www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 17, 2015

စစ်သွေးကြွများ၏ ဓာတုလက်နက် အစီအစဉ်ကြောင့် အမေရိကန်က ဆီးရီးယားသို့ ကျူးကျော်ဝင်ရောက်လာမည်လား ... ?



( နိုင်အောင် )

ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် ဓာတုလက်နက် များကို ထုတ်လုပ်လျက် ရှိသည်ဟု အမေရိကန်နှင့် ပြင်သစ်အစိုးရ တို့က မကြာမီကာလ အတွင်း အတည်ပြု ပြောကြားပြီးနောက် အဆိုပါ ဓာတုလက်နက် အစီအစဉ်ကြောင့် အမေရိကန်ပြည် ထောင်စု အနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းသို့ ကျူးကျော် တိုက်ခိုက်ရန် အကြောင်းပြချက် တစ်ခုအဖြစ် အသုံးပြု လာနိုင်ဖွယ် ရှိသည်ဟူသော ထင်မြင် ယူဆချက်များ ထွက်ပေါ် လာသည်ကို တွေ့ရသည်။

ဆီးရီးယား အစိုးရသည် ဓာတုလက်နက်များ အသုံးပြု၍ အရပ်သားများကို တိုက်ခိုက်လျက် ရှိသည်ဟု အမေရိကန် သမ္မတ ဘားရက်အိုဘားမား က၂ဝ၁၃ ခုနှစ်အတွင်း ၌ စွပ်စွဲခဲ့ပြီး ယင်း စွပ်စွဲချက်ကို အကြောင်းပြချက် အဖြစ် အသုံးပြု၍ ဆီးရီးယားနိုင်ငံသို့ ဝင်ရောက် ကျူးကျော် လိမ့်မည်ဟူသော သုံးသပ်ချက်များ ထွက်ပေါ် ခဲ့ဖူးသည်။ သို့ရာတွင် တကယ်ဖြစ်ပေါ် လာခဲ့ခြင်း မရှိပေ။ ISIS စစ်သွေးကြွ များ၏ ဓာတုလက်နက် ထုတ်လုပ်မှု အစီအစဉ်သည် အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်း အမေရိကန် ပြည်ထောင်စု၏ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး အကြောင်းပြချက် တစ်ရပ်အဖြစ် အသုံးချ လာနိုင်ဖွယ် ရှိသည်ဟု စုံစမ်း ထောက်လှမ်းမှု ဆိုင်ရာ သတင်းထောက် ဂျန်းနက်ဖီလန် က သုံးသပ်ပြောကြား ထားသည်။

အမေရိကန် ပြည်ထောင်စုသည် ၂ဝ၁၄ ခုနှစ် သြဂုတ်လမှ စ၍ ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ သို့သော် ထိရောက်မှု မရှိသောကြောင့် ISIS စစ်သွေးကြွ  အဖွဲ့ကို တိုက်ဖျက်ပစ်မည် ဟူသော အိုဘားမား၏ ကတိပေးချက် များမှာ ယခု အချိန်ထိ အရာထင်လာခြင်း မရှိသေးသည်ကို တွေ့ရသည်။

အမေရိကန် အစိုးရသည် အဆိုပါ ဖျက်အားပြင်း ဓာတုလက်နက် မဟာဗျူဟာကို အသုံးပြု၍ ၂ဝဝ၃ ခုနှစ်တွင် အီရတ်နိုင်ငံ သို့ ကျူးကျော် ဝင်ရောက်ခဲ့သည်ကို တစ်ကမ္ဘာလုံး အမှတ်ရလျက် ရှိကြဦးမည် ဖြစ်သည်။ ယင်း အချိန်က အမေရိကန် သမ္မတဟောင်း ဂျော့ဒဘလျူဘုရှ် က အီရတ်နိုင်ငံ၌ ဖျက်အားပြင်းပြီး အစုလိုက် အပြုံလိုက် သေဆုံးနိုင်သည့် လက်နက် (WMD) များ ရှိသည်ဟု ဆိုကာ အီရတ်နိုင်ငံ အတွင်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး အမေရိကန် အစိုးရ၏ တစ်ဖက်သတ် စွပ်စွဲချက်မှာ တက်တက်စင် အောင်လွဲခဲ့ ရသည့်အပြင် အီရတ် သမ္မတဟောင်း ဆက်ဒမ်ဟူစိန် ထံတွင် အမေရိကန် အစိုးရက ရှိနေခဲ့သည်ဟု စွပ်စွဲခဲ့သော ဖျက်အားပြင်း လက်နက်များ မရှိဟု စီအိုင်အေ အဖွဲ့မှ ၂ဝဝ၄ ခုနှစ် အောက်တိုဘာလ တွင် ဖော်ပြခဲ့သည်။

သို့ရာတွင် အချိန်နှောင်းခဲ့ပြီ ဖြစ်သည်။ အကျိုးဆက် အနေဖြင့် ယင်းနိုင်ငံ အတွင်းမှ အမေရိကန် တပ်ဖွဲ့များ ပြန်လည်ရုတ်သိမ်း ပြီးနောက် စတင်ဖြစ်ပွား ခဲ့သည့် လက်နက်ကိုင် အကြမ်းဖက်မှု များမှာ ယခုအချိန်ထိ
အတောမသတ် နိုင်ခဲ့ပေ။

အမေရိကန် ပြည်ထောင်စု၏ ကျူးကျော်စစ် ကြောင့် အီရတ်ပြည်သူ တစ်သန်းကျော် သေဆုံးခဲ့ရသည့် အပြင် ယခုအခါ ISIS စစ်သွေးကြွ များ၏ သူတစ်လူ ငါတစ်မင်း လုပ်ဆောင်မှုကို အီရတ်ပြည်သူ များ နေ့စဉ်နှင့်အမျှ ခံနေရသည်။ ထို့ကြောင့် အီရတ်နိုင်ငံသို့ အမေရိကန် တပ်များ ဝင်ရောက် ကျူးကျော် ခဲ့ခြင်းသည် မဟာအမှား ကြီး တစ်ရပ် ဖြစ်ရုံသာမက ယင်းသို့ ကျူးကျော် ဝင်ရောက်မှုသည် ISIS စစ်သွေးကြွ များကို စတင်ပေါက်ဖွား လာစေခဲ့သည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်ဟု အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ အမေရိကန် အထူးတပ်ဖွဲ့၏ တပ်မှူးဟောင်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး မိုက်ကယ်လ် ဖလင်း က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များကို တိုက်ဖျက် ချေမှုန်းရန် အမေရိကန် အစိုးရမှ ၄င်းတို့၏ အထူးတပ်ဖွဲ့ဝင် ၅ဝ ဦးကို ဆီးရီးယား နိုင်ငံသို့ စေလွှတ်ခဲ့ သော်လည်း ယင်း လုပ်ဆောင်ချက် သည် ISIS စစ်သွေးကြွ များကို တိုက်ခိုက်နေသည့် ကာ့ဒ် တပ်ဖွဲ့ဝင် များအတွက် အထောက်အကူ ဖြစ်စေရန်သာ ရည်ရွယ်ခြင်း ဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှုသည် အီရတ်နိုင်ငံ အတွင်းသို့ အမေရိကန် တပ်များ ဝင်ရောက် ကျူးကျော်ခဲ့ခြင်း ကဲ့သို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း သမ္မတ ဘားရက် အိုဘားမား က ဒီဇင်ဘာလ အစောပိုင်းက ပြောကြား ခဲ့သည်။

ထို့ပြင် ဆီးရီးယားနိုင်ငံ အတွင်း ခြေကုပ် ရယူထားသည့် ISIS စစ်သွေးကြွ များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း အားဖြင့် အမြစ်ပြတ် တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း ကိုလည်း ၄င်းက ထပ်လောင်း ပြောကြား ထားသည်။ စင်စစ်တွင် အမေရိကန် အစိုးရသည် အာဖဂန် စစ်ပွဲတွင် ရရှိခဲ့သည့် သင်ခန်းစာကြောင့် တာလီဘန် များထက် ပိုမိုဆိုးရွား လှသည့် ဆီးရီးယားနိုင်ငံရှိ ISIS စစ်သွေးကြွ များကို အမြစ်ပြတ် ချေမှုန်းရန် ၄င်းတို့၏ တပ်များကို ဆီးရီးယားသို့ စေလွှတ်မည့် အလားအလာ မရှိပေ။

အမေရိကန် အစိုးရသည် ဒေသတွင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည် လာနေသည့် အီရန်နှင့် ဟစ်ဇ်ဘိုလာ ပြောက်ကျားများနှင့် ရင်ဆိုင်ရမည့် အခြေအနေ ကို ရှောင်ရှား နိုင်ရန်သာ ကြိုးပမ်း သွားနိုင်ဖွယ် ရှိသည်။

ယခင်က အီရတ်နိုင်ငံသို့ ဝင်ရောက် ကျူးကျော်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်သူများက ၄င်းတို့ အစိုးရအပေါ် အပြင်းအထန် ဆန့်ကျင်ခဲ့သည်ကို ထောက်ရှုခြင်း အားဖြင့် အမေရိကန် အစိုးရသည် ပြည်သူများ၏ ထပ်မံ ဆန့်ကျင်မှုကို ရှောင်လွှဲနိုင်ရန် ဆီးရီးယားနိုင်ငံ အတွင်းသို့ ဝင်ရောက်ကျူးကျော် တိုက်ခိုက်နိုင်မည့် အလားအလာ နည်းပါးလျက် ရှိသည်ဟု သုံးသပ် ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger