www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 17, 2015

ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကိုယ်စားလှယ် ရုံးခွဲ ဂျပန်နိုင်ငံ၌ သွားရောက် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်နေ



ရန်ကုန် ၊ ၁၇-၈-၂ဝ၁၅

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကိုယ်စားလှယ် ရုံးခွဲတစ်ခုကို ဂျပန်နိုင်ငံ၌ သွားရောက် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် လိုအပ်သည့် လေ့လာ စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

''ကမ္ဘာက မြန်မာနိုင်ငံကို ခရီးစဉ် တစ်ခု အနေနဲ့ ပိုမိုသိရှိ လာအောင် လုပ်တာပါ။ ဒီနှစ်အတွင်း မှာပဲ ဧပြီ ၉ ရက်က အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ မြို့မှာ မြန်မာခရီးသွား မြှင့်တင်ရေး ကိုယ်စားလှယ် ရုံးခွဲတစ်ခု ဖွင့်လှစ်ခဲ့ ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ မြန်မာနိုင်ငံကို အများဆုံး လာတဲ့နိုင်ငံ တွေမှာ ကိုယ်စားလှယ် ရုံးခွဲတွေ ဖွင့်ချင် ပါတယ်။ လက်ရှိကတော့ အသင်းရဲ့ ဘတ်ဂျက် အခြေအနေ အရ အလားအလာ အကောင်းဆုံး ဖြစ်နိုင်မယ့် နိုင်ငံတွေမှာ အရင်သွားရောက် ဖွင့်လှစ်တာပါ'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဖြိုးဝေရာဇာ က ပြောသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဈေးကွက် မြှင့်တင်ရေး ကော်မတီ အနေဖြင့် ယခုနှစ် အတွက် မျှော်မှန်းထားသော နိုင်ငံခြား ခရီးသွား ဧည့်သည် ငါးသန်းပြည့်မီ နိုင်စေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာ လေကြောင်းလိုင်း များကို ပိုမိုတိုးချဲ့ ပျံသန်းပြေးဆွဲ လာနိုင်ပါက နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု တိုးတက် လာနိုင်မည် ဖြစ်ပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးစေရန် အထောက်အပံ့ တစ်ခုပင် ဖြစ်သည်။ 

ထို့အပြင် ယခုနှစ် သြဂုတ် ၁၁ ရက်တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အကြား ၁၄ ရက် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် ရရှိခြင်း မှာလည်း နှစ်နိုင်ငံ အပြန်အလှန် ခရီးသွား လုပ်ငန်းများ တိုးတက် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီဇာ ကင်းလွတ်ခွင့်ကို မြန်မာ- ထိုင်း နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် ကနဦး သဘော တူညီချက် အနေဖြင့် နှစ်နိုင်ငံသို့ လေကြောင်းမှ လာရောက်သူများ ကိုသာ စတင် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြဝတီနေ့စဉ် ၊ စာ(၄)

#Themyawaydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger