www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 17, 2015

ကားပါကင် ထောက်ခံချက်ဖြင့် တင်သွင်းလာပြီး သတ်မှတ်နေရာတွင် ရပ်နားခြင်းမရှိသည့် ယာဉ်အစီးရေ ၄၇ စီးကို ဖမ်းဆီး အရေးယူထား



ရန်ကုန် ၊ ၁၇-၈-၂၀၁၅

ရန်ကုန်မြို့ အတွင်း၌ ကားပါကင် ထောက်ခံချက်ဖြင့် တင်သွင်းလာသည့် ယာဉ်များ သတ်မှတ် ထားသည့် ပါကင် မြေနေရာတွင် ရပ်နားခြင်း မရှိသည့် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဖမ်းဆီး အရေးယူမှု ပြုလုပ်ရာ လက်ရှိတွင် ယာဉ်အစီးရေ ၄၇ စီးအထိ ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

''ပါကင် မြေနေရာမှာ ရပ်နားခြင်း ရှိ၊ မရှိ စစ်ဆေးမယ်လို့ ကျွန်တော်တို့ ကြိုပြောပြီးမှ စစ်ဆေးမှု ပြုလုပ်တာပါ။ စစ်ဆေးမှု ပြုလုပ်လို့ သိပ်မကြာမီမှာ ကားပါကင် ထောက်ခံချက်နဲ့ တင်သွင်းလာပြီး သတ်မှတ် နေရာမှာ ရပ်နားမှု မပြုလုပ်တဲ့ ယာဉ်အစီးရေ ၄၇ စီးကို ဖမ်းဆီးရမိ ပါတယ်။ ဖမ်းဆီးရမိတဲ့ ယာဉ်တွေကို လည်း နောက်နောင် ဒီလိုမျိုး ထပ်မလုပ်အောင် ပြင်းပြင်းထန်ထန် ဒဏ်ရိုက် သွားမှာပါ '' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် အဆိုပါ ဖမ်းဆီး ထားသည့် ယာဉ်အစီးရေ ၄၇ စီးကို ရန်ကုန်မြို့တော် စည်ပင် အများပိုင်မြေ များနှင့် အများပြည်သူပိုင် လမ်းမများ ပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ရပ်နားထားသည့် အတွက် စည်ပင် သာယာရေး ဥပဒေပုဒ်မ (၆၈)ဖြင့် တရားစွဲ ဖမ်းဆီး အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးရာ ဌာနသည် ဖမ်းဆီးရမိသည့် ယာဉ်များကို အနိမ့်ဆုံး ဒဏ်ငွေ ကျပ် ၁ဝဝဝဝ မှ ကျပ် ၅ဝဝဝဝဝ အထိ ဒဏ်ရိုက် အရေးယူမှု ပြုလုပ်မည် ဖြစ်ပြီး လိုအပ်ပါက ထောင်ဒဏ်ပါ ချမှတ် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ အတွင်း၌ ကားပါကင် ထောက်ခံချက်ဖြင့် တင်သွင်းလာပြီး သတ်မှတ် နေရာတွင် ရပ်နားခြင်း မရှိသည့် ယာဉ်များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ ရေရှည် စီမံချက်ဖြင့်
ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger