www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 4, 2015

ရှောင်ကြဉ်သင့်သော လူကိုအိုမင်းရင့်ရော် စေသည့် အလေ့အကျင့်များ


ရှောင်ကြဉ်သင့်သော လူကိုအိုမင်းရင့်ရော် စေသည့် အလေ့အကျင့်များ


အသက်ကြီး လာတာကို တားဆီးလို့ မရပေမယ့် အိုမင်းရင့်ရော် တာကိုတော့ နေထိုင် စားသောက်မှု ပုံစံနဲ့  မှားယွင်းနေတဲ့ တစ်ချို့ အလေ့အကျင့် တွေကို မှန်အောင် ပြန်လည်ပြုပြင် နေထိုင်ခြင်းဖြင့် အချိန်ဆွဲထား နိုင်ပါတယ်။ အရွယ်တင်ပြီး နုပျို နေတာမျိုး မဟုတ်တောင် ရှိရင်းစွဲ အသက်ထက် အိုမင်းရင့်ရော် မနေဖို့  လိုက်နာရမယ့် ဆောင်ရန် ရှောင်လေးတွေ ရှိပါတယ်။ 

ညဘက်ကို အိပ်ပေးပါ 
ညမအိပ်ဘဲ လုပ်ချင်ရာ လုပ်နေတာ ဖက်ရှင်လို ဖြစ်နေတဲ့ အတွက် သင်လည်း အနည်းဆုံးတော့ ည ၁ နာရီလောက်ထိ နေဖူးမယ် ထင်ပါတယ်။ ညမအိပ်ဘဲ မနက် ဘယ်လောက် အိပ်အိပ် အကျိုး သက်ရောက်ပုံခြင်း မတူဘူး ဆိုတာ သတိထားရမှာ ဖြစ်ပြီး ညဆိုတာ ည ၁၂ နာရီ မတိုင်ခင်ကို ပြောတာမို့  နောက်အကျဆုံး ၁၁ နာရီမှာ အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်ရေးမ၀ တာနဲ့ တင် သင်ဟာ ညိုးခြောက် နေတဲ့ ပန်းတစ်ပွင့်လို ဆွဲဆောင်မှု နည်းပါး သွားနိုင် ပါတယ်။ ည ၁၁ နာရီအိပ်ပြီး မနက် ၆ နာရီထတာ အလွန်မှန်ကန် သင့်လျော်တဲ့ အိပ်စက်ပုံ ဖြစ်ပါတယ်။ 

ခွင့်လွတ်တတ်ဖို့ မေ့တတ်ဖို့ ကြိုးစားပါ
ခွင့်မလွတ် တတ်တာ၊ မမေ့နိုင်တာ၊ အစွဲအလန်း ကြီးတာတွေဟာ ဗဟို အာရုံကြော စနစ်ကို ဆိုးရွားစွာ ဖိအားပေးတဲ့ အတွက် စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် ခံစားရမှာ ဖြစ်ပြီး ကော်တီစော ဟိုမုန်း တောက်လျှောက် ထွက်နေတဲ့ ဒဏ်ကြောင့် မျက်နှာကြီး ရင့်ထော် နေပါလိမ့်မယ်။ မျက်လုံးထဲက သွေးကြော တွေလည်း ပေါက်ထွက် သလိုမျိုး နီနေ ပါလိမ့်မယ်။ သင့် အသံက အစ နူးညံ့မှု ကင်းမဲ့ပြီး အာဃာတနဲ့  မာကျော ခြောက်သွေ့ နေပါလိမ့်မယ်။ အသက်ရှည်ရှည် နေချင်ရင် ပျော်ပျော်နေဖို့  လိုပါလိမ့်မယ်။ ပျော်ပျော် နေချင်တယ် ဆိုရင် ခွင့်လွှတ်တတ်ဖို့ ၊ မေ့ပစ်လိုက်ဖို့  လိုပါလိမ့်မယ်။ 

ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ
ကိုယ်လက် လှုပ်ရှားမှုဆိုတာ ၀ိတ်လျော့ဖို့ ပဲ လုပ်ရတာ မဟုတ်ပါဘူး။ ၀ိတ်ကျကျ၊ မကျကျ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးခြင်း အားဖြင့် အသက်အရွယ် ကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါ အများစုကို ကာကွယ်တားဆီး ပေးပါတယ်။ သွေးတိုးကို ထိန်းပေး နိုင်သလို စိတ်ဖိစီးမှုဒဏ် ကိုလည်း အပြုံးနဲ့ ခံနိုင်လာမှာ ဖြစ်ပြီး မိမိကိုယ်ကိုယ် လည်း ယုံကြည်မှု ရှိတော့ ဒီလူဟာ သိပ်ကို ဆွဲဆောင်မှု ရှိလာတာပေါ့။ တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ လေ့ကျင့်ခန်း တစ်ခုခု လုပ်ဖြစ်အောင် လုပ်ပါ။ 

အချိုလျော့စားပါ 
အချိုပွဲတွေ့ တိုင်းစားမယ်၊ မုန့် ပဲသွားရည်စာ တွေစားမယ်၊ လက်ဖက်ရည်၊ ကော်ဖီ ဘာပဲ မှာသောက်သောက် အချိုလေး ပါလိုက်မှဆိုရင် သင်ဟာ သကြားဓာတ်ကို လွန်ကဲစွာ စားသုံးမိ နေနိုင်ပါတယ်။ သကြားဓာတ် လွန်ကဲ့မှု ကြောင့် အရေးအကြောင်း တွေပေါ်တာ ပိုလည်းမြန်၊ ပိုလည်း များစေပါတယ်။ ဒါ့အပြင် ဗိုက်အဆီက တက်လာဦး မှာပါ။ အတတ်နိုင်ဆုံး သကြားကို လျော့စားပါ။ အငန်ဓာတ် ကတောင် သကြားလောက် မဆိုးပါဘူး။

ဆေးလိပ် သောက်တာကိုတော့ အခုပဲ ရပ်လိုက်ပါ
သင့် ဆေးလိပ်ကြောင့် သင့် ကျန်းမာရေး ထိခိုက်သလို ဘေးပတ်ဝန်းကျင် က လူတွေရဲ့ ကျန်းမာရေး ကိုလည်း ထိခိုက်စေ ပါတယ်။ ဆေးလိပ် သောက်ရင် မျက်နှာရင့်တယ် ဆိုတာ အများအသိ ပါပဲ။ တစ်သက်လုံး သောက်လာတာ၊ မထူးတော့ဘူးလို့  မပြောပါနဲ့ ။ ၁၀ ရက်ဖြတ်ရင် ၁၀ ရက်စာ သိသာတာမို့  ကျန်ရှိ နေသေးတဲ့ ဘ၀သက်တမ်း အတွက် ဆေးလိပ်ကို ဖြတ်လိုက်ပါ။

မျက်လုံးကို မပွတ်ပါနဲ့  
ညောင်းလို့ ဖြစ်စေ၊ ပန်းလို့ ဖြစ်စေ၊ ယားလို့ ဖြစ်စေ၊ ဘယ်လို အကြောင်းကြောင့် ပဲဖြစ်စေ မျက်လုံးကို မပွတ်ပါနဲ့ ။ အသာဖိပြီး အာသာဖြေ ပေးပါ။ မျက်လုံးကို အားပါးတရ ပွတ်တာဟာ မျက်လုံး တ၀ိုက်က ကျုံ့ နိုင်၊ ဆန့်နိုင်တဲ့ အရေပြားကို ပျက်စီး စေပါတယ်။ ဒီတော့ မျက်လုံးဘေးမှာ အသားပွန်းတာ လိုလို၊ အရေပြားတွန့် တာလိုလို စဖြစ်ပြီး တဖြည်းဖြည်း ပျက်စီးမှု ကြီးလာနိုင် ပါတယ်။ တစ်ကယ်တမ်းမှာ မျက်စိယားတယ် ဆိုရင် ရေစိမ် အသုံးပြုပြီး လက်ဖက်ရည် ထုတ်ငယ်လေး တွေကို မျက်စိပေါ် ၁၀ မိနစ်လောက် တင်ထားနိုင် ပါတယ်။ သွေးကြော ပေါက်ပြဲမှုကိုတော့ မျက်ခွံပေါ်မှာ ဗိုက်တာမင် K နဲ့  D တို့ ကို လိမ်းပေးခြင်းဖြင့် သက်သာ စေနိုင်ပါတယ်။ 

အရက်ကို အလွန်အကျွံ သောက်ရင်လည်း အိုမင်းရင့်ရော် စေပါတယ်
သူတို့ ကျတော့ မျက်နှာပဲရင့်တာ မဟုတ်ပါဘူး၊ တစ်ကိုယ်လုံး ပျက်စီးပြီးတော့ အသေစောတာ ဖြစ်ပါတယ်။ သွေးတိုးမယ်၊ အသည်း အဆီဖုံးမယ်၊ ကျောက်ကပ် ပျက်စီးမယ်၊ သင်ဟာ တစ်ရက်ကို အရက် ၂ ပက်ထက် ပိုသောက်နေရင်ကို များနေပါပြီ။

ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်နေတဲ့ သင့် ကိုယ်အလေးချိန်ကို စနစ်တကျ ထိန်းသိမ်းပါ
ယောက်ျားသား တွေက ဗိုက်ထွက် လာလေ့ရှိပြီး မိန်းမသားတွေက ပေါင်လုံး တိုင်လုံးလောက် ကြီးလာလေ့ ရှိပါတယ်။ ကိုယ်အလေးချိန် လျော့ချင်တုန်း အစားလျော့စားပြီး နောက်ပိုင်း ပြန်စားလို့  ပြန်တက်တဲ့ သံသရာမှာ ချာချာလည် နေလေ့ ရှိပါတယ်။တစ်ကယ်တော့ အစားလျော့တယ် ဆိုတာထက် အစားထိန်းဖို့ လိုတာပါ။ ညနေ ၃ နာရီ နောက်ပိုင်း အချို၊သကြား မစားဘဲနေတာ၊ ညစာမစားဘဲ ညနေခင်းစာ စားတာ (၂) ခုတည်းနဲ့ကို သင့်ခန္ဓာကိုယ် အလေးချိန် တိုးတက်ကောင်းမွန် လာမှာ ဖြစ်ပါတယ်။ ကျန်တာကတော့ ကျန်းမာရေး လေ့ကျင့်ခန်း မှန်မှန်လုပ်ပေါ့။ ဒါ့အပြင် ခေါင်းအုံးမှာ မျက်နှာကို မှောက်မအိပ်ပါနဲ့ ။ သင့်ဆံပင်မှာ ဆီအမျိုးမျိုး လိမ်းပြီး အိပ်ထားတော့ ခေါင်းအုံးမှာ အဲဒီဆီတွေ စွဲနေပါတယ်။ မျက်နှာ မှောက်အိပ်တော့ အဲဒီဆီတွေ ကူးကုန်ပြီး အရေပြားကို ပျက်စီး စေပါတယ်။ 

စိတ်ဖိစီးမှုကိုဖက်တွယ်မထားပါနဲ့  
တစ်ရက်တစ်ရက် လန်းဆန်းချိန်လေး ထားပါ။ အဲဒီအချိန်မှာ ဖုန်းလည်း မကိုင်ပါနဲ့ ။ အစားစားရင် အနည်းဆုံး မိနစ် ၂၀ ကြာအောင် ဆွဲပြီး ဖြည်းဖြည်းစားပါ။ ဦးနှောက်ဟာ အစားစားချိန် မိနစ် ၂၀ ပြည့်မှ ဗိုက်ပြည့်ပြီဆို တဲ့ အချက်ပြပေး ပါတယ်။ သင်နည်းနည်း စားစား၊ များများစားစား၊ မိနစ် ၂၀ ပြည့်ရင် ဗိုက်ပြည့်ပြီလို့  ခံစားရမှာ ဖြစ်ပါတယ်။ ဘယ်လို စားသင့်သလဲ ဆိုတာ သင့် ရွေးချယ်မှုပါပဲ။ ရေချဉ်း မသောက်ပါနဲ့ ။ အရည်ဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံ တွေကိုဖောဖောသီသီ စားပေးပါ။ ဒါဆိုရင်တော့ သင့်ရုပ်ဆင်း သွင်ပြင်ဟာ အိုမင်းရင့်ရော် မှုရဲ့ ရန်ကို ခုခံကာကွယ်နိုင်မှာ ဖြစ်ပြီး နုပျိုလန်းဆန်း နေပါလိမ့်မယ်လို့  လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။ 

ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger