www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 12, 2015

ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ကို ဆက်သွယ် ပေါင်းကူးပေးမည့် ကုက္ကိုဝတံတား တည်ဆောက်နေ


ပန်းလှိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော ကုက္ကိုဝတံတား ကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၂-၁၀-၂၀၁၅

ရန်ကုန် မြောက်ပိုင်းခရိုင် နှင့် ဧရာဝတီတိုင်း ဒေသကြီးသို့ ဆက်သွယ်နိုင်မည့် ထန်းတပင် မြို့နယ်ရှိ ပန်းလှိုင်မြစ်ကို ဖြတ်သန်း တည်ဆောက် နေသော ကုက္ကိုဝ တံတားသည် ယခုအခါ ၆ဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

တစ်ချိန်က ထန်းတပင်မြို့မှ ဘောလည်ကျွန်းသို့ သွားလာလိုလျှင် ဘောလည်မြစ်၊ ကုက္ကိုဝမြစ် တို့မှ လှေ၊ စက်လှေများဖြင့် သွားလာရသည်။ ကုန်းလမ်း ဆိုလျှင်လည်း ထန်းတပင်မြို့မှ ရွှေပြည်သာမြို့၊ မှော်ဘီမြို့ တို့ကို ဖြတ်သန်း၍ မြို့ချောင်း တံတားမှ လှည့်ပတ်ကာ ဘောလည်ကျွန်း ကို သွားလာရသည်။ ထို့ကြောင့် ခရီးသွားလာ ရေးတွင် အခက်အခဲ များဖြင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှ ခရီးသွား ပြည်သူများ အချိန်ကုန်ခဲ့ ရသည်။

ယင်း အခက်အခဲ များကို ကျော်လွှားနိုင်ရန် အတွက် နိုင်ငံတော်မှ ဧပြီ ၁ ရက်တွင် ကုက္ကိုဝ တံတား တည်ဆောက်ရေး စီမံကိန်းကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ကုက္ကိုဝ တံတားသည် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှည်းဆိပ်- လမုတန်း- ထန်းတပင် လမ်းပေါ်တွင် တည်ရှိ သောကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှ လာသော ခရီးသွား ပြည်သူများ အနေဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြော ထူထပ်မှုကို ရှောင်ကွင်း နိုင်သော ပုသိမ်- ရန်ကုန်လမ်း မှသည် ရန်ကုန်- ထန်းတပင် လမ်းအတိုင်း ကုက္ကိုဝ တံတားကိုဖြတ်၍ ရန်ကုန်-ပြည်လမ်းမ ကြီးမှတစ်ဆင့် မှော်ဘီမြို့သို့ သွားလာ နိုင်သည့်အပြင် ထိုတံတား မှပင် လှည်းဆိပ်- လမုတန်း- ထန်းတပင် လမ်းအတိုင်း ဥတို- တောလတီ အဖျောက်လမ်း မှတစ်ဆင့် တိုက်ကြီးမြို့သို့ လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်သည်။

တံတားကြီး တည်ဆောက်မှု ပြီးစီးပါက ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးမှ ကုန်စည်များ စီးဆင်းမှု မြန်ဆန်စေသည့် အပြင် ဘောလည်ကျွန်းမှ ထွက်ရှိသော ရေထွက်ပစ္စည်း၊ သီးနှံမျိုးစုံနှင့် ဆန်စပါး ပို့ဆောင်မှုလည်း မြန်ဆန်စေမည် ဖြစ်သည်။

ကုက္ကိုဝ တံတားသည် ပင်မတံတား အရှည် ၂၂၇၈ ပေ၊ ၈ လက်မ (၆၉၄ ဒသမ ၅မီတာ) ဖြစ်ပြီး ယာဉ်သွားလမ်း အကျယ်မှာ ၂၈ ပေ (နှစ်လမ်းသွား) ၊ လူသွားလမ်း အကျယ် တစ်ဖက်လျှင် ၃ ပေ (နှစ်ဖက်) ဖြစ်၍ ခွင့်ပြုသော အလေးချိန်မှာ ၇၅ တန်(ယာဉ်တစ်စီးချင်း) ဖြစ်သည်။

တံတား အမျိုးအစားမှာ ၄ ပေနှင့် ၅ ပေ ဘိုးပိုင်အုတ်မြစ် Foundation ဖြစ်ပြီး အပေါ်တွင် သံမဏိရက်မ သံမဏိသံပေါင် နှင့် သံကူ ကွန်ကရစ် ကြမ်းခင်း တို့ဖြင့် တည်ဆောက် ထားနေခြင်း ဖြစ်ကြောင်း သိရသည်။

ညောင်ဦးဖီး

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger