www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 25, 2015

ကျောင်းသင်ဘာသာတွေကို အင်္ဂလိပ်စာနဲ့ သင်သင့် မသင်သင့်


ကျောင်းသင်ဘာသာတွေကို အင်္ဂလိပ်စာနဲ့ သင်သင့် မသင်သင့် 

ကျော်ဆန်း (Eduzone)


ဆရာ၊ ဆရာမတွေ ဆုံကြ၊ စုမိကြတဲ့အခါ ကျောင်းသင် ဘာသာရပ် တွေကို အင်္ဂလိပ် ဘာသာနဲ့ သင်သင့်၊ မသင်သင့် မကြာခဏ ဆွေးနွေး ဖြစ်ကြပါတယ်။ အများစုကတော့ အင်္ဂလိပ်လို သင်ရတာကို ပိုသဘောကျ ကြတယ်။ အကြောင်းပြချက် ကတော့ တချို့ ဝေါဟာရတွေ၊ အကြောင်းအရာ တွေကို ဘာသာပြန်ရ၊ မှတ်ရခက်တဲ့ အကြောင်းနဲ့ အဆင့်မြင့် ပညာမှာ မြန်မာဘာသာနဲ့ ပြုစုပြန်ဆို ထားတဲ့ ဘာသာရပ် ဆိုင်ရာ စာပေတွေ ရှားပါးတဲ့ အတွက် အင်္ဂလိပ်လို သင်သင့်တယ် ဆိုကြပါတယ်။ ဥပမာ-သိပ္ပံ ဘာသာရပ်မှာ အမီးဘား၊ ပရိုတိုးဇွား စတဲ့ ဝေါဟာရမျိုး တွေနဲ့ ဝိဇ္ဇာ ဘာသာရပ်မှာ ကုန်ထွက်၊ ထွက်ကုန် ဆိုတာမျိုး တွေက ကျောင်းသားတွေ အတွက် အင်္ဂလိပ်လို ပိုအဆင်ပြေ တယ် ဆိုပါတယ်။ အင်္ဂလိပ်လို Product နဲ့ Output ကရှင်းပေမယ့် မြန်မာလို ကုန်ထွက်နဲ့ ထွက်ကုန်က မရှင်းလင်းဘူး လို့ ဆိုတယ်။

အင်္ဂလိပ် ဘာသာနဲ့ မသင်သင့် ဘူးလို့ ဆိုကြသူတွေက ဘာသာရပ် တစ်ခုရဲ့ အနှစ်သာရကို မိခင်ဘာသာ စကားနဲ့ ရှင်းပြတာ အကောင်းဆုံး နားလည်မှု ရစေတယ်လို့ ဆိုပါတယ်။ နားမလည်တဲ့ ဘာသာနဲ့ ကျက်ဘာမှန်းညာမှန်း မသိ ရေးဖြေပြီး စာမေးပွဲ အောင်တာထက် ဘာသာရပ်ရဲ့ အဓိက အချက်တွေကို နားလည်စေဖို့ လိုတယ်လို့ ဆိုတယ်။ ဒါ့ပြင် အင်္ဂလိပ်လို စာမေးပွဲ ဖြေရတဲ့ အတွက် နားလည် ပေမယ့် မရေးတတ်လို့ စာမေးပွဲ အကျများ ရတယ်လို့ စောဒက တက်ကြ ပြန်တယ်။ တောင်ကိုရီးယား နိုင်ငံ၊ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံတွေလဲ သူတို့ရဲ့ မိခင်ဘာသာ နဲ့သင်ပြီး ကမ္ဘာ့ထိပ်တန်း ရောက်နေကြ တယ်လို့ သက်သေထူ ကြပါတယ်။

ကျောင်းသင် ဘာသာရပ် တွေကို အင်္ဂလိပ်စာနဲ့ သင်ကြားရာမှာ မိဘတွေဘက် မှာလဲ စိုးရိမ်မှုတွေ ရှိပါတယ်။ ကိုယ့်ကလေးက အင်္ဂလိပ် လိုလဲ ဟုတ်တိပတ်တိ မတတ်၊ မြန်မာလိုလဲ ဟုတ်တိပတ်တိ မတတ်မှာ စိုးရိမ်တာပါ။ အင်တာ နေရှင်နယ် ကျောင်းတွေ ကတော့ သင်ကြားရေး ကြားခံအဖြစ် အင်္ဂလိပ်စာ တစ်မျိုးပဲ သုံးတဲ့အတွက် ပြဿနာမရှိ ပေမယ့် ဒီလို ကျောင်းမျိုး တွေမှာလဲ မိခင် ဘာသာစကား အားနည်းမှာ တွေးပူကြပြန် ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာ အချက်တစ်ချက်က ဘာသာရပ် တချို့ကိုသာ နိုင်ငံခြားဘာသာ စကားနဲ့ သင်ကြားတာနဲ့ Bilingual လို့ခေါ်တဲ့ ဘာသာစကား နှစ်မျိုးကို သင်ကြားရေး ကြားခံ ( Medium of Instruction ) အဖြစ်ထားတာ မတူဘူး ဆိုတဲ့ အချက်ပါပဲ။

ဘာသာစကားနှစ်မျိုးသုံးသင်ကြားခြင်း (Bilingual)

သင်ကြားရေးရဲ့ ၉ဝ ရာခိုင်နှုန်း လောက်ကို ဘာသာစကား တစ်မျိုးတည်းနဲ့ သင်ကြားပြီး တစ်ပတ်မှာ နာရီ နည်းနည်းလောက် တခြား ဘာသာစကား တစ်ခု သင်ကြားတာကို Bilingual လို့ မခေါ်ဆို ပါဘူး။ အလားတူပဲ ဘာသာရပ် တချို့ကိုသာ နိုင်ငံခြားဘာသာ တစ်ခုခုနဲ့ သင်ကြား တာကိုလဲ Bilingual လို့ မခေါ်ဆို နိုင်ပါဘူး။ ဘာသာစကား နှစ်ခုကို သင်ကြားရေး ကြားခံအဖြစ် ထားတယ်ဆိုတာ ဘာသာနှစ်မျိုးလုံး အသုံးချနိုင်တဲ့ သင်ယူမှု ဝန်းကျင် (Learning Enviroment) ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒီ ဘာသာစကားကို ကြားနာနိုင်မယ့်၊ ပြောဆိုနိုင်မယ့် အသုံးချနိုင်တဲ့ ပတ်ဝန်းကျင် ရှိရပါမယ်။ ဒီလိုဖန်တီး ပေးနိုင်ခဲ့ရင် ဘာသာစကား နှစ်မျိုးသုံး သင်ကြားတာက အများကြီး ကောင်းကျိုးတွေ ရှိတယ်လို့ ပညာရှင်တွေက တင်ပြကြပါတယ်။

သုတေသန တွေအရ ကလေးတွေကို ဘာသာစကား နှစ်မျိုးနဲ့ သင်ကြားပေး တာက လူမှုရေး၊ ဘာသာဗေဒနဲ့ သိမှုအပိုင်းမှာ သက်တူရွယ်တူ တွေထက် ပိုပြီးဖွံ့ဖြိုး တိုးတက်မှု ရှိစေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လူမှုရေးမှာ အထူးသဖြင့် ယဉ်ကျေးမှု၊ ပေါင်းသင်း ဆက်ဆံရေးနဲ့ တစ်ကိုယ်ရေ အရည်အချင်း တွေပိုပြီး ဖွံ့ဖြိုးပါသတဲ့။ ဘာသာဗေဒနဲ့ ပတ်သက်ရင်လဲ ရှုပ်ထွေး သိမ်မွေ့တဲ့ စကားလုံးတွေနဲ့ အကြောင်းအရာ တွေကို ရွယ်တူတွေထက် ပိုနားလည် ခံစားနိုင်တယ်။ အခြေအနေ အချိန်အခါအလိုက် ဝေါဟာရ ရွေးချယ် သုံးစွဲနိုင်မှု ပိုတယ် ။ ပိုပြီး စကားကြွယ်ဝ တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ရွယ်တူကလေး တွေထက် ဉာဏ်ရည် ပိုထက်မြက်လာ စေတဲ့အပြင် တီထွင်ဖန်တီး နိုင်စွမ်းအားလဲ ပိုလာတာ တွေ့ရှိရတယ်လို့ တင်ပြထားကြ ပါတယ်။ ဒီလို သိမှုကြွယ်ဝ လာတာ ဘာသာဗေဒ ဖွံ့ဖြိုးတာနဲ့ လူမှုရေး စွမ်းရည် ပိုကောင်းလာတဲ့ အကျိုးဆက်ကို အသက်အရွယ် ကြီးတဲ့အထိ ဆက်လက်ရရှိ စေတယ်လို့လဲ ဆိုကြပါတယ်။

ဘယ်အရွယ်စတင်သင်မလဲ ?

ကျွန်တော်တို့ ငယ်ငယ်ကတော့ ဒုတိယ ဘာသာစကား အဖြစ် အင်္ဂလိပ်စာကို ပဉ္စမတန်း ရောက်မှ စသင်ရ ပါတယ်။ နောက်ပိုင်းမှာ တော့ သူငယ်တန်းက စတင်သင်ကြား လာတာ တွေ့ရတယ်။ ဒုတိယ ဘာသာစကား တစ်ခုကို ဘယ်အရွယ်က စတင် သင်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ သုတေသန ပညာရှင် အများစုကြားမှာ တူညီတဲ့ အမြင်ရှိကြ တယ်လို့ ဆိုချင်ပါတယ်။

ဒုတိယ ဘာသာစကား တစ်ခုသင်ဖို့ အကောင်းဆုံး အသက်အရွယ် က သုံးနှစ်နဲ့ ၁၃နှစ်ကြားလို့ သုတေသန ပညာရှင်တွေက ဆိုကြပါတယ်။ အသက် ကိုးနှစ်၊ ၁ဝ နှစ်မတိုင်ခင် ဘယ်အရွယ် မှာပဲ စသင်သင် ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ အကျိုး အများဆုံးကတော့ အသက် သုံးနှစ်အရွယ် က စတင်တာလို့ ဆိုပါတယ်။ ဘာသာစကား တည်ဆောက်ယူမှု (Language Acquisition) မှာ ဆက်ကျော်သက် အရွယ်ထက် အသက်သုံး နှစ်နဲ့ ငါးနှစ်ကြား အရွယ်ကလေး တွေက အကောင်းဆုံးလို့ ဆိုပါတယ်။ အသက် နှစ်နှစ်ခွဲကနေ သုံးနှစ်ကြားမှာ ဘယ်ဘာသာနဲ့ ဘာပဲကြားကြား အလွန် လျင်မြန်စွာ မှတ်သားနိုင်တဲ့ အစွမ်းရှိပါ သတဲ့။ စကားလုံး အသစ်တွေကို ဘာသာစကား နှစ်မျိုးနဲ့ မှတ်ယူနိုင်စွမ်း ရှိပါသတဲ့။ ဒါကြောင့် ပညာရှင် အများစုက ဒုတိယ ဘာသာစကား စတင် သင်ယူသင့်တဲ့ အရွယ်ကို အသက်သုံးနှစ် လို့ အဆိုညီကြ ပါတယ်။

ဘာသာစကား တစ်ခုထက်မက တတ်ရင် ပိုကောင်းတယ် ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ ငြင်းမယ် မထင်မိပါဘူး။ ဒါပေမဲ့ ဒုတိယ ဘာသာစကား ကြောင့် မိခင် ဘာသာစကား အတတ်နှေးသွားမှာ၊ အားနည်းမှာ စိုးရိမ်ကြ တာတွေကတော့ ရှိပါတယ်။ ဒါကလဲ ကလေးငယ် တွေကို ဘာသာစကား နှစ်ခု သင်ပေးတဲ့အခါ ကလေးတွေက နှစ်ခုလုံးကို ရောပစ်တတ် တာကြောင့်ပါ။ တကယ်တော့ ကလေးက သူ့အတွက် လွယ်ကူ အဆင်ပြေတဲ့ စကားကိုသုံးတာ ဖြစ်ပြီး ဘာသာစကား နှစ်ခုကို နားမလည်ပဲ ရောထွေး (Confused) သွားတာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ အိမ်မှာ မူကြိုကလေးက စောင့်အုံးလို့ ပြောရမယ့် အစား ဝိတ် (Wait) ဆိုပြီး ပြောလေ့ရှိတာ သတိပြုမိ ပါတယ်။ လူကြီးက သူပြောတာ သဘောမပေါက်ဘူး ထင်တဲ့အခါမှာ စောင့်အုံးဆိုပြီး မြန်မာလို ပြောပါတယ်။ ဒါက ဘာသာစကား နှစ်ခု ရောနှော သုံးတာဖြစ်ပြီး ရောထွေး နေတာ မဟုတ်ဘူးလို့ ပြောချင်တာပါ။ 

မူရင်းဘာသာ အားနည်း လာတာလဲ မဟုတ်ပါဘူး။ အခြေအနေ အချိန်အခါအရ အကောင်းဆုံး ဖြစ်မယ်လို့ သူ့စိတ်ထဲမှာ ထင်တဲ့အတိုင်း လွယ်ကူတဲ့ စကားကို သုံးနှုန်းတာ ဖြစ်ပါတယ်။ လူကြီးတွေလဲ ဘာသာစကား ရောနှော သုံးတတ်တာ ရှိပါတယ်။

ဥပမာ အင်စတီကျူးရှင်း (Institution) လို့ အင်္ဂလိပ်လို တိုက်ရိုက် သုံးလိုက်ရတာက မြန်မာလို သုံးရတာထက် ပိုအဆင်ပြေ တဲ့အခါ အင်္ဂလိပ် စကားလုံးကို ကြားညှပ် သုံးလိုက်တာ မျိုးပါ။ အသက်သုံးနှစ် အရွယ်မှာ ဝေါဟာရ တွေကို သာမက (Speed Pattern) စကား တည်ဆောက်မှု ပုံစံတွေကိုပါ ကလေးတွေက မှတ်ယူ၊ သင်ယူနေပါပြီ။ သူတို့အတွက် ပုံမှန် စာသင်ခန်း (Formal Classroom) တွေမရှိလဲ ဒုတိယ ဘာသာကို အလွယ်တကူ သင်ပေးလို့ ရပါတယ်။ သူတို့ အရွယ်နဲ့ သင့်တော်တဲ့ TV Program တွေကြည့်စေတာ ၊ သီချင်းဖွင့်ပေးတာ၊ ဂိမ်းဆော့တာ တွေကနေ တစ်ဆင့် အလျင်အမြန် သင်ယူနိုင်စွမ်း ရှိကြပါတယ်။

ဘာသာစကား နှစ်မျိုးလုံး ကျွမ်းကျင်ဖို့ အတွက် အရေးကြီးဆုံး ကတော့ အထက်မှာ တင်ပြခဲ့သလို သင်ယူမှု ပတ်ဝန်းကျင် ဖန်တီးပေးဖို့ပါ။ ဥပမာ-အိမ်မှာ မိဘနှစ်ပါးဟာ တစ်ယောက်က မြန်မာလို ပြောပြီး တစ်ယောက်က အင်္ဂလိပ်လို ပြောရင် ကလေးကလဲ ဘာသာနှစ်မျိုးနဲ့ တုံ့ပြန်တာကို တွေ့ရ ပါလိမ့်မယ်။ ကစားစရာလို့ အမေ့ကို ပြောပြီး အဖေ နဲ့ ပြောတဲ့အခါ တွိုင်း (Toy) လို့ ပြောပါလိမ့်မယ်။ နိုင်ငံခြားသား ကလေးငယ် တစ်ယောက်က အိမ်မှာ မိဘတွေနဲ့ ပြောတဲ့အခါ မိခင် ဘာသာ စကားနဲ့ ပြောတယ် ၊ ကျောင်းမှာ အင်္ဂလိပ်လို ပြောတယ်။ ပတ်ဝန်းကျင် က ကလေးတွေနဲ့ တွေ့တဲ့အခါ မြန်မာလို ပြောတာကို တွေ့ဖူးပါတယ်။ အသုံးချစရာ ပတ်ဝန်းကျင် ရှိရင် ဘာသာစကား နှစ်မျိုးလုံး ကျွမ်းကျင် သွားပါလိမ့်မယ်။ ကလေးတွေကို လျှော့မတွက် ပါနဲ့လို့ ပညာရှင်တွေက ပြောကြပါတယ်။

ဒါပေမဲ့ ပုံမှန် စာသင်ခန်းမှာ ဒုတိယ ဘာသာစကား သင်ကြားမယ် ဆိုရင်တော့ အတန်း အရွယ်အစားက သိပ်မကြီးသင့် ပါဘူးတဲ့။ အကောင်းဆုံး အတန်းအရွယ် အစားကတော့ ၁၂ နှစ်ကနေ ၁၈ နှစ်ထိ လို့ဆိုတယ်။ ဆရာ၊ ဆရာမကလဲ ကိုယ်သင်ကြား ပေးရမယ့် ဘာသာစကား ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ဂီတနဲ့ အားကစားကိုလဲ တွဲဖက်သင်ပေးဖို့ မမေ့အပ်ဘူးလို့ ပညာရှင်တွေ သုတေသန ပြုထားတာကို လေ့လာတင်ပြ လိုက်ရပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger