကို ရွေးထားကြသည်။

သားငယ်ကို ကျောင်းပို့ပြီး ပြန်အလာ အနည်းငယ် ကျဉ်းကျပ်သော စိတ်တို့ကို အလုပ်ထဲပုံချ လိုက်သည်။ အလုပ်သည် တာဝန်ဖြစ်သည် နှင့်အညီ ဤတာဝန်ကို ပြီးအောင်တော့ စိတ်ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ  လုပ်ရပေဦးမည်။ နံနက်က တွေ့ခဲ့ရသော ကျောင်းဈေးတန်းက အရုပ်များ၊ ဈေးကြီးပြီး စိတ်မချရသည့် မုန့်များ၊ ကျောင်းရှေ့မှ ဈေးသည်များ စိတ်ထဲတွင် စီရရီ ပေါ်လာသည်။ အလုပ်ထဲလည်း အာရုံစိုက်၍ မရသေးပေ။

လခစား ဝန်ထမ်း ဖြစ်သည်မို့ သားကို ဈေးကြီး ပေးရသော ကျောင်းများ မထားနိုင်ပါ။ နိုင်သည့် ဝန်လေးနှင့်ပင် အစိုးရ ကျောင်း ကိုထားရသည်။ အတန်းသား များခြင်းနှင့် ကလေးမှာ ကလည်း စာအပေါ် စိတ်ဝင်စားမှု နည်းခြင်းတို့ကြောင့် အမြဲတမ်း အမှတ်မကောင်း ပေ။ အမှတ် မကောင်းသည့် အတွက် မိဘအနေဖြင့် အပြစ်မပြော သော်လည်း အတန်းထဲတွင် အမြဲ နောက်ကျနေသော သားငယ်သည် စာအတွက် ပင်ပန်းသကဲ့သို့ ဖြစ်နေရှာသည်။ စာတွေများလို့ မကျက်ချင် ဘူး ဟုလည်း အမြဲတစေ ပြောတတ်သည်။

စာရေးသူ ဘာလုပ် ရမည်နည်း။ စာရေးသူထက် ဝါရင့်သော မိခင်များထံမှ နည်းယူရသည်။ ကလေးကို ကျူရှင်ပို့မှ ရသည်ဆိုသဖြင့် ကျူရှင်ပို့သည်။ ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး အိမ်တွင် စာလုပ်နှင့် ကလေးတွင် ဆော့ကစား ချိန်ပင် မရှိလောက်အောင် ဖြစ်လာသည်။ အစားလည်း သိပ်မစားတော့ဘဲ ပိန်လာသည်။ သေချာ ချော့မေးတော့ ကျူရှင်မှာက စာမရလျှင် ရိုက်သည်။ ထို့ကြောင့် ကျောင်းစာထက် ကျူရှင်စာကို ပိုလုပ်ရသည်။ ကြာတော့ ကျူရှင်သွားမည် ဆိုလျှင်ပင် ငိုနေတော့သည်။ ကလေးကို တိုးတက် စေချင်သော မိဘ၏ စေတနာသည် ကလေးအတွက် နာကျင်စရာ ဖြစ်နေသည်။ စိတ်မကောင်းခြင်း များစွာဖြင့် အရပ်ကူပါ လူဝိုင်းပါ လုပ်ရတော့သည်။

ကိုယ်ပိုင် အထက်တန်းကျောင်း များ၌ထားသော ကလေးမိဘ များက ထိုကျောင်းများတွင် ထားရန် ဝိုင်းဝန်း အကြံပေး ကြသည်။ ကျောင်းလခ ဈေးကြီးသည်က လွဲလျှင် စာသင်ခန်း တစ်ခန်းလျှင် သတ်မှတ် လူဦးရေအတိုင်း ထားသဖြင့် ကလေး အတွက်လည်း အဆင်ပြေသည်။ တစ်ခန်းလျှင် ဆရာမနှစ်ဦးရှိ သဖြင့် ကလေးများ စာမလုပ်မည် ကိုလည်း ပူပင်စရာ မလိုတော့ပေ။ ကလေး၏ အရည်အချင်း စစ်တမ်းကိုလည်း မိဘများအား အချိန်နှင့် တစ်ပြေးညီ လိုအပ်လျှင် လိုအပ်သကဲ့သို့ တိုင်ပင်ဆွေးနွေး အသိပေးသဖြင့် စိတ်ချရကြောင်း နှင့် ကျောင်းသင်ခန်းစာ နှင့် အဆင်ပြေသဖြင့် ကျူရှင်ထားစရာ မလိုဟူသော အချက်သည် စာရေးသူ အတွက် ပိုအဆင်ပြေ သည်။

ကလေးအတွက် ကျူရှင်ခ၊ ကျူရှင်ကြိုပို့ စရိတ်များ ပေါင်းလိုက်လျှင် တော့ တစ်လ ကုန်ကျမည့် စရိတ်အတွက် အနည်းငယ် ထပ်ဖြည့်ရမည်။ သို့သော် ကိုယ်တိုင် မည်မျှပင်ပန်း ပါစေ မိမိကလေး ပညာရေး တိုးတက်ရန် အတွက်ဆိုလျှင် စွန့်ပြီးလုပ်မည် ဆိုသည့် အတွေးမျိုး မိဘတိုင်းတွင် ရှိသည်။ တစ်လလျှင် ခြောက်သောင်းကျော်၊ ခုနစ်သောင်း ဆိုသော လစာသည် စာရေးသူတို့ မိသားစု အတွက်တော့ အကြီးစား အသုံးစရိတ် ဖြစ်သည်။

သို့သော် အားလုံးက သဘောတူညီစွာ သားငယ်အတွက် အသုံးပြုရန် ဆုံးဖြတ် လိုက်ကြသည်။ အစကောင်းမှ အနှောင်း သေချာမည် ဆိုသည့်အတိုင်း ငယ်စဉ်ကပင် အခြေခံကောင်းများ ရှိစေချင်သည်။ ကျောင်းမှာပင် လုံလုံလောက်လောက် သင်ကြားခြင်း ခံရလျှင် အခြား ကုန်စရာအတွက် ပူပင်စရာ မလိုတော့ပေ။ ကလေး အတွက်လည်း ကျူရှင်တက်ရသည့် ဒုက္ခ၊ ကစားချိန် နည်းလွန်းသဖြင့် စိတ်ဆင်းရဲရသည့် ဒုက္ခနှင့် စာမရသဖြင့် စိုးရိမ်ပူပန်ခြင်း ဒုက္ခများ လျော့ နည်း သွားမည် ဖြစ်သည်။ ကျောင်းကြိုပို့ ယာဉ်လည်း ရှိသဖြင့် ကလေးအတွက် ဘာမျှပူပန်စရာ မရှိဘဲ စီးပွားကိုသာ ကျကျနန ရှာဖွေရန် လိုတော့သည်။

အစိုးရကျောင်းနှင့် ကိုယ်ပိုင်ကျောင်း လွန်ဆွဲနေသည့် ကြားမှပင် စာရေးသူ ကိုယ်ပိုင်ကျောင်း တစ်ကျောင်းကို ရွေးချယ်လိုက်သည်။ အစကတော့ အားလုံး အဆင်ပြေသဖြင့် ကုန်ရကျိုး နပ်သည်ဟု ကျေနပ် နေမိသည်။ တစ်နေ့ စာမေးပွဲနီးသဖြင့် သားငယ်၏ စာအုပ်များကို ဖွင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် စာရေးသူ မျက်လုံးများ ပြာထွက်သွားသည်။ စာလုံးပေါင်း အမှားကို အမှန်ခြစ်ကာ စာစစ်သူက လက်မှတ် ထိုးထားသည်။ စာရေးသူ မင်အစိမ်းယူကာ သားငယ် စာအုပ်တွင် ဝိုင်းလိုက်သည်။ သားငယ်က စာအုပ်တွင်ရေးလျှင် ဆရာမဆူမည် ဘယ်လိုလုပ်မလဲဟု မေးသည်။ ဆရာမဆူလျှင် မေမေ လုပ်တာလို့ ပြောလိုက်ပါဟုပင် စာရေးသူ ဖြေလိုက်သည်။

နှလုံးသွေးများ ပွက်ပွက်ဆူ ကုန်သည်။ စာရေးသူ ရင်းထားသော ချွေးတို့သည့် တန်ဖိုးမဲ့ စွာ အေးခဲကုန်မည်ကို စာရေးသူ မလိုလားပါ။ တွေးလိုက်တိုင်း ယခုထိ ရင်ထဲ မောဟိုက် နေမိသည်။ အလုပ်စားပွဲတွင် ပြန့်ကျဲနေသော ယုံကြည် အပ်နှံမှု  စာချုပ်များက စာရေးသူကို လှောင်နေသယောင် ထင်ရသည်။ ပြန့်ကျဲနေသော စာချုပ်များကို လှမ်းယူကာ အလုပ်တွင်သာ အာရုံ စုစည်းပြီး ကြိုးစားရတော့မည် ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page