www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 19, 2015

ဝိရောဓိ ကုထုံး ဆေးချက်များ


ဝိရောဓိ ကုထုံး ဆေးချက်များ

ကြည်မြင့်လွင် (မုဒြာ)

ရိုးရာဆေးပညာ (Traditional Medicine) တွင် ဆေးချက်ချသည် ဟူသော စကားရှိသည်။ ရောဂါ၏ လက္ခဏာကို ခန့်မှန်း၍ အပူနာဆိုလျှင် အအေးဆေး ချက်ချသည်။ အအေးနာ ဆိုလျှင် အပူဆေးချက် ချသည်။ ဤသည်မှာ ဆေးပညာ ဥပဒေအတိုင်း ပုံမှန် ဆေးချက်ချခြင်း ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ ထူးဆန်း၍ ဖောက်ပြန်သော ရောဂါများနှင့် တွေ့သောအခါ ဝါရင့်သော ဆေးဆရာကြီး များသည် အပူလည်း မဟုတ် အအေးလည်း မဟုတ်သော ဆေးချက်ကို ချလေ့ ရှိသည်။ ဤဆေးချက်ကို 'ဝိရောဓိ' ဆေးချက်ဟု ခေါ်သည်။

အတက်ရောဂါ ရှိသော လေးနှစ်ခွဲ အရွယ် မိန်းကလေး တစ်ဦး ကို တွေ့ဖူးသည်။ ငယ်စဉ်က ဘာရောဂါမှ မဖြစ်ဖူး။ လေးနှစ်ကျော်မှ ရုတ်တရက် ဖြစ်လာသော ရောဂါကြောင့် မိဘများမှာ ငွေကုန်လူပန်း ဖြစ်ရသည်။ အထူးကု ဆရာဝန်ကြီး များကိုပြသည်။ ဆေးသောက်လျှင် ခေတ္တခဏ မျှသာ သက်သာပြီး ပြန်တက် သည်။ တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ် တက်ရာမှ လေးကြိမ်၊ ငါးကြိမ် အထိတက်ပြီး ဆိုးလာသည်။ ဦးခေါင်းတွင် အကျိတ်ရှိ၊ မရှိ CT, MRI စက်ကြီးများဖြင့် ရောဂါရှာဖွေ သော်လည်း မတွေ့ဟု ဆိုသည်။ 

ထိုကလေးကို တိုင်းရင်းဆေးဖြင့် ပျောက်ကင်း နိုင်မည်လားဟု အပ်နှံကုသ ကြသည်။ တိုင်းရင်းဆေးခန်း သုံးဆေး (အအေး) များပေးပြီး ကုသသောအခါ နှာစေးနှာပိတ် ဖြစ်ပြီး အတက်ရောဂါ မှာလည်း မသက်သာ ဖြစ်ရသည်။ အအေး ဆေးချက်ဖြင့် မသက်သာသဖြင့် (အပူ) ဆေးချက်များ ပေးကြည့်သော အခါတွင်လည်း ပို၍ပင် တက်လာသည်ကို တွေ့ရသည်။ တန်ဖိုး ကြီးမားသော တိုင်းရင်း မြန်မာဆေး ဆရာကြီးများ လက်သုံးဆေး ဖြစ်သည့် 'အဘိဉာဉ်' ဆေးကြီးတွင် စပါးကြီး သည်းခြေ၊ ဝက်ဝံ သည်းခြေ၊ မိကျောင်း သည်းခြေတို့ ပါဝင်သည်။ ထို အစွမ်းထက်ဆေး၊ တန်ဖိုးကြီး ဆေးကို ပေးသော်လည်း ထိုကလေး၏ အတက်ရောဂါမှာ မသက်သာပါ။

ထိုကလေးကို ဆေးများဖြင့် မသက်သာသဖြင့် ဓာတ်စာကုထုံး ဘက်သို့ လှည့်၍ကုသည်။ ဓာတ်စာများ တွင်လည်း အအေးဓာတ်စာ ၊ အပူဓာတ်စာဟူ၍ ရှိသည်။ ထိုကဲ့သို့ ဓာတ်စာများ ပေးရင်းပေးရင်း အဆင် မပြေဖြစ်ရာမှ ဓာတ်စာ တစ်မျိုးနှင့် အဆင်ပြေ သလို ဖြစ်လာသည်။ ကလေး အတက်လုံးဝ မပျောက်သေး သော်လည်း ခြားလာသည်၊ အကြိမ်လျော့ လာသည်ကို တွေ့ရသည်။ ထို ဓာတ်စာမှာ ဝိရောဓိ ဆေးချက် ဓာတ်စာ ဖြစ်သည်။

ကလေးကို ပေးသော ဓာတ်စာမှာ နွားနို့စစ်စစ်ကို ဆူပွက်အောင် ကျိုချက်ပြီး အပေါ် တက်လာသော မလိုင်ဖတ် များကို ဖယ်ပစ်လိုက်သည်။ ထိုနွားနို့ ပူပူကို ဖန်ခွက် တစ်ခွက်တွင် ထည့်ပြီးနောက် နနွင်းမှုန့် တစ်ဇွန်း (ဟင်းစားဇွန်း) ထည့်ပြီး သမအောင် ရောမွှေသည်။ နနွင်းမှုန့်သည် ဆန်မှုန့် မပါသော၊ မှိုမတက်သော နနွင်းမှုန့် စစ်စစ်ကို အသုံးပြု ရမည်။

အပူနှင့် အအေး ရောသော ဝိရောဓိ ဆေးချက် ဓာတ်စာဟု ဆိုရခြင်းမှာ နွားနို့သည် အားရှိစေသော ပထဝီဓာတ် နှင့် အာပေါဓာတ် ပါဝင်သော အအေးဓာတ်စာ ဖြစ်သည်။ ထိုနွားနို့ အအေးဓာတ်စာ ထဲသို့ ဆန့်ကျင်ဘက် အပူဓာတ် သက်ရောက်သည့် နနွင်းကို ထည့်သည်။ နနွင်းသည် ဥဏှတေဇော ဟုခေါ်သော အပူတေဇော ဓာတ်ကိန်း အောင်း နေသည်။ အစာကြေ စေသော သတ္တိနှင့် သွေးကို ပူနွေးစေသော သတ္တိရှိသည်။ အဝါရောင် အဆင်းရှိပြီး အသားအရေကို လှပ စိုပြည် စေနိုင်သည်။ မီးနေသည် ကလေးမွေးပြီး သူများသည် မီးတွင်း ခုနစ်ရက်လုံး နနွင်းစား ရသည်။ နနွင်းမှုန့်ကို ရေဖျော်ပြီး လိမ်းရသည်မှာ မြန်မာ့ရိုးရာနည်း ဖြစ်သည်။

နွားနို့၏ ကောင်းကျိုး မှာလည်း များစွာရှိသည်။ အင်အားကို ဖြစ်စေသည်။ အရိုးအဆစ် များကို သန်မာစေသည်။ ကာယအား သာမက ဉာဏအား ကိုပါ ကောင်းစေသည်။ ရောဂါဒဏ်ကို ခံနိုင်စေသည်။ တေဇောဓာတ် အနေဖြင့်၊ သီတ တေဇောဓာတ် ကိန်းအောင်းသော ဓာတ်စာ ဖြစ်သည်။ နနွင်းတွင် ဆန့်ကျင်ဘက် ဥဏှ တေဇောဓာတ် ပါဝင်သဖြင့် နနွင်းနှင့် နွားနို့ ပေါင်းစပ်သော အခါ မတူသော အကျိုးပေး နှစ်ခုသည် အင်အားနှစ်မျိုး ဖြစ်ကာ ရောဂါကို တွန်းလှန်သည်ဟု ယူဆရမည် ဖြစ်သည်။ ချဉ်သီးကို ဆားနှင့် တို့စားခြင်း သည်လည်း ဤနည်းတူပင်။ အပူနှင့် အအေးတွေ့ပြီး စားကောင်းသော အရသာအဖြစ် ဖန်တီးပေးရာ ရောက်သည်။ အပူအအေး တို့၏ သဘောကို တစ်ဖက်စွန်း မရောက်အောင် ထိန်းကျောင်း ခြင်းသည် ဆေးဆရာ ကောင်းတို့၏ ပညာဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger