ညောင်ဦး ၊ ၇-၉-၂ဝ၁၅
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ အာနန္ဒာဘုရား တွင် လုံခြုံရေး ကင်မရာ ၈၂ လုံး တပ်ဆင်ပြီးစီး ခဲ့ကြောင်း Leo CCTV ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။
အာနန္ဒာဘုရား တွင် အရံစေတီ တစ်သောင်း၊ မုခ်ပေါင်း တစ်ထောင်၊ လမ်းသုံးသွယ် ရှိရာ စေတီတော် ပတ်လမ်းများနှင့် ရင်ပြင်တော် သွားလာသူ များအား လုံခြုံရေး စောင့်ကြည့် နိုင်ရန် ကင်မရာများ တပ်ဆင်ရခြင်း ဖြစ်သည်။
ယခင်က လုံခြုံရေး ကင်မရာ ၁၆ လုံးအထိ တပ်ဆင်ခဲ့ပြီး သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့မှ ဆက်သွယ်သည့် အတွက် အဓိကကျသော နေရာများတွင် ဂေါပကအဖွဲ့၏ လမ်းညွှန်မှုနှင့် အတူ ဇူလိုင်လမှ စတင်ကာ တပ်ဆင်ခဲ့ ခြင်း ဖြစ်ကြောင်း၊ တပ်ဆင်ရာတွင် ကြိုးသုံးရသည့် စနစ်များ သောကြောင့် ကုန်ကျစရိတ် ပိုမိုများပြားပြီး ကင်မရာ တစ်လုံးလျှင် ကျပ်သိန်း ၄ဝ မှ ၅ဝ အတွင်း ရှိသော်လည်း ဘုရားတွင် ကုန်ကျစရိတ် သက်သာစေရန် ဆောင်ရွက်ပေး ထားကြောင်း သိရသည်။
အဆိုပါ လုံခြုံရေး ကင်မရာများဖြင့် အခန်းတွင်းမှ နေ့ညမပြတ် စောင့်ကြည့်ရေး အဖွဲ့မှ မသမာသူ များ၏ လှုပ်ရှားမှုအား အလွယ်တကူ တွေ့မြင်ရမည် ဖြစ်ပြီး အသံစနစ် ထည့်သွင်း ထားခြင်းကြောင့် ချက်ချင်း အရေးယူ ဆောင်ရွက် နိုင်မည် ဖြစ်သည်။
၂ဝ၁၄ ခုနှစ် အတွင်းက အာနန္ဒာဘုရား အား ရွှေသင်္ကန်း ကပ်လှူပြီး ငြမ်းမဖျက်ရ သေးမီအချိန်တွင် ဘုရားပေါ်ရှိ စိန်ဖူးတော် အခိုးခံရမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ရွှေ ၆၃ ကျပ်သားကျော် ပြန်လည် ဖမ်းဆီး နိုင်ခဲ့သည်။
ဒုတိယအကြိမ် အနေဖြင့် ဖေဖော်ဝါရီလ အတွင်း စေတီတော် လိုဏ်ဂူအတွင်းရှိ အလှူခံပုံး ဖောက်ယူခံ ရခြင်းကြောင့် လုံခြုံရေးပိုမို ကောင်းမွန်စေရန် တပ်ဆင်ရခြင်း ဖြစ်ကြောင်း သိရသည်။
စိုးမိုး
မြဝတီနေ့စဉ် ၊ စာ(၁၂)
#Themyawadydaily






No comments:
Post a Comment