www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 22, 2015

စင်ကာပူနိုင်ငံ၏ ပထမဆုံးသော ရေသူမသင်တန်းကျောင်း ကို ဖွင့်လှစ်


စင်ကာပူနိုင်ငံ၏ ပထမဆုံးသော ရေသူမသင်တန်းကျောင်း ကို ဖွင့်လှစ်

Mermaid school seeks students to create Singapore's first pod



နိုင်ငံတကာ ပညာရေးနဲ့ ပတ်သက်လာရင် အာရှတစ်လွှား မှာ ပြိုင်စံရှားတဲ့ စင်ကာပူ နိုင်ငံမှာ ထူးထူးခြားခြား ရေသူမ သင်တန်းကျောင်း ကိုလည်း Bukit Timah, Sunset Avenue မှာ စင်ကာာပူနိုင်ငံရဲ့  ပထမဆုံးသော ရေသူမ Syrena  က ဒီ ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။ အခု စင်ကာာပူရဲ့ ပထမဆုံး ရေသူမဥယျာဉ် ကိုလည်း စတင်ဖွင့်လှစ် သွားတော့မှာ ဖြစ်ပါတယ်။ 

ခေါင်းရှုပ်သွား ပါပြီလား။ ကမ္ဘာပေါ်မှာ ရေသူမဥယျာဉ် ကို ပထမဆုံး စတင်ဖွင့်လှစ် ထားရှိတာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် က Weeki Wachee Springs ဥယျာဉ်ကြီး မှာပါ။ ချစ်စဖွယ် ရေသူမပြကွက် တွေကို တစ်နှစ်ပါတ်လုံး  ဖျော်ဖြေတင်ဆက် ပြသ နေပါတယ်။ Syrena ဟာ Weeki Wachee Springs မှာ ရေသူမ သက်တမ်း (၁၄) နှစ်ရှိတဲ့ ပညာရှင် တစ်ဦးဖြစ်ပြီး အခု စင်ကာပူမှာ Syrena’s Mermaid School ကို ဖွင့်လှစ်လိုက်တာ ဖြစ်ပြီး Singapore’s First Mermaid School ဆိုပြီး လူသိများ လာနေခြင်း ဖြစ်ပါတယ်။ 

ကလေး၊ လူငယ်၊ လူကြီးမရွေး တက်ရောက်နိုင်ပြီး ကျွမ်းကျင်သူ တွေရဲ့ မျက်စိအောက်မှာ ဘေးကင်းစွာ ကူးခတ်ပျော်ပါးရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သောင်းကျော်က ရေသူမတွေရဲ့ သဘော သဘာဝ စရိုက်လက္ခဏာ တွေကိုလည်း လေ့ကျင့်သင်ယူ ရမှာ ဖြစ်ပါတယ်။ ဆရာရော တပည့်ပါ ငါးအမြီးနဲ့ တူတဲ့ ရေယှက်တွေကို ၀တ်ဆင်ထားပြီး ရေထဲမှာ ကူးခပ်လေ့ကျင့် နေကြတာကို မြင်ရတွေ့ ရတာ အထူးဆန်းကြီး ဖြစ်နေပါတယ်။ ဆရာမက ရေကူးကန်ဘောင် ပေါ်မှာ ကနွဲ့ ကလျလေး ထိုင်ပြီး ရေထဲမှာ အမြီးကို တဖြတ်ဖြတ် ရိုက်ခတ် ဆော့ကစား နေချိန်မှာ တပည့်တွေက ရေထဲမှာ အသွင်မျိုးစုံနဲ့ ကူးခပ်ရင်း အသက်ရှူ လေ့ကျင့်ရင်း စင်ကာပူ နိုင်ငံရဲ့ ပထမဆုံးသော ရေသူမကန်ကြီး အတွက် အသင့်ပြင် နေကြပါတယ်။ 

တစ်ကယ်တော့ ပင်လယ်သဒ္ဒရာ သမိုင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ သောင်းကျော်ခန့် က ရေသူမတွေရှိခဲ့တယ်လို့  ယူဆရတဲ့ အထောက်အထားတွေ တွေ့ ရတာကလွဲရင် ရေသူမဆိုတာ တစ်ကယ်ရှိခဲ့လား ဆိုတာကို သိပ္ပံက အထောက်အထား မပြနိုင်သေးပါဘူး။ အဲဒီတုန်းက ပင်လယ်ရပ်ခြား ခရီးသွားလာ ကြတဲ့ သင်္ဘောသား တွေက ကိုယ်ခန္ဓာ အပေါ်ပိုင်းက လူမိန်းကလေး၊ အောက်ပိုင်းက ငါးကိုယ်နဲ့  ရေသူမတွေကို တွေ့ ခဲ့ကြတယ်လို့ ယူဆရတဲ့ နံရံပန်းချီ တွေကို တွေ့ ရှိ ထားရာကနေ ရေသူမဆိုတဲ့ စကားလုံး ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ 

သို့ သော် တစ်နှစ်ကို နိုင်ငံခြားသား သန်းနဲ့ ချီ ၀င်ရောက်ပြီး စင်ကာပူမှာ လည်ပတ် အပန်းဖြေလေ့ ရှိလို့  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကနေ နိုင်ငံခြားဝင်ငွေ အမြောက်အများ ရရှိတဲ့ စင်ကာပူနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့  အစဉ်ကြိုးပမ်း နေခဲ့တဲ့အတိုင်း အခုလည်း လူတွေ သေချာပေါက် စိတ်ဝင်စား နိုင်မယ့် ရေသူမဥယျာဉ် ကို ဖွင့်လှစ်နိုင်ဖို့  ရေသူမကျောင်း တစ်ကျောင်း ဖွင့်လှစ် သင်ကြား နေခြင်း ဖြစ်ပါတယ်။ 

သင်ခန်းစာ (၁) အဖြစ် ကြမ်းပေါ်မှာ တင်ပလ္လင် ခွေထိုင်ပြီး ရေသူမ သီအိုရီကို သင်ယူရ ပါတယ်။ အမြီးတွေ ကိုတော့ လက်တွေ့ လေ့ကျင့်တဲ့ အခါမှာ တပ်ဆင်ရ ပါတယ်။ သင်တန်းသား တွေထဲမှာ အခုမှ ကျောင်းစတက် သူတွေ ပါဝင်သလို တက္ကသိုလ် ကောလိပ် တက်နေဆဲ၊ ပထမဘွဲ့ တစ်ခု ရရှိထားပြီး ကျောင်းသူ ကျောင်းသားကြီး တွေလည်း ပါဝင်ပါတယ်။ ရေသူမ ကျောင်းဆင်းတွေ အတွက် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းမှာ နေရာ ကောင်းကောင်း လစာ ကောင်းကောင်း  ရှိနေလိမ့်မယ် ဆိုတာ သူတို့  ယုံကြည်ကြ ပါတယ်။ လောကကြီးက အေးစက်ပြီး ကြမ်းတမ်း ပါတယ်။ ဒီမှာ အေးချမ်းပြီး ဖော်ရွေခင်မင် တတ်ကြပါတယ်။ ခါးသည်းမှုကို ရှုတ်ချပြီး ချစ်ခင်စုံမက်ခြင်း ကို ဖိတ်ခေါ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လက်သင့်ခံပြီး သန်စွမ်းမှု၊ ရဲစွမ်း သတ္တိရှိမှု၊ လွတ်လပ် ပေါ့ပါးမှုကို ဦးစားပေး ပါတယ်လို့  သင်တန်းနည်းပြ တစ်ဦးဖြစ်သူ ဆိုင်ရီနာ က ပြောပြ ပါတယ်။ 

ရေသူမကျောင်းကို တက်ဖို့  လိုအပ်ချက်တွေက သိပ်ပြီး မရှုပ်ထွေးလှ ပါဘူး။ သင်ရိုးမှာ အဆင့် (၄) ဆင့် ရှိပါတယ်။  ကြေး၊ ငွေ၊ ရွှေ၊ ပလက်တီနမ် အဆင့်တို့  ဖြစ်ပါတယ်။ ကျောင်းသားတွေက ရေအောက်မှာ စည်းချက်ကျကျ လှုပ်ရှားတတ်အောင် လေ့ကျင့်ရပါတယ်။ ဒါပေမယ့် ရေသူမဥယျာဉ် ဆိုတာ စင်ကာပူက စတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကတည်းက အမေရိကန် ဖြစ်ပြီး စင်ကာပူနိုင်ငံက အခုမှသာ ရေသူမတွေကို စတင် မွေးမြူနေတာ ဖြစ်ပါတယ်။ ရေသူမကျောင်းကို ၀င်ခွင့်ကလည်း အလွယ်တကူ ရရှိခဲ့တာ မဟုတ်ပါဘူး။ ၀င်ခွင့်ကို အထပ်ထပ် ဖြေဆို အောင်မြင်ပြီး သင်ကြားမယ့် သူတွေက စိတ်ကြိုက်တွေ့ မှသာ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနောက်ဆုံး တစ်သုတ် မှာဆိုရင် ၀င်ခွင့်ဖြေတဲ့ အမျိုးသမီး ၅၀ ဦးအနက် ၂ ဦးကိုပဲ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ခါ ရွေးချယ်ထား သမျှ အမျိုးသမီး တွေကလည်း အောင်အောင် မြင်မြင် ထွန်းထွန်း ပေါက်ပေါက် ဖြစ်ကြတာ မဟုတ်ပါဘူး။ အဲဒီ နှစ်ဦးဟာ ဆိုရင် ကျောင်းကို တစ်ပတ်ပဲ တက်ပြီး နုတ်ထွက်ခဲ့ကြ ပါတယ်။ 

စင်္ကာပူက ပူပါတယ်။ တစ်နှစ်ပတ်လုံး ကို ၇၂ ဒီဂရီ ဖာရင်ဟိုက် လောက် ရှိပါတယ်။ ဧည့်သည် တွေကို ဖျော်ဖြေဖို့  ရေထဲကို ခုန်ဆင်းရတာ ရေက အေးပါတယ်။ တော်ရုံ ကျန်းမာရေး ကောင်းရုံနဲ့ တော့ ဒီဒဏ်ကို ခံနိုင်မှာ မဟုတ်ပါဘူး။ သူတို့  အသုံးတော်ခံ ရတဲ့ ဖန်ရေကန်ကြီး ထဲကို ရေဂါလံ ၁၁၇ သန်း က တစ်နာရီကို ၅ မိုင်နှုန်းနဲ့  စီးဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေကန်ထဲမှာ ရေသူမ တွေချည်း ရှိတာ မဟုတ်ပါဘူး။ သဘာဝ ကျအောင် သဘောဝ လိပ်တွေ၊ ငါးတွေ ထည့်ထားလေတော့ အဲဒီသတ္တ၀ါတွေ ကိုက်တာ ကိုလည်း ခံရပါသေး တယ်။ ဒါတွေ ကြောင့်လည်း တော်ရုံ မိန်းကလေးကို မရွေးသလို တော်ရုံ ဇွဲသတ္တိနဲ လည်း ပလက်တီနမ် တို့ ၊ ရွှေတို့  မပြောနဲ့ ၊ ကြေးအဆင့်၊ ငွေအဆင့် ကိုတောင် ဖြတ်ကျော်ဖို့  မလွယ်လှ ပါဘူး။ 

သို့ သော် ရေသူမလေး တွေဟာ ခရီးသွားကြ ရပါတယ်။ TV Show တွေမှာ ဖျော်ဖြေခွင့် ရကြပါတယ်။ မိန်းကလေးတွေ သည်းခြေကြိုက် တဲ့ ထင်ပေါ် ကျော်ကြားမှုကို ရရှိကြ လေတော့ ရေသူမ ဖြစ်ပြီးသွားရင် ပြန်ပြီးတော့ လက်မလွှတ် ချင်ကြတော့ ပါဘူးလို့  စင်ကာာပူရဲ့  ထူးခြားတဲ့ ရေသူမ သင်တန်းကျောင်း အကြောင်းကို လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။



ရတနာပုံနေ့စဉ် ၊ စာ(၃၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger