www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 2, 2015

အပင်တစ်ရှူးနည်းပညာဖြင့် ရောဂါဒဏ်ခံ အထွက်ကောင်း အာလူးမျိုးများ မျိုးပွား၍ ဒေသခံ တောင်သူများအတွက် ဖြန့်ချိလျက်ရှိ



တောင်ကြီး ၊ ၂-၁၂-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မှ ခြောက်မိုင် အကွာအဝေးရှိ ထုံးဖို စိုက်ပျိုးရေး သုတေသနခြံမှ ဒေသခံ တောင်သူများ အတွက် ရောဂါဒဏ်ခံပြီး အထွက်ကောင်းသော အာလူးမျိုး များကို အပင်တစ်ရှူး နည်းပညာဖြင့် မျိုးပွား၍ ဖြန့်ဖြူးလျက် ရှိကြောင်း ခြံမန်နေဂျာ ဒေါ်ဝင်းသန္တာ ထံမှ သိရသည်။

အဆိုပါ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန တောင်ကြီးမြို့နယ် ထုံးဖို သုတေသနခြံ၌ အပင်တစ်ရှူး မွေးမြူရေး ဓာတ်ခွဲခန်းကို ၁၉၉၇- ၁၉၉၈ ခုနှစ်၌ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အာလူးအပင် တစ်ရှူး မွေးမြူရေး လုပ်ငန်းကို ၁၉၉၈- ၁၉၉၉ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

အာလူးအပင် တစ်ရှူး မွေးမြူရာတွင် စတင်မွေးမြူခြင်း အဆင့်အဖြစ် အညှောက်များ ပြူထွက်စ အာလူးဥများကို စုဆောင်းရကြောင်း၊ အရှည် တစ်စင်တီမီတာ ရှိသောအညှောက် များကို ရေစင်အောင် ဆေး၍ ပိုးသတ်ခြင်း ပြုလုပ်ပေး ရကြောင်း၊ ပိုးသတ်ပြီး အာလူးအညှောက် များကို အရှည် သုည ဒသမ ၃ စင်တီမီတာမှ သုည ဒသမ ၅ စင်တီမီတာခန့် ဖြတ်ကာ Laminor Flow အောက်ရှိ အာဟာရပြင် ထည့်ထားသော ပုလင်းထဲတွင် တစ်လခန့် မွေးမြူရသည်။

ထိုသို့မွေးမြူပြီး အဆစ် သုံးဆစ်ပါ အပင်အရွယ် ရောက်ပါက တစ်ဆစ်ပါ အပင်အဖြစ် ဖြတ်ကာ အာဟာရပြင် ပါသည့် ပုလင်းအတွင်းသို့ ပထမအကြိမ် ပြောင်းရွှေ့ထည့် ပေးရသည်။ ဤအဆင့်ကို ထပ်ဆင့်ပွားခြင်း အဆင့်ဟု ခေါ်ဆိုပြီး အဆိုပါ ဆင့်ပွားခြင်း လုပ်ငန်းစဉ် ကို ၁၅ ရက်မှ တစ်လအတွင်း ထပ်မံ၍ အနည်းဆုံး သုံးကြိမ်မှ အများဆုံးငါးကြိမ် ပြုလုပ်ပေး ရကြောင်း၊ ပြုလုပ်ပြီးပါက ပုလင်းနှင့် အပင်များကို ဓာတ်ခွဲခန်း အတွင်းမှ ထုတ်ယူ၍ ပျိုးဗန်းအတွင်း ချစိုက် ရကြောင်းနှင့် ထိုအဆင့်ကို အပင်ငယ် ရှင်သန်စေခြင်း ဟု ခေါ်ကြောင်း သိရသည်။

အဆိုပါ အဆင့်သည် တစ်လခန့် ကြာမြင့်ပြီး ထိုပျိုးပင်များကို စိုက်ခင်း အတွင်းသို့ ချစိုက်သည်။ စိုက်ခင်းအတွင်း နှစ်လမှ သုံးလခန့် သက်တမ်းရှိပါက အာလူးဥငယ် တူးယူ ရရှိပြီဖြစ်သည်။ ထိုအဆင့်ကို ဂျီဇီးရိုး အဆင့်ဟု သတ်မှတ်ကာ ထို အဆင့်ရှိ အာလူးကို ထပ်မံစိုက်ပျိုးပြီး ထွက်ရှိလာပါက ဂျီဝမ်းအဆင့် ဥဟု သတ်မှတ်သည်။

ထိုအာလူးကို မြေချစိုက်ပျိုး ပါက ဂျီတူး အဆင့်ရှိ အာလူးဥငယ်များ အဖြစ်ရရှိပြီး ထိုအဆင့်သို့ ရောက်ရှိမှသာ မျိုးအဖြစ် စုဆောင်း၍ တောင်သူများထံ ဖြန့်ဖြူးပေးခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ  တောင်ကြီးမြို့ ထုံးဖို သုတေသနစိုက်ပျိုးရေးခြံ ဓာတ်ခွဲခန်းအတွင်း အာလူး မျိုးကွဲပေါင်း ၂ဝ ကို ပုလင်းပေါင်း ၁၆၉၂ လုံး အတွင်း၌ အပင်ပေါင်း ၈၄၆ဝ ကို မွေးမြူထားရှိကာ ဖြန့်ဖြူးလျက် ရှိကြောင်း သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger