www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 4, 2015

လေသွင်းထားသော မုန့်ထုပ်များနှင့် ကလေးများကင်ဆာ အန္တရာယ်


လေသွင်းထားသော မုန့်ထုပ်များနှင့် ကလေးများကင်ဆာ အန္တရာယ်


ကင်ဆာဟု အစပြု လိုက်သည်နှင့် လူတိုင်း ကြောက်ရွံ့ကြသည့် ရောဂါတစ်မျိုးဟု သိကြသော်လည်း ကင်ဆာဖြစ်စေ နိုင်သည့် အကြောင်းရင်းခံ များကို ရှောင်ရှားလေ့ မရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ယနေ့ အချိန်တွင် ကင်ဆာသည် ခေတ်မီရောဂါ တစ်ခုလိုဖြစ်လျက် ရှိသည်။ ကင်ဆာ ဖြစ်စေဖို့ အခြေခံ အကြောင်းများစွာ ရှိသော်လည်း ထိုအထဲတွင် အစားအစာကြောင့် ကင်ဆာ ဖြစ်စေသည့် နှုန်းမှာ မြင့်မားလျက် ရှိသည်။

အစားအသောက် ဆိုရာ၌ ကွမ်း၊ ဆေးလိပ်၊ အရက်သာမက မိမိတို့ နေ့စဉ်နှင့်အမျှ စားသုံးနေသည့် အစားအသောက် များတွင်လည်း ကင်ဆာ ကို ဖြစ်စေနိုင်သည့် အကြောင်းရင်းခံများ များစွာ ပါဝင်နေသည်။ အချိုရည်၊ ရောင်စုံဆိုးဆေး နှင့် ပြုလုပ်ထားသော အစားအသောက်၊ ဓာတုဆေးသုံး အချိုမှုန့်၊ ကြက်သားမှုန့်၊ အကင်များ အပြင် နေ့စဉ် ကလေးများ ဝယ်ယူစားသုံး နေသည့် ကျောင်းမုန့်ဈေးတန်း မှာလည်း မဆင်ခြင်ပါက ကင်ဆာ ဖြစ်နိုင်သည့် အစားအစာ များစွာ ပါရှိ လာပြီဖြစ်သည်။

ထိုအထဲတွင် လေသွင်း ထားသော မုန့်ထုပ်များ ဖြစ်သည့် အာလူးကြော်၊ ဗယာကြော်၊ ကြက်သွန်ကြော်၊ ငါးမုန့်ကြော်၊ ဝေဖာ၊ ချောကလက်၊ သကြားလုံး စသည့် အစားအစာ များကို သတိပြုရန် လိုကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသည်။ လေသွင်း ထားသော မုန့်ထုပ်များသည် ကြော်ပြီးသား ဆီများကို မစွန့်ပစ်ဘဲ အကြိမ် ၅ဝ ထက်မနည်း ပြန်ကြော် နေသည်ကို စစ်ဆေးတွေ့ရှိ မှုအရ သိရကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ ဆိုသည်။ ပြန်ကြော်ဆီများ ၏ အရောင်မှာ ကတ္တရာစေး ကဲ့သို့ မည်းနက်နေပြီး အကြော်များကို မအေးမီ ပလတ်စတစ် ပါကင်ထဲသို့ ထည့်သောကြောင့် ပလတ်စတစ်နှင့် ဓာတ်ပြုကာ ကင်ဆာ ဖြစ်စေသော ဓာတ်သတ္တိများ အကြော်ထဲသို့ ဝင်ရောက် သွားသည်။ ကြောက်စရာ ကောင်းလှသည့် အပြင် ပြန်ကြော်ဆီ အမည်းရောင် များကလည်း အသည်းကင်ဆာ စသော ကင်ဆာ အမျိုးမျိုးကို ဖြစ်စေတတ်ပြီး ကင်ဆာ နှစ်ထပ်ကွမ်း ဖြစ်စေနိုင်သည့် အတွက် လေသွင်းထားသော မုန့်ထုပ်များကို လုံးဝ မစားသင့်ဟု ဆိုသည်။ ထို့ပြင် ကလေးများ မုန့်ဈေးတန်းရှိ တရုတ်စာတန်း ပါသည့် တရုတ်မုန့် မျိုးစုံတွင်လည်း တားမြစ် ဆိုးဆေးများ၊ တာရှည်ခံ ဆေးများ အလွန်အကျွံ သုံးစွဲထား သောကြောင့် မစားသင့်ပါ။ ထုတ်လုပ်ရက် ၊ သက်တမ်းကုန် ၊ ရက်စွဲ တိကျစွာမပါခြင်း မုန့်တွင် သုံးစွဲထားသော ပစ္စည်းစာရင်း မပါခြင်း ၊ လုပ်ငန်းလိပ်စာ မပါခြင်း သာမက ပြည်တွင်းထုတ် မုန့်တချို့ ကိုလည်း စားသုံးရန် မသင့်သလို အကြားတု ၊ တားမြစ်ဆိုးဆေး ၊ ပလတ်စတစ် ၊ ရော်ဘာများဖြင့် ပြုလုပ်ထားသည့် ပြည်ပမှ ၀င်ရောက်လာသော ပီကေ တချို့ကိုလည်း ရှောင်ရှား သင့်ကြောင်း မ်ြနမာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းက ဆိုထားသည်။

အလားတူ သကြားအစစ်ထက် အဆ ၂ဝဝ ပိုချိုစေသော ပါဝါသကြား၊ ကာဗွန်ဒိုင် အောက်ဆိုက်နှင့် ကဖိန်းဓာတ်များ ပါဝင်သည့် အချိုရည် များသည် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ နှင့် အသည်းရောဂါ တို့ကို ဖြစ်ပွားစေပြီး ဂျယ်လီဘူး များတွင်လည်း တရုတ်နိုင်ငံမှ လာသော ဂျယ်လီပေါင်ဒါ တွင် တာရှည်ခံဆေး ပါဝင်၍ ကလေးများအား လုံးဝ မကျွေးသင့်ကြောင်း သိရသည်။

သို့ဖြစ်ရာ ငယ်ရွယ်စဉ် ကလေးဘဝ ကတည်းက ကင်ဆာ ဖြစ်နိုင်သော အစားအသောက်များ ရှိနေနိုင် သောကြောင့် မိဘများအဖို့ အသိပညာ ရှိရန်လိုအပ်သည်။ မိဘများကို အသိပညာ ပေးခြင်း၊ ဆရာများကို အသိပညာ ပေးခြင်း၊ ရောင်းချသူ များကိုလည်း ထိုမုန့်များ မရောင်းချရန် ပညာပေး ကလေးများ အပေါ် ကြင်နာမှုဖြင့် စေတနာကာ အန္တရာယ် ကင်းသော မုန့်ပဲသရေစာ များကိုသာ ရောင်းချကြမည် ဆိုပါက ကလေးများ ကင်ဆာ အန္တရာယ် ကာကွယ်မှုကို အထောက်အပံ့ ဖြစ်စေမည်ဟု အော်ဂဲနစ် နှင့် ပတ်သက်သော စိုက်ပျိုး ထုတ်လုပ် ရောင်းချသည့် ပညာရှင် တစ်ဦးက ဆိုသည်။ အသိပညာ ပေးမှုပိုင်းများ၌လည်း မိဘများ ကိုယ်တိုင် အသိပညာ ရှိနေရန် လိုအပ်ပါသည်။ မိဘကိုယ်တိုင် အယူမှားကာ ရေဆာချိန်တွင် ရေတိုက်ရမည့် အစား အချိုရည် တိုက်ခြင်းတို့ ပြုလုပ်တတ်သည်။ ထို့ကြောင့် ကလေးများက အတုယူမှား လာကြသည်။

ထို့ကြောင့် အဝလွန်ခြင်းနှင့် ဆီးချိုသွေးချို ရောဂါဖြစ်ခြင်း စသည့် မလိုလား အပ်သော ရောဂါ ရလာသည်။ နောက်ဆုံး နောက်ဆက်တွဲ ဝေဒနာများပါ ခံစားလာရ တတ်သည်ဟု ဆီးချိုသွေးချို ရောဂါ အထူးကု ဆရာဝန်ကြီး တစ်ဦးက သုံးသပ်ထားသည်။

ထို့ကြောင့် ''ကင်ဆာကို ဖြစ်မှ ကြောက်နေတာ ထက် မဖြစ်ခင် ကြိုတင် ကာကွယ်ထား နိုင်တာ အကောင်းဆုံးပါ။ ကင်ဆာကို ဖြစ်စေနိုင်မယ့် အကြောင်းတရား များစွာ ရှိသလို ကင်ဆာ မဖြစ်စေဖို့ ရှောင်ရှားလို့ ရတဲ့
အကြောင်းအရာ များစွာ ရှိပါတယ်။ ဒီလို ရှောင်ရှားဖို့ ဆိုတာ လူတစ်ဦး တစ်ယောက်၊ မိသားစုတစ်စုရဲ့ အပြုအမူ တွေနဲ့လည်း များစွာ သက်ဆိုင် နေပါတယ်။ လူတစ်ဦး တစ်ယောက်၊ မိသားစုတစ်စု ကနေ ပြုပြင် လိုက်ရင် ကြောက်စရာ ကောင်းပြီး အဖြစ်များတဲ့ ကင်ဆာဆိုတဲ့ ရောဂါကြီးဟာ ကျဆင်းသွားမှာ ဖြစ်ပါတယ်'' ဟု ဆရာဝန်ကြီး က ပြောသည်။

ထို့ကြောင့် မိဘများမှ တစ်ဆင့် ကလေးငယ် များကို အသိပညာ ပေးပြီး ကလေးဘဝ မှစ၍ ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ် နိုင်ရန် တိုက်တွန်း ရေးသားတင်ပြ လိုက်ရပါသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger