တန်ဖိုးရှိသောစကား
လူ့လောက နယ်ပယ်တွင် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံ ကြရာ၌ စကားပြော ခြင်းသည် အလွန် အရေးပါသော အဓိက အကြောင်းရင်း ဖြစ်သည်။ မိမိပြောဆို လိုက်သည့် စကား တစ်လုံးကြောင့် တစ်ဖက်လူ ၊ တစ်စုံ တစ်ယောက်အပေါ် (သို့မဟုတ်) အများပြည်သူ တို့အပေါ် အနှောင့်အယှက် မဖြစ်စေရန်၊ စိတ်နာစရာ မဖြစ်စေရန် ပြောဆို ဆက်ဆံခြင်း များကို အထူး သတိထား ရှောင်ကြဉ်ကြ ရမည် ဖြစ်သည်။
''အမှားအများဆုံး ဖွင့်ဆိုသော အရာသည် နှုတ်ခမ်း ဖြစ်နေခြင်းကြောင့် ဆိတ်ဆိတ်နေပါ (သို့မဟုတ်) ဆိတ်ဆိတ် နေခြင်းထက် ပိုပြီး တန်ဖိုးရှိသော စကားကို ဆိုပါ''ဟု စာရေး ဆရာကြီး ပိုက်သာဂိုးရပ်စ် က ဆိုထား သကဲ့သို့ ဂျပန်စကားပုံ တစ်ခုတွင်လည်း ''လျှာဟူသည် သုံးလက်မသာ ရှည်၏။ သို့သော် အရပ်ခြောက်ပေ ရှိသော လူတစ်ယောက်ကို သေစေရန် ဖန်တီးနိုင်သည်'' ဟု ဆိုထားသည်။
တန်ဖိုးရှိသော စကားကို ပြောတတ်ရန် အရေးကြီးသည်။ မိမိပြောဆို လိုက်သော စကား တစ်ခွန်းကြောင့် တစ်ဖက်လူကို မီးလိုပူလောင် စေနိုင် သကဲ့သို့ ရေလိုလည်း အေးမြ စေနိုင်သည်။ လူတစ်ဦး၊ တစ်ယောက်ကို ချစ်အောင်၊ မုန်းအောင် လုပ်နိုင်သည်မှာ စကားဖြစ်သည်။ ထို့ကြောင့် စကားကို မပြောမီကပင် ဆင်ခြင်တုံတရား လက်ကိုင် ထားကာ စဉ်းစားတွေးတော ပြီးမှသာ ပြောသင့်၊ မပြောသင့်ကို ချင့်ချိန်၍ ပြောသင့်မှသာ ပြောကြရန် လိုသည်။
စကားများများ ပြောပါက အမှား ပါတတ်သည်။ ''စကား စကားပြောပါများ စကားထဲက ဇာတိပြ၊ စကားနောက် တရားပါ၊ စကားနည်းရန်စဲ၊ စကားများ အမှားပါ'' စသည့် စကားနှင့် ပတ်သက်သော ဆိုရိုးများကို ရှေးလူကြီး များက ဖွဲ့ဆိုထား ခဲ့ကြသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း အနေဖြင့် အလုပ်များ နေသော၊ မအားလပ်သော ကြားကပင် စကားပြော နေကြရသည်။ ရုံးဌာန အသီးသီးမှ ဝန်ထမ်းများ အချင်းချင်း၊ ကျောင်း စာသင်ခန်း များမှ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း၊ မိသားစု အချင်းချင်း မပြောမဖြစ်သော စကားများကို ပြောဆို နေကြရသည်။ ထိုသို့ ပြောဆိုကြ ရာတွင် ကိုယ့်အသိ၊ ကိုယ့်အတွေး၊ ကိုယ့်အမြင် များကို ရှုထောင့် အမျိုးမျိုးမှ ပြောဆိုနေကြ သော်လည်း မိမိပြောဆို လိုက်သော စကား တစ်လုံးသည် တန်ဖိုးရှိသော စကားဖြစ်ရန် လိုသည်။
ထို့ပြင် စကားပြောဆို ရာတွင် ပြောချိန် ၊ ပြောခွင့်သင့်မှ ပြောခြင်း ၊ ဟုတ်မှန်သည့် စကားကိုသာ ပြောခြင်း၊ အကျိုးစီးပွားနှင့် ဆက်နွှယ် ပြောခြင်း၊ တရားနှင့် စပ်သော စကားပြောခြင်း၊ ချစ်ဖွယ်သော စကားကို ပြောခြင်း၊ ပြုံးရွှင်မှု ရှေ့ထား၍ ပြောခြင်း၊ အဆောတလျင် မပြောရခြင်း၊ မြို့ကြီးသူတို့ အသုံးအနှုန်း ဓလေ့ကို ယူပြီးပြောခြင်း၊ မတိုမရှည်၊ မပိုမလို၊ ချင့်ချိန်ပြောခြင်း၊ သန့်ရှင်းသေချာ၊ တိကျ ပြတ်သားစွာ ပြောခြင်း ဟူသည့် စကားအင်္ဂါ ၁ဝ ပါးနှင့် ညီညွတ်စွာ ပြောဆိုကြ ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ''ပါးစပ်မှာဓား၊ သတိထား၊ စကား ဆင်ခြင်ပြော၊ အကျိုးရှိ၊ မရှိ ဆင်ခြင်ကြည့်၊ အကျိုးရှိမှပြော၊ ပြောသင့်၊ မပြောသင့် ပြောသင့်ခါ မှပြော''ဟူသည့် ဆုံးမစကားကို လက်ကိုင် ထားကာ တန်ဖိုးရှိသော စကားများကိုသာ ပြောသင့်ပါကြောင်း စေတနာထား ရေးသား လိုက်ရပေသည်။
(အယ်ဒီတာ့အာဘော်)
#Yadanarpondaily
No comments:
Post a Comment