www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 5, 2015

ပန်းပင်လှည့် မြေ၀ိုင်းသဘင်ဖျော်ဖြေမှု နိုင်ငံခြားသားများ အထူးနှစ်ခြိုက်



ရန်ကုန် ၊ ၅-၁၀-၂၀၁၅

The Yangon Gallery နှင့် ဧရာဘဏ်တို့ ကူညီပံ့ပိုးပြီး အနုသဘင် ဒါရိုက်တာ မန္တလေး သိန်းဇော် စီစဉ် တင်ဆက်သည့် ''ပန်းပင်လှည့် မြေဝိုင်းသဘင်'' ဖျော်ဖြေပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ဥယျာဉ်ရှိ The Yangon Gallery ၌ ကျင်းပသည်။

အဆိုပါ မြေဝိုင်းသဘင် သည် မြန်မာ့သဘင် သမိုင်း၏ အထင်ကရ ဖြစ်ခြင်းကြောင့် ကြည့်ရှု အားပေးသူ များတွင် အရွယ်သုံးပါး ပါဝင်ပြီး နိုင်ငံခြားသားများ အထူးအားပေး နှစ်ခြိုက်သည့် ဖျော်ဖြေပွဲ တစ်ပွဲလည်း ဖြစ်ခဲ့သည်။

The Yangon Gallery က စီစဉ် ကျင်းပသည့် မုတ်သုံရာသီ အနုပညာပွဲတော် ၂ဝ၁၅ ၏ ပွဲများတွင် ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲများ ကဲ့သို့ အနုပညာ ပြပွဲများ တစ်နှစ်ပတ်လုံး ကျင်းပလျက် ရှိသော်လည်း အငြိမ့်၊ သဘင်ပွဲများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ ယမန်နေ့ ကျင်းပသည့် မြေဝိုင်းသဘင်သည် The Yangon Gallery ၏ ပထမဆုံး ကျင်းပသည့် ဖျော်ဖြေပွဲ တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

''ဆရာ့အသက် ၇၄ နှစ်ရှိပါပြီ။ ဒီပွဲမျိုးက ကြည့်လည်း ကြည့်ရခဲတယ်။ ငယ်ငယ်တုန်းက တစ်ခါနှစ်ခါ လောက်ပဲ ကြည့်ဖူးပါတယ်။ ဒီပွဲကို မြေဝိုင်းအကလို့ ခေါ်ပြီး ရှေးခေတ်ကတော့ အနိမ့်သဘင်လို့ ခေါ်ကြတယ်။ ဘာလို့ အနိမ့်သဘင်လို့ ခေါ်လည်း ဆိုတော့ မြေပေါ်မှာ ကလို့ပါ။ အဲဒီခေတ်က အနိမ့်သဘင် ရှိမယ်၊ ရုပ်သေးက အမြင့်သဘင်၊ မြန်မာ့ယဉ်ကျေးမှု က အနိမ့်သဘင်ကို သမားစဉ်လေး တွေနဲ့ ကတာပါ။ အဲဒီ သမားစဉ် တွေကို ဆရာတို့က နားလည်း မလည်၊ ဒီလိုခေတ်မှာ ရှားရှားပါးပါး ကြည့်ခွင့်လည်း ရတယ်ဆိုတော့ ကြည့်ရခဲတယ် ဆိုပြီး လာကြည့်တာပါ။ ဒါဟာ မြန်မာတို့ရဲ့ ရှေးအကျဆုံး ယဉ်ကျေးမှု တစ်ခုလို့ ပြောလို့ ရပါတယ်။ ဒီအတွက် ကိုယ့်ယဉ်ကျေးမှု ကို နားလည်အောင် နောင်လာ နောက်သား များကိုလည်း ပြောပြလို့ ရအောင် လာကြည့်တာပါ '' ဟု ဓာတ်ပုံ ပညာရှင် ဆရာ ဦးမြင့်သိန်းဖေ က ပြောသည်။

မြေဝိုင်းသဘင် ဖျော်ဖြေမှုသည် ရှေးခေတ် မြန်မာတို့၏ အနုပညာ ဖျော်ဖြေပွဲ တစ်ရပ်ဖြစ်သည့် အတွက် ''မြန်မာ့ ဇာတ်သဘင် အစ မြေဝိုင်းက'' ဟု မြန်မာမှု နယ်ပယ်၌ ဆိုစကား ရှိသော်လည်း ယနေ့ မျက်မှောက်ခေတ်တွင် တဖြည်းဖြည်း မှေးမှိန် ကွယ်ပျောက်လု နီးပါးဖြစ်သည်။ မြေဝိုင်း ဖျော်ဖြေမှု၌ ပါဝင်သည့် မင်းသား၊ မင်းသမီး၊ ဇာတ်ရုပ် ဇာတ်စုံ တို့က ဆိုင်း၊ ကြေး၊ နှဲ၊ ခြောက်လုံးပတ်၊ စည်းဝါး၊ လင်းကွင်း စသည့် တူရိယာများဖြင့် တီးမှုတ် သီဆိုကာ သစ်ပင်ရိပ်ကြီးသည့် မြေကြီးဗလာ တွင် ဖျော်ဖြေကပြ ကြခြင်း ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ကျင်းပသည့် ပန်းပင်လှည့် မြေဝိုင်းသဘင် ဖျော်ဖြေ တင်ဆက်ခြင်းသည် တစ်ကြိမ်တစ်ခါမှ မမြင်ဘူး သေးသည့် ခေတ်လူငယ် များနှင့် နိုင်ငံခြားသားများ အတွက် ဗဟုသုတ များစွာ ရရှိမည်ဖြစ်ပြီး တန်ဖိုးရှိသည့် မြန်မာ့ ယဉ်ကျေးမှုကို မြင်တွေ့ခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်ကြောင်း ၄င်းဖျော်ဖြေပွဲမှ သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger