www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 5, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးမည်


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်(NCA) 
လက်မှတ် ရေးထိုးခြင်း အခမ်းအနား ကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကျင်းပစဉ်

ရန်ကုန် ၊ ၅-၁၀-၂၀၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးပွဲကို ၂ဝ၁၅ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂(MICC -2) ၌ ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား နှစ်ဖက် သဘောတူညီ ခဲ့ကြသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်(NCA)) လက်မှတ် ရေးထိုးခြင်း အခမ်းအနား ကျင်းပရေး အတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်း ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသားများ ဘက်မှ တစ်ဖက်လျှင် ကိုယ်စားလှယ် ၁ဝ ဦးစီပါဝင်သည့် ''ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ'' ကို ဖွဲ့စည်း နိုင်ခဲ့သည်။

ယမန်နေ့ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

NCA လက်မှတ်ရေးထိုး နိုင်ရေးအတွက် တက်ရောက် ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှာ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ရခိုင် ပြည်လွတ် မြောက်ရေးပါတီ (ALP)နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့ ဖြစ်ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း က နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် ယနေ့ ပြုလုပ်သည့် အစည်းအဝေး သည် NCA စာချုပ် ရေးဆွဲပြီးပြီ ဖြစ်၍ ဆက်လက် အကောင်အထည် ဖော်နိုင်ရန် လိုအပ်ချက် ဖြစ်သည့် လက်မှတ်ရေးထိုးရေးအတွက် ညှိနှိုင်းသည့်ပွဲဖြစ် ကြောင်း၊ လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးသည့် အဖွဲ့များရှိနေသေးသည့်အပေါ်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ် အား ဆက်သွားရန်အတွက် လက်မှတ်ထိုးမည် ဆိုသည့် အဖွဲ့များ သည်လည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရကြောင်း၊ NCA ဆိုသည့် နာမည်နှင့် NCA စာချုပ်ပါ အချက်များ အားလုံးနီးပါးကို သဘောတူညီ အဆိုပြု ခဲ့သည်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များပင် ဖြစ်ကြောင်း။ မိမိတို့ အစိုးရ အနေဖြင့်လည်း မြောက်ပိုင်းရှိ အဖွဲ့များ လက်မှတ် ရေးထိုးရန် အဆင်သင့် မဖြစ်သေးသည့် အပေါ် တွင် NCA ဆက်သွားရေး ဆုံးဖြတ် ရသည်မှာ လွယ်ကူသည့် ဆုံးဖြတ်ချက် မဟုတ်ကြောင်း၊ NCA လုပ်ငန်းစဉ်နှင့်  ငြိမ်းချမ်းရေး လမ်းပြမြေပုံကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပြီ ဆိုပါက အဆင်သင့် မဖြစ်သေးသည့် အဖွဲ့များလည်း ဝိုင်းဝန်းပါဝင် လာကြမည် ဟု ယုံကြည်ကြောင်း။ လက်မှတ်မထိုးနိုင် သေးသည့် အဖွဲ့များ အားလည်း ငြိမ်းချမ်းရေး မလိုလားသူများ ဟု မသတ်မှတ်ရန် နှင့် လက်တွဲ ခေါ်နိုင်ရန် သမ္မတကြီးက ပြောကြား ထားပါကြောင်း၊ NCAကို (၁၅)ဖွဲ့လုံး ပါဝင်လက်မှတ် ရေးထိုးရန် အခက်အခဲ ဖြစ်နေသည့် အကြောင်းရင်း များတွင် အားလုံးပါဝင်ရေး အပြင် အခြား အခက်အခဲ များလည်း ရှိနေသည်ကို မိမိတို့ နားလည် ပါကြောင်း၊ မိမိတို့ အနေဖြင့် ကျန်ရှိနေ သေးသည့် အဖွဲ့များ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင် လက်တွဲနိုင်ရန် NCA စာအုပ်ကို ဖွင့်ထားပြီး အဆင်သင့် ဖြစ်သည့် အချိန်တွင် လာရောက် လက်မှတ် ထိုးနိုင်ကြောင်း၊ NCA လက်မှတ်ရေးထိုး နိုင်သည့် အပေါ်တွင် နိုင်ငံတကာ မှ အသိအမှတ်ပြု ကြမည် ဖြစ်သလို လူထုကလည်း ကြိုဆို ကြမည်ဖြစ်၍ မိမိတို့အားလုံး အတွက် တောက်ပြောင်သည့် သမိုင်းပင် ဖြစ်ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။

ယင်းနောက် အစည်းအဝေး တက်ရောက် လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား KNU မှ ပဒို စောကွယ်ထူးဝင်း က NCA ရည်ရွယ်ချက် သည် နိုင်ငံတွင်း၌ ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း ကြာရှည်သည့် ပဋိပက္ခများကို ဖြေရှင်းပြီး ငြိမ်းချမ်း သာယာသည့် နိုင်ငံ တည်ဆောက်ရန် ဖြစ်ကြောင်း၊ NCA စာချုပ်သည် တိုင်းပြည်အတွင်း နေထိုင်နေ ကြသည့် ပြည်သူ အားလုံး၏ အကျိုးစီးပွားကို ရည်ရွယ်ကာ လုပ်ဆောင်ခဲ့သည့် စာချုပ် ဖြစ်ပါကြောင်း၊ NCA စာချုပ် အသက်ဝင် လာရန်အတွက် လက်မှတ် ရေးထိုးပြီးနောက် အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ယနေ့သည် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးအတွက် စတင် လှုပ်ရှားသည့် သမိုင်းဝင် နေ့ရက် တစ်ရက်ပင် ဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုးရန် အကြောင်း အမျိုးမျိုးကြောင့် လက်မှတ်ရေးထိုးခြင်းမပြုနိုင်သေးသည့် အဖွဲ့များလည်း ရှိပါကြောင်း၊ ၄င်းတို့ ပါဝင်လာနိုင်ရန် အတွက်လည်း နှစ်ဖက်စလုံးမှ ကြိုးစား ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က ၅၁ သန်းကျော်သော ပြည်သူများ အားလုံးသည် ငြိမ်းချမ်းရေး အား အလွန်တရာမှ ဆာလောင် မွတ်သိပ် နေကြောင်း၊ တစ်ဖက်နိုင်ငံ တွင် ရောက်ရှိနေသည့် ပြည်သူများ သို့မဟုတ် မြန်မာနိုင်ငံ အစွန်အဖျား၌ လက်ရှိ မဖွံ့ဖြိုး သေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အောက်တွင် နေကြရသည့် ပြည်သူ များလည်း ရှိပါကြောင်း၊ အဆိုပါ ဒေသများမှ ပြည်သူများသည် ငြိမ်းချမ်းရေးအား အလွန်တရာ ငတ်မွတ် တောင့်တ နေကြကြောင်း။ ငြိမ်းချမ်းရေးအား အကောင်အထည် ဖော်ပေးမည့် လူများသည် ယခုခန်းမရှိ စားပွဲများ ထိုင်နေကြသည့် သူများ ဖြစ်သည်ကို မေ့မထား သင့်ကြောင်း၊ မိမိတို့ အားလုံးသည် လက်တွေ့ ငြိမ်းချမ်းရေးကို တည်ဆောက် ပေးမည့် နေရာတွင် အဓိက ပါဝင်သည့် ဇာတ်ကောင်များ ဖြစ်သောကြောင့် ပြင်းပြသည့် ဆန္ဒနှင့် ကောင်းမွန်သော ရည်ရွယ်ချက်များ ထားကာ ရှေ့တိုးသွားရန် တင်ပြလိုကြောင်း၊ ယခုရရှိထား သည့် အခြေအနေ များကို အမြန်ဆုံး အကောင်အထည် ဖော်၍ ရှေ့ကိုတိုး ကြိုးပမ်းပေး ပါဟု နိဂုံးချုပ် ပြောကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ALP ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် က NCA လက်မှတ် ထိုးရန် ကျန်နေသည့် တိုင်းရင်းသား အဖွဲ့များ သည်လည်း လက်မှတ် မရေးထိုးနိုင် ဟု မပြောထားကြောင်း၊ ထိုက်သင့်သည့် အခြေအနေများ ပေါ်တွင် လက်မှတ် ရေးထိုးရန် သဘောထား ပေးထားသဖြင့် အစိုးရဘက်နှင့် NCA လက်မှတ် ရေးထိုးမည့် အဖွဲ့များက ကျန်အဖွဲ့များ မြန်မြန် ပါဝင်လာ နိုင်စေဖို့ ဆွဲခေါ်ရန် လိုအပ်ကြောင်း၊ အစိုးရဘက် အနေ ဖြင့်လည်း လက်တွေ့ လုပ်ဆောင်ပြဖို့ လိုအပ်ပြီး လက်တွေ့ လုပ်ဆောင်ပြပါမှ လက်မှတ် မထိုးဘဲ ကျန်နေသည့် အဖွဲ့ များကို ဆွဲခေါ်ရာ ရောက်မည်ဟု မိမိအနေဖြင့် ယူဆကြောင်း၊ NCA လက်မှတ်ထိုးပွဲ လုပ်ရန် အကောင်အထည် ဖော်ရာတွင် အစိုးရဘက်က ပူးတွဲ ကော်မတီဖွဲ့ရန် သဘောထား ရှိခြင်းကို ဝမ်းသာပါကြောင်း၊ NCA လက်မှတ်ထိုးပြီး ပါက NCA တွင် ပါဝင်သည့် အချက်အလက် များအား နှစ်ဖက်စလုံးမှ ချိုးဖောက်၍ မရဘဲ နှစ်ဖက် သဘောတူညီမှု ရအောင်လုပ် ပြီးမှ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထိုမှသာ စစ်မှန်သည့် ငြိမ်းချမ်းရေး ဆိုသော အနေအထားကို ရရှိမှာ ဖြစ်ကြောင်း၊  မိမိအနေဖြင့် ပန်ကြား လိုသည်မှာ တိုင်းရင်းသား ခေါင်းဆောင် များဘက်မှရော၊ အစိုးရဝန်ကြီး များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားများ ဘက်မှပါ NCA စာချုပ်တွင် ပါဝင်သည့် သဘောထား အတိုင်းသာ ဆောင်ရွက် ကြရန် တိုက်တွန်းကြောင်း၊ NCA လက်မှတ် ရေးထိုးပွဲသည် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် တံခါးဖွင့်ပေးမည့် သမိုင်း စာမျက်နှာ တစ်ခုပင် ဖြစ်သည်ဟု ပြောကြားလို ကြောင်း ပြောကြားသည်။

အစည်းအဝေးကို ညနေ ၆ နာရီတွင် အဆုံးသတ် ခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) မှ အထူးအကြံပေး ဦးလှမောင်ရွှေ၊ ကရင် အမျိုးသား အစည်းအရုံး (KNU)မှ အထွေထွေ အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ရဲဘော်မျိုးဝင်း တို့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပြီး တက်ရောက် လာကြသည့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာ များ၏ မေးမြန်းချက် များကို ပြန်လည် ဖြေကြားခဲ့သည်။

ရဲခေါင်ညွန့် ၊ မြတ်သန္တာအောင်

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger